Saturday 26 May 2012

တစ်ပါတ်အတွင်း စိတ်ဝင်စားဖွယ်ရာ စီးပွားရေးသတင်း

ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း ကမ္ဘာ့စီးပွားရေးလောကကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ သတင်းတွေကတော့ ကမ္ဘာကျော် လူမှုဆက်ဆံရေးအင်တာနက်ကွန်ယက် Facebook ရဲ့ ပထမဆုံးထုတ်ရောင်းထားတဲ့ ရှယ်ယာတွေ ဈေးထိုးကျသွားပြီး Facebook ရှယ်ယာတွေဈေးကွက်တင်ဖို့ အကျိုးဆောင်ပေးတဲ့ ရင်းနှီးမြုပ်နှံမှုဘဏ် မော်ဂန်စတန်လေ (Morgan Stanley) နှင့် Facebook ရဲ့အမှုဆောင်အရာရှိချုပ်  Mark Zuckerberg တို့ကို Facebook  ရဲ့အနာဂါတ် ဝင်ငွေ အလားအလာသိပ်မကောင်းနိုင်ဘူးဆိုတဲ့ ခန့်မှန်းချက်အား ရင်းနှီးမြုပ်နှံသူ အများစုမသိအောင် ထိမ်ချန်ထားတယ်ဆိုပြီး တရားစွဲခံနေရတယ် ဆိုတဲ့အကြောင်းပါ။ ဒီအကြောင်းတွေက မြန်မာနိုင်ငံမှာ မကြာခင်တည်ထောင် ဖွင့်လှစ်တော့မယ်ဆိုတဲ့ အစုရှယ်ယာဈေးကွက် (Myanmar Stock Exchange) မှာရှယ်ယာတွေဝယ်ပြီး ရင်းနှီးမြုပ်နှံဖို့ပြင်နေသူတွေ အတွက် စိတ်ဝင်စားစရာကောင်းတာမို့ တင်ပြလိုက်ပါတယ်။

တကယ်တော့ Facebook ရဲ့အဓိကဝင်ငွေရလမ်းဟာ ကြော်ငြာမှရငွေဖြစ်ပါတယ်။  Facebook ကို သုံးတဲ့သူတွေရဲ့ ကိုယ်ရေးရာဇဝင်၊ အမူအကျင့်၊ အလေ့အထ နဲ့ ကြိုက်နှစ်သက်မှု စတဲ့ အချက်အလက်တွေကို သေသေချာချာ မှတ်တမ်းတင်ထားတဲ့အတွက် စီးပွာရေးလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူဖို့ အလားအလာရှိသူတွေအား ဦးတည်ပြီး ကြော်ငြာနိုင်ပါတယ်။ ဥပမာ Facebook အသုံးပြုသူတယောက်က သူရဲ့ ကိုယ်ရေးမှတ်တမ်းမှာ လူလွတ်ကနေ စေ့စပ်ပြီးလို့ ပြောင်းလိုက်တာနဲ့ မင်္ဂလာအခမ်းအနားစီစဉ်တဲ့ ကုမ္ပဏီတွေ၊ Honeymoon ခရီးစဉ်စီစဉ်တဲ့သူတွေက သူတို့ရဲ့ ဝန်ဆောင်မှုတွေကို အဆိုပါ  Facebook သုံးသူထံ တိုက်ရိုက်ကြော်ငြာနိုင်ပါတယ်။

တကမ္ဘာလုံးမှာ Facebook အသုံးပြုသူပေါင်း သန်း ၉၁၀ ခန့်ရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းကြီးတွေ အတွက်ကတော့ Facebook ဟာ တကယ်ကို အရေးပါတဲ့ ကြော်ငြာပလက်ဖေါင်းကြီး တခုပါဘဲ။ ဒီအတွက်ကြောင့်ဘဲ Facebook အသုံးပြုသူတယောက်ဟာ စီးပွာရေးလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ ၁၀၀ ကျော်ခန့်တန်တယ်လို့ သုံးသပ်ကြပြီး Facebook ရဲ့တန်ဖိုးကို ဒေါ်လာ ၁၀၀ ဘီလျံ (သန်းတစ်သိန်း) ကျော်ခန့်မှန်း၍ အစုရှယ်ယာ တစ်စုလျင် ၃၈ ဒေါ်လာ ဈေးဖွင့်ပြီး မေလ ၁၈ ရက်နေ့မှာ စတော့ဈေးကွက်တင်ပြီး အများပြည်သူကို စတင်ရောင်းချခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ Facebook ကို စတင်ထူထောင်သူ Mark Zuckerberg နဲ့ ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူတစုက ပိုင်ဆိုင်ပါတယ်။ အဲဒီလို ရင်းနှီးမြုပ်နှံသူတဦးကတော့ အာစင်နယ် ဘောလုံးအသင်းရဲ့ အဓိကရှယ်ယာရှင်တဦးဖြစ်တဲ့ အလီရှာ အူစမာနော့ဖြစ်ပြီး အစုရှယ်ယာ တစ်စုလျင် ၃၈ ဒေါ်လာ ဈေးဖွင့်ပြီးစရောင်းတဲ့အတွက်  သူ့ရဲ့ Facebook မှာရင်းနှီးမြုပ်နှံမှုတန်ဘိုး ဟာ ဒေါ်လာ ၅ ဘီလျံခန့် ထိတန်ဖိုးရှိသွားမယ်လို့ ခန့်မှန်းကြပါတယ်။

Facebook ရဲ့ရှယ်ယာတွေကို ဝယ်ယူမြုပ်နှံလိုသုတွေများတဲ့ အတွက် စတင်ရောင်းချတဲ့ရက်မှာဘဲ ရှယ်ယာ သန်း ၅၀၀ ကျော် လက်ပြောင်းလက်လွဲဖြစ်ခဲ့ပြီး အမြင့်ဆုံးဈေး ၄၂ ဒေါ်လာခန့်အထိတောင် ခဏ ရောက်သွားခဲ့ပါသေးတယ်။ နောက်ရက်တွေမှာတော့ Facebook လို အင်တာနက်လူမှုဆက်ဆံရေးကွန်ယက် တခုကို တခြားနာမည်ကျော် ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဖို့(ဒ)ကားကုမ္ပဏီ (Ford)၊ ဒစ်စနေ ဖျော်ဖြေရေးကုမ္ပဏီ (Disney) တို့ထက် ပိုပြီးတန်တယ်ဆိုပြီး ဈေးဖြတ်တာကို စတင် မေးခွန်းထုတ်လာကြပါတယ်။

ရင်းနှီးမြုပ်နှံမှုသုံးသပ်သူအချို့ကတော့ Facebook အသုံးပြုသူ သန်း ၉၀၀ ကျော်အနက် ဖွံဖြိုးပြီး နိုင်ငံတွေက အသုံးပြုသူ သန်း ၃၀၀ ကျော်ခန့်ကသာ ကြော်ငြာရှင်တွေအတွက် တကယ်တန်ဖိုးရှိနိုင်တယ်လို့ ဝေဖန်လာကြပါတယ်။ အဲဒါအပြင် မိုဘိုင်းအင်တာနက်အသုံးပြုမှု တွင်ကျယ်လာတဲ့အတွက် ဖွံဖြိုးပြီးနိုင်ငံတွေက သုံးစွဲသူတွေအနေနဲ့  Facebook ကို  စမတ်ဖုန်းတွေကတဆင့်ချိတ်ဆက် အသုံးပြုလာကြပါတယ်။ စမတ်ဖုန်းဖန်သားပြင်က ကွန်ပျူတာစကရင်တွေထက် အများကြီး သေးငယ်တဲ့အတွက် ကြော်ငြာတွေထည့်ဖို့ သိပ်အဆင်မပြေပါဘူး။ ဒီအချက်တွေကြောင့် Facebook ရဲ့ အနာဂါတ်ဝင်ငွေ တိုးတက်မှုကို ထိခိုက်စေနိင်တယ်လို့ သုံးသပ်ကြပြီး ရှယ်ယာစတင်ထုတ်ရောင်းပြီး တစ်ပါတ်အကြာမှာတော့ ရှယ်ယာဈေးက ၃၂ ဒေါ်လာလောက်ဘဲရှိပါတော့တယ်။

တကယ်တော့ ဒီလို အနာဂါတ် ဝင်ငွေ အလားအလာသိပ်မကောင်းနိုင်ဘူး ခန့်မှန်းသုံးသပ်မှုဟာ ရှယ်ယာတွေ အများပြည်သူကို ထုတ်ရောင်းဖို့ လိုအပ်ချက်အနေနဲ့ သက်ဆိုင်ရာ စတော့အိပ်ချိန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်တွေထံ Facebook  က တင်သွင်းရတဲ့ အစီအရင်ခံစာတွေမှာ ထည့်သွင်းရမှာ ဖြစ်ပြီး စိတ်ဝင်စားသူ အများပြည်သူတွေ သိရှိအောင် အချိန်မှီ ထုတ်ပြန်ပေး ရမှာဖြစ်ပါတယ်။ ဒါမှသာ ရှယ်ယာဝယ်ယူပြီး ရင်းနှီးမြူပ်နှံလိုသူ သာမာန်လူတန်းစားတွေ အနေနဲ့ ဒီလိုသတင်းထုတ်ပြန်မှုတွေကို အခြေခံပြီး ရှယ်ယာဝယ်ယူသင့် မသင့်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီလို လိုအပ်တဲ့ သတင်း အချက်အလက်တွေကို ထုတ်ပြန်မပေးပါက ရင်းနှီးမြူပ်နှံလိုသူ သာမာန်လူတန်းစားတွေ အနေနဲ့ ငွေအရင်းအနှီးတောင့်တင်းပြီး သတင်းအချက်အလက်တွေစုဆောင်းရာမှာ ငွေအများကြီး သုံးနိုင်တဲ့ ရင်းနှီးမြူပ်နှံမှုကုမ္ပဏီကြီးတွေကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ကုမ္ပဏီကြီးတွေဈေးကစား အမြတ်ထုတ်တာကို ခံရမှာ မလွဲပါဘူး။ ဒါတွေကို ကာကွယ်ဖို့အတွက် အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီတွေ၊  အများပြည်သူကို ရှယ်ယာထုတ်ရောင်း ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ရှယ်ယာဈေးနှုံးကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးရပါတယ်။ မထုတ်ပြန်ဘဲ အချိန်ဆွဲပြီးကိုယ်ကျိုးအတွက် အမြတ်ထုတ်လို့ မရပါဘူး။ လုပ်ခဲ့ရင်လည်း အလွန်အပြစ်ကြီးပါတယ်။ ဘဏ္ဍာရေးဆိုင်ရာအာဏာပိုင်တွေကလည်း ဒီလိုဥပဒေချိုးဖေါက်မှုတွေ ကို သေသေချာချာ စစ်ဆေး အရေးယူလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကဘဲ အမေရိကန်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုရံပုံငွေမန်နေဂျာတဦးကို အတွင်းသတင်းသုံးပြီး အမြတ်ထုတ်မှုနဲ့ပါတ်သက်ပြီး ထောင်ဒဏ် ၁၁ နှစ်နဲ့ ဒါဏ်ငွေ ဒေါ်လာ ၁၀ သန်း အပြစ်ပေးခဲ့ပါတယ်။

အခုလဲဘဲ Facebook ရဲ့ရှယ်ယာတွေကို ဝယ်ယူမြုပ်နှံထားသူတွေက ဒီလို အနာဂါတ် ဝင်ငွေ အလားအလာ သိပ်မကောင်းနိုင်ဘူးဆိုတဲ့သုံးသပ်ချက်ကို Facebook က အများစုသိအောင် ကျယ်ကျယ်ပြန့်ပြန့် မထုတ်ပြန်ဘဲ ရင်းနှီးမြုပ်နှံသူတချို့ကိုသာ ဦးစားပေးလက်သိပ်ထိုး အသိပေးခဲ့တယ်လို့ စွပ်စွဲပြီး ရင်းနှီးမြုပ်နှံမှုဘဏ် မော်ဂန်စတန်လေ (Morgan Stanley) နှင့် Facebook ရဲ့အမှုဆောင်အရာရှိချုပ်  Mark Zuckerberg တို့ကို တရားစွဲကြတာဖြစ်ပါတယ်။ မော်ဂန်စတန်လေ (Morgan Stanley) ဘဏ်ကတော့ သူတို့ အနေနဲ့ ဥပဒေအရလိုအပ်တဲ့ အစီရင်ခံစာတွေနဲ့ သတင်းထုတ်ပြန်မှုတွေကို ထုတ်ပြန်ခဲ့တယ်လို့ ချေပထားပါတယ်။ ဒီအမှု ဘယ်လိုအဆုံးသတ်မယ်၊ ဒါဟာ ၁၉၉၉ ခုနှစ်ကလို အင်တာနက် နည်းပညာနဲ့ ပါတ်သက်တဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးကွက်တွေစတင် ပြိုလဲတော့မယ့် လက္ခဏာလား ဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

ဒီဖြစ်ရပ်ကတဆင့် မြန်မာနိုင်ငံလို စီးပွားရေး နဲ့ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ နိုင်ငံတခု အနေနဲ့ သင်ခန်းစာယူသင့်တာကတော့  ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ လိုအပ်တဲ့ ဥပဒေတွေပြဌါန်းပြီး ဥပဒေချိုးဖေါက်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို ့လိုအပ်တယ်ဆိုတာပါဘဲ။ ဒီလိုမှမဟုတ်ဘဲ အများပြည်သူသိရှိသင့်တဲ့ တန်ဘိုးရှိတဲ့ သတင်းတွေကို အများသိအောင်မထုတ်ပြန်ဘဲ ကိုယ်ကျိုးအတွက် အသုံးချအမြတ်ထုတ်ခြင်းကို မကာကွယ်နိုင်ပါက စီးပွားရေး နဲ့ ဘဏ္ဍာရေးလောကမှာ တံခါးဖွင့်ပေးမှုကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဒီသတင်းရင်းမြစ်နဲ့ နီးစပ်သူတစု (သို့မဟုတ်) အဆက်အသွယ်ကောင်းတဲ့ လက်တဆုပ်စာ မျက်စိကြီး၊နားကြီးလူတစုကဘဲ အလွဲသုံးစားလုပ်အမြတ်ထုတ် သွားမှာဖြစ်ပါတယ်။ အခွင့်အရေးတန်းတူမရှိတဲ့ သာမာန် ရင်းနှီးမြုပ်နှံလိုသူ လူအများစုအနေနဲ့ကတော့ သတင်းမဟုတ်တဲ့ ကောလဟာလတွေနောက်လိုက်ရင်း တဖြေးဖြေးနဲ့ လုံးပါးပါးသွားဖို့ဘဲရှိပါတယ်။ ဒါအပြင် အရေးကြီးတဲ့ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာသတင်းတွေကို အချိန်နဲ့တပြေးညီ မထုတ်ပြန်နိုင်ပါက ဒီသတင်းကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ အကျင့်ပျက်လာဘ်စားမှုတွေ ဆက်လက်ဖြစ်ပေါ်နေဦးမှာ ဖြစ်ကြောင်းပါ။

Creative Commons License
တစ်ပါတ်အတွင်း စိတ်ဝင်စားဖွယ်ရာ စီးပွားရေးသတင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment