Tuesday 22 May 2012

ကားတင်သွင်းခွင့်မူ၀ါဒအသစ်နှင့် မြန်မာ့စီးပွားရေး အလားအလာ

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ် ရေး၀န်ကြီးဌာနက မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ကားတင်သွင်းခွင့်မူ၀ါဒအသစ်အရ နိုင်ငံခြားငွေဘဏ် စာရင်းဖွင့်လှစ်ထားသော နိုင်ငံသားများကို ၂၀၀၇ မော်ဒယ်နှင့်အထက် မော်တော်ယာဉ်များ (ဘတ်(စ)ကားမှအပ)တင်သွင်းခွင့် ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာတိုင်းဂျာနယ်မှာ ဖေါ်ပြချက်အရ မော်တော်ကားအစီးရေ ၄ သိန်းခန့် (၃၈၀,၀၀၀) တင်သွင်းရန် ရည်ရွယ်သည်ဟု သိရှိရပါသည်။ အဆိုပါ လွတ်လပ်စွာတင်သွင်းခွင့်မူ၀ါဒအရ ကားစီးနိုင်သော လူလတ်တန်းစားအများစုအနေဖြင့် ယခင်ကာလကလို ကားအိုကားဟောင်းများကို မတန်မဆ ဈေးပေး၍ စီးရသော အဖြစ်မျိုးမှ ကင်းေ၀းသွားမည် ဖြစ်ပါသည်။   သို့သော်တဖက်မှလည်း  ဤမူ၀ါဒက မြန်မာနိုင်ငံ၏ စီးပွားရေး တရပ်လုံးအပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုများရှိနိုင်သည်ကို စဉ်းစားစရာလိုပါသည်။


ကားအဟောင်း တစီးကို ရန်ကုန်ဆိပ်ကမ်းအရောက် ပျမ်းမျှ ဒေါ်လာ ၅၀၀၀ ခန့်ကျသင့်သည်ဆိုပါက အစီးရေ ၃ ဒသမ ၈ သိန်း အတွက် ဒေါ်လာ သန်း ၂၀၀၀ နီးပါးလိုအပ်ပါလိမ့်မည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း အခြေပစ္စည်းအပေါ်ရင်းနှီးမြုပ်နှံမှု (စက်ရုံအဆောက်အဦး၊ စက်ကိရိယာ နှင့် ကုန်ကြမ်းပစ္စည်း) မှာ ဒေါ်လာ သန်း ၈၀၀၀ ခန့်ဖြစ်ပါသည်(source: CIA The World Factbook)။ သို့ဖြစ်၍ ကားတင်သွင်းခွင့်မူ၀ါဒအသစ်အရ မြန်မာနိုင်ငံတနှစ်စာရင်းနှီးမြုပ်နှံမှု၏ လေးပုံတပုံခန့်မှာ လူစီးကားများ တင်သွင်းရန်အတွက် နိုင်ငံခြားသို့စီးထွက်သွားမည်ဖြစ်ရာ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုလျော့ကျသွားနိုင်ပြီး ထိုမှတဆင့် အလုပ်အကိုင်သစ်များ ဖန်တည်းနိုင်မှုတို့ကို ရေရှည်တွင် ထိခိုက်လာနိုင်စရာ အကြောင်းရှိပါသည်။  


နောက်ထပ် မြင်သာသည့်အကျိုးသက်ရောက်မှုတခုမှာ ဒေါ်လာ၀ယ်လိုအား မြင့်တက်လာပြီး၊ ဒေါ်လာငွေဈေး တက်လာပါမည်။ ယေဘူယျ လက်ခံထားကြသည့်မှာ ဒေါ်လာဈေးတက်လာပါက မြန်မာပြည်ထွက်ကုန် ပစ္စည်းများ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်လာပြီး ပို့ကုန်များ တိုးတက်လာမည်ဟု ဖြစ်ပါသည်။ ဤအချက်မှာ ပို့ကုန်လုပ်ငန်းရှင်များ မျှော်လင့်နေသည့်အချက် ဖြစ်ပါသည်။  စီးပွားရေးပညာရှင်အချို့ ကလည်း မြန်မာငွေတန်ဖိုး ကျဆင်းသွားပါက ပို့ကုန်ဈေးကွက် ပြန်လည် ရှင်သန်လာပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တဖက်တလမ်းမှ အထောက်အကူ ဖြစ်လာနိုင်မည်ဟု ခန့်မှန်းနေကြ ပါသည်။ အဓိကယူဆချက်မှာ မြန်မာငွေတန်ဖိုးကျဆင်းသွားပြီး ပြည်တွင်းထွက်ကုန်ပစ္စည်းများကို ပြည်ပမှ၀ယ်လိုအား တက်လာပါက၊ ပြည်တွင်းမှ နိုင်ငံခြား ပို့ကုန် ထုတ်လုပ်သော ကုန်ထုတ်လုပ်ငန်းများက လိုအပ်သလောက်ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်ဆိုသော အချက် အပေါ်တွင်အခြေခံပါသည်။ ထိုမှတဆင့် အလုပ်အကိုင်များ ပိုမိုဖန်တည်းပေးနိုင်ပြီး တိုင်းပြည်၀င်ငွေ တိုးတက်လာမည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဤနေရာတွင် စဉ်းစားစရာရှိသည်မှာ လက်ရှိမြန်မာပြည်၏ အဓိကပို့ကုန်များမှာ သဘာ၀ဓါတ်ငွေ့ (၃၂.၈%) တွင်းထွက်ကျောက်မျက်၊ သစ်တောထွက်ပစ္စည်းများ (၅.၉%) နှင့် လယ်ယာထွက်ကုန်စည်များ (ပဲမျိုးစုံ ၁၂.၁%)  ဖြစ်ပါသည် (source: The Economist Intelligence Unit)။ သဘာ၀ဓါတ်ငွေ့မှာ ရေရှည်စာချုပ်ချုပ် ဆိုပြီး ဒေါ်လာနှင့် ဈေးသင့်ရောင်းချ ထားသည်ဖြစ်၍  မြန်မာငွေတန်ဖိုးကျမှုက ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိနိုင်ပါ။ တွင်းထွက် ကျောက်မျက်နှင့် သစ်တောထွက်ပစ္စည်းများကို ပြည်ပမှ၀ယ်လိုအား တိုးတက်လာခြင်းသည်လည်း ပြည်တွင်းမှ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လုပ်လိုက်သော ပစ္စည်းများအပေါ် ၀ယ်လိုအားတက်လာခြင်းကဲ့သို့ ပြည်တွင်းအလုပ်အကိုင် ဖန်တည်းနိုင်မှုအပေါ်တွင် များစွာအကျိုးသက်ရောက်မည်မဟုတ်ပါ။ ထို့ပြင် ယခုလက်ရှိအခြေအနေ အတိုင်းဆိုပါက တွင်းထွက်ကျောက်မျက် နှင့် သစ်တောထွက်ပစ္စည်းများ ပြည်ပသို့ တိုးမြှင့်တင်ပို့ခြင်းက အများပြည်သူအတွက် အကျိုးမရှိသလောက်ဖြစ်ပြီး သဘာ၀ပါတ်၀န်းကျင် ပိုမို ပျက်သုဉ်းလာသည့် အပြစ်က ပိုများနိုင်ပါသည်။ လယ်ယာထွက်ကုန်စည်များကို ပြည်ပ၀ယ်လိုအား တိုးတက်လာခြင်းက အလုပ်အကိုင်များ ဖန်တည်းပေးနိုင်သော်လည်း ကုန်စည်၏ သဘောသဘာ၀အရ စက်မှုထုတ်ကုန်ပစ္စည်းများကဲ့သို့ ချက်ချင်းထုတ် ချက်ချင်းတင်ပို့၍ မရပါ။ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အချိန်ကာလ တခုစောင့်ရန်လိုအပ်ပြီး ဤအချိန်အတွင်း ဈေးအတက်အကျလှုပ်ရှားမှု မြန်ဆန်ကြီးမားပါက တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်လိုစိတ်နှင့် ပြည်တွင်းစားသုံးမှုဈေးကွက်ကို ထိခိုက်နှိုင်ပါသည်။  မြန်မာငွေတန်ဖိုးကျဆင်းမှုမှ သိသာသော ရေရှည်အကျိုးသက်ရောက်မှုရရှိနိုင်ရန် အတွက် ထုတ်လုပ်မှုကုန်စည်များ ပိုမိုတင်ပို့နိုင်ရန်လိုအပ်ပါသည်။ ယခုလက်ရှိအချိန်တွင် သိသာထင်ရှားသော ထုတ်လုပ်မှုကုန်စည်တင်ပို့မှုမှာ အ၀တ်အထည်ချုပ်လုပ်တင်ပို့မှုဖြစ်ပြီး စုစုပေါင်းပို့ကုန်၏ ၄% ခန့်ရှိပါသည်။ အခြားတဖက်တွင်  မြန်မာငွေ တန်ဖိုးကျဆင်းမှုကြောင့် စားအုန်းဆီ၊ စက်သုံးဆီစသည့် ပြည်ပသွင်းကုန်များ၏ ဈေးနှုံးများ မြင့်တက်သွားမည်ဖြစ်ပြီး၊ ငွေကြေးဖေါင်းပွမှု ပိုမိုမြင့်မားလာနိုင်ပါသည်။


အခြားစဉ်းစားရမည့် အချက်တခုမှာ ကားတစီးမူလတန်ဘိုး၏ ၁၀၀% ခန့်ကို အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန် နှင့် ကညနခွန်များ အဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။ မြန်မာငွေနှင့်တွက်ပါက ယခုဒေါ်လာ ပေါက်ဈေး (၂၀၁၂ မေလ)အရ ကားတစီးလျှင် ၄၂ သိန်းခန့်ဖြင့် စုစုပေါင်း မြန်မာငွေကျပ်သန်း ထောင်ပေါင်း  ၁၆၀၀ ခန့် အခွန်ငွေအဖြစ် အစိုးရဘဏ္ဍာတိုက်သို့စီး၀င်သွားမည်ဖြစ်ပါသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုမှာ မြန်မာငွေကျပ်သန်းထောင်ပေါင်း ၁၂၀၀ ခန့်ဖြစ်ပါသည် (source: The Economist Intelligence Unit)။  သင့်လျှော်သော ဘဏ္ဍာရေး ပေါ်လစီများကို အသုံးပြုပြီး ပြည်တွင်း ဈေးကွက်အတွင်း သို့ မြန်မာကျပ်ငွေပြန်လည် စီး၀င်အောင် ပြုလုပ်မပေးနိုင်ပါက မြန်မာကျပ်ငွေ ရှားပါးမှုဖြင့် ကြုံတွေ့ရနိုင်ပြီး စားသုံးသူများ၏ ၀ယ်နိုင်စွမ်းအား ကျဆင်းသွားနိုင်ပါသည်။


အထက်ပါ အလားအလာများမှာ ဖြစ်လာနိုင်ချေရှိသည်များကို သုံးသပ်ထားခြင်းဖြစ်ပါသည်။ ဘောဂဗေဒတွင် စုစုပေါင်း တိုင်းပြည်ထုတ်ကုန်ကို အောက်ပါညီမျှခြင်းဖြင့် ဖေါ်ပြနိုင်ပါသည်။ 


စုစုပေါင်းတိုင်းပြည်ထုတ်ကုန်=စားသုံးမှုအသုံးစားရိတ် + ရင်းနှီးမြုပ်နှံမူအသုံးစားရိတ် +  

                                     အစိုးရအသုံးစားရိတ်+ပြည်ပပို့ကုန် - နိုင်ငံခြားမှသွင်းကုန်


သင့်တင့်လျှောက်ပါတ်သော ဘဏ္ဍာရေး၊ စီးပွားရေးမူ၀ါဒများဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက ယခု ကားတင်သွင်းခွင့်မူ၀ါဒအသစ်၏ အကျိုးဆက်များအဖြစ်  နိုင်ငံခြားမှသွင်းကုန်ပမာဏ မြင့်တက် လာမည်ဖြစ်ပြီး စားသုံးမှုအသုံးစားရိတ်နှင့် ရင်းနှီးမြုပ်နှံမူအသုံးစားရိတ်များ ကျဆင်းသွားနိုင်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ မြန်မာငွေ တန်ဖိုး ကျဆင်းမှု အကျိုးရလဒ်အဖြစ် ပို့ကုန်တင်ပို့မှု သိသိသာသာ တိုးတက်လာနိုင်စရာ မမြင်သေးပါ။


စာရေးသူ၏ အမြင်အရ ယခုကဲ့သို့ ပြည်ပမှ အသုံးပြုပြီး ကားအဟောင်းများကို လွတ်လပ်စွာတင်သွင်းခွင့် ပြုခြင်းထက် စာရေးသူ ဘီဘီစီ မြန်မာပိုင်းအစီအစဉ် အင်တာဗျူး တခုတွင် တင်ပြခဲ့သလို  မြန်မာနိုင်ငံ အနေဖြင့် ပြည်ပမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးတခုခုနှင့် ပူးပေါင်း၍ ပြည်တွင်းတွင် ကမ္ဘာ့အဆင့်မှီကားများ ထုတ်လုပ်သင့်ပါသည်။ ဤသို့ ပြည်တွင်းတွင် ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်နှင့် ခေတ်မှီထုတ်လုပ်မှုနည်းပညာများရရှိလာမည်ဖြစ်ပါသည်။ ထို့အပြင် ယခုခေတ်ကာလ နိုင်ငံစုံကုမ္ပဏီကြီးများသည် ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းထောက်ပံ့ရေးလမ်းကြောင်း   တိုတောင်းစေရန် အိမ်ရှင်နိုင်ငံမှ ထုတ်လုပ်သည့် ပစ္စည်းများကို တတ်နိုင်သမျှ အသုံးပြုလာကြသည့်အတွက် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းထုတ်လုပ်သူများအတွက် အခွင့်အလမ်းများ ပိုမိုတိုးပွားလာမည် ဖြစ်ပါသည်။ တကယ်တန်းဆိုပါက ဖက်စပ်ကုမ္ပဏီ တခုထူထောင်ရန်အတွက် ကားဟောင်း အစီးရေ ၃ ဒသမ ၈ သိန်း အတွက်ကုန်ကျမည့် ဒေါ်လာ သန်း ၂၀၀၀ အထိ မလိုပါ။ ပြီးခဲ့သည့် ဧပြီလက  ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံးဖြစ်သည့် ဂျာမာန် ဗောက်(စ)၀က်ဂွန်ကုမ္ပဏီမှ  တနှစ်လျှင် ကားအစီးရေ ၅၀၀၀၀ ထုတ်လုပ်နိုင်မည့်စက်ရုံတခုကို တရုတ်နိုင်ငံ အနောက်ပိုင်းတွင် တည်ဆောက်ရန်ရင်းနှီးမြုပ်နှံခဲ့ရာ ဒေါ်လာ ၂၂၅ သန်းသာ ကုန်ကျခဲ့ပါသည်။ အကယ်၍ တင်သွင်းလိုသော ကားအစင်းရေ ၃၈၀၀၀၀ ထုတ်လုပ်ရန် ၇ နှစ်ကျော် မစောင့်လိုပါက ပို၍ ကြီးမားသော စက်ရုံတည်ဆောက် ရင်းနှီးမြုပ်နှံမှု နိုင်ပါသေးသည်။ ဗောက်(စ)၀က်ဂွန်ကုမ္ပဏီမှ တရုတ်နိုင်ငံ တောင်ပိုင်းတွင် တနှစ်လျှင် ကားအစင်းရေ ၃၀၀၀၀၀ ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်ရန် ရင်းနှီးငွေမှာ ဒေါ်လာ ၆၈၈ သန်းခန့်ဟု ဆိုပါသည် (Source: Reuters News)။ ဗောက်(စ)၀က်ဂွန်ကုမ္ပဏီ၏ အဆိုအရ တရက်ကားတစီးထုတ်လုပ်ရန် လုပ်သားအင်အား ၁၅ ယောက်ခန့် လိုသည်ဟုဆိုပါသည်။ ဤလိုအပ်ချက်အရ ဆိုပါက တနှစ်လျှင် ကားအစင်းရေ ၃၀၀၀၀၀ ထုတ်လုပ်နိုင်သော စက်ရုံအတွက် လုပ်သားအင်အား ၁၅၀၀၀ ခန့်လိုအပ်မည် ဖြစ်ပါသည် (တနှစ်လျှင် အလုပ်လုပ်ရက် ၃၀၀)။  အဆိုပါ လုပ်သားများ၏ ဝင်ငွေကို ပြည်တွင်းဈေးကွက်တွင် သုံးစွဲကျမည်ဖြစ်ရာ ပြည်တွင်းစားသုံးမှုအသုံးစားရိတ် မြင့်တက်လာမည်ဖြစ်ပြီး၊ အဆိုပါ တိုးတက်လာသော စားသုံးမှုအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ပိုမိုထုတ်လုပ်ရန်အတွက် စီးပွားကုန်ထုတ်လုပ်ငန်းအသစ်များ တည်ထောင်ရန် ရင်းနှီးမြုပ်နှံခြင်းကြောင့်   ရင်းနှီးမြုပ်နှံမူအသုံးစားရိတ် လည်း တဆက်တည်း တိုးတက်လာမည်ဖြစ်ပါသည်။အဆိုပါ အသစ်ထူထောင်လိုက်သည့် လုပ်ငန်းများကလည်း အလုပ်အကိုင်အသစ်များ ထပ်မံဖန်တည်းပေးမည်ဖြစ်ပြီး အဆိုပါ အလုပ်အကိုင်အသစ်များက ပြည်တွင်းစားသုံးမှုအသုံးစားရိတ်နှင့် ရင်းနှီးမြုပ်နှံမူအသုံးစားရိတ် များကို ထပ်မံ တိုးပွားစေမည် ဖြစ်ပါသည်။ ဤကဲ့သို့ ကနဦး ရင်းနှီးမြုပ်နှံမှုမှ ဆင့်ကဲဆင့်ကဲ စားသုံးမှုအသုံးစားရိတ် နှင့် ရင်းနှီးမြုပ်နှံမူအသုံးစားရိတ် များတိုးတက်လာခြင်းကို ဘောဂဗေဒ ဘာသာရပ်တွင် မြှောက်ဖေါ်ကိန်းအကျိုးသက်ရောက်မှု (Multiplier effect)ဟု အသိအမှတ်ပြုကြပါသည်။ ဤကဲ့သို့ ဆတိုး တိုးတက်လာသော စားသုံးမှုအသုံးစားရိတ်နှင့် ရင်းနှီးမြုပ်နှံမှုအသုံးစားရိတ်များ၏ အကျိုးရလဒ်အနေဖြင့် စုစုပေါင်းတိုင်းပြည်ထုတ်ကုန်လည်း ဆတိုး တိုးတက်လာမည် ဖြစ်ပါသည်။


Creative Commons License
ကားတင်သွင်းခွင့်မူ၀ါဒအသစ်နှင့် မြန်မာ့စီးပွားရေး အလားအလာ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment