Saturday 19 May 2012

ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ (၁)

ကျွန်တော်တို့  မြန်မာနိုင်ငံမှာ စတော့ရှယ်ယာရောင်း၀ယ်ရေးဈေးကွက်တခု မကြာခင်ပေါ်ပေါက်လာတော့ မယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးမှာ စတော့ရှယ်ယာရောင်း၀ယ်ရေးနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ၀ေါဟာရများကို ဖေါ်ပြသွားပါမယ်။

 စတော့ရှယ်ယာဈေးကွက်ဆိုတာ ကုမ္မဏီတွေရဲ့ အစုရှယ်ယာတွေ (Stock and Shares)၊ ဘဏ္ဍာရေးဆင့်ပွားပစ္စည်းတွေ (Financial Derivatives) ကို ရောင်း၀ယ်တဲ့ ဈေးကွက်တခုဖြစ်ပါတယ်။ ဒီဈေးကွက်ဟာ နယူးယောက် စတော့ရှယ်ယာဈေးကွက် (New York Stock Exchange) လို ရောင်းသူ ၀ယ်သူ တွေ့ဆုံကြတဲ့ အဆောက်အဦးဖြစ်နိုင်သလို၊ အမေရိကန်က နက်(စ)ဒက် (NASDAQ)  လို ရောင်း၀ယ်မှုတွေကို ကွန်ပျူတာကွန်ယက်ကနေတဆင့် ဆောင်ရွက်တဲ့  စတော့ရှယ်ယာဈေး ကွက်လဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက အများစုအနေနဲ့ စတော့ဈေးကွက်ဆိုရင် ရှယ်ယာပွဲစားတွေ အရောင်းအ၀ယ်လုပ်တဲ့ ခန်းမထဲမှာ တယောက်နဲ့တယောက် သင်္ကေတတွေပြပြီး အော်ဟစ် ရောင်း၀ယ်ကြတဲ့ ဈေးကွက်မျိုး (Open Outcry) ကိုမြင်မိမှာပါ။ ခုမျက်မှောက်ကာလမှာတော့ ဒီလိုရောင်း၀ယ်မှုစံနစ်မျိုးကို သတ္ထု၊ သီးနှံ စတဲ့ ကုန်စည်ဈေးကွက်တချို့မှာပဲ သုံးပါတော့တယ်။ နယူးယောက် စတော့ရှယ်ယာဈေးကွက်မှာတော့ အရောင်းအ၀ယ်လုပ်တဲ့ ခန်းမမှာ ရှယ်ယာပွဲစားတွေ တွေ့ဆုံ ရောင်း၀ယ်တဲ့ စံနစ်နဲ့ ကွန်ပျူတာကွန်ယက်ကနေရောင်း၀ယ် တဲ့စံနစ် နှစ်မျိုးစလုံးကို သုံးပါသေးတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးတွေ ပမာဏများများ ရောင်း၀ယ်တဲ့ နေရာမှာဘဲ  လူကိုယ်တိုင် တွေ့ဆုံ ဈေးပြိုင်ပေးရောင်း၀ယ်တဲ့ စံနစ်ကို သုံးပါတော့တယ်။ လန်ဒန်စတော့ရှယ်ယာ ဈေးကွက် (London Stock Exchange)  နဲ့ တခြားဈေးကွက်တော်တော်များများမှာကတော့ ကွန်ပျူတာ ကွန်ယက်ကနေတဆင့် ရောင်းသူ၀ယ်သူ တွေ့ဆုံပေးတဲ့ စံနစ်ကို ပြောင်းလဲအသုံးပြုနေကြပါပြီ။

ကုမ္ပဏီတွေ အနေနဲ့ ကိုယ့်ရဲ့ ရှယ်ယာတွေကို စတော့ရှယ်ယာဈေးကွက်မှာ စာရင်းသွင်းပြီး အရောင်းအ၀ယ် လုပ်ဖို့ဆိုရင်  သက်ဆိုင်ရာ စတော့ရှယ်ယာဈေးကွက်ရဲ့ လိုအပ်ချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ အဲဒီလို စာရင်းသွင်းဖို့ လိုအပ်ချက်တွေက စတော့အိတ်(က)ချိန်း တခုနဲ့ တခု အနည်းငယ်ကွဲပြားပေမယ့် လိုက်နာရမယ့် စည်းကမ်းချက်တွေက များပါတယ်။  နယူးယောက် စတော့ရှယ်ယာဈေးကွက်မှာ စာရင်းသွင်းဖို့ဆိုရင် ကုမ္ပဏီတခု အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ် အတွင်းမှာ ဒေါ်လာ ၁၀ သန်း၀င်ငွေရှိခဲ့ပြီး အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ တစ်သန်းထုတ်ရောင်းချခဲ့ပြီး ဖြစ်ရပါမယ်။ နည်းပညာဆိုင်ရာကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို အဓိက အရောင်းအ၀ယ်ပြုလုပ်တဲ့ နက်(စ)ဒက် (NASDAQ)  စတော့အိတ်(က)ချိန်းမှာ စာရင်းသွင်းဖို့ဆိုရင် ၃ နှစ် အတွင်းမှာ ဒေါ်လာ ၁၁ သန်း၀င်ငွေရှိရမှာ ဖြစ်ပြီး အနည်းဆုံး ဒေါ်လာ သန်း ၇၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၁.၂၅ သန်းထုတ်ရောင်းချပြီး ဖြစ်ရမှာ ဖြစ်ပါတယ်။ လန်ဒန်စတော့ရှယ်ယာဈေးကွက် (London Stock Exchange) မှာစာရင်းတင်သွင်းမယ် ဆိုရင်တော့ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး အနည်းဆုံး စတာလင်ပေါင် ၇ သိန်း (ဒေါ်လာ ၁.၁ သန်းခန့်) ရှိရမှာဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်စာ စာရင်းစစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းတွေ တင်ပြရမှာ ဖြစ်ပါတယ်။ ဒါအပြင် ကုမ္ပဏီအနေနဲ့ ရှယ်ယာတန်ဖိုး စုစုပေါင်းရဲ့ အနည်းဆုံး၂၅ ရာခိုင်နှုံး ထုတ်ရောင်းချခဲ့ပြီး စတင်စာရင်းသွင်းတဲ့ရက်ကစ၍ ၁၂ လစာလုပ်ငန်းလည်ပတ်ငွေရှိရမှာ ဖြစ်ပါတယ်။

အထက်ဖေါ်ပြပါ လိုအပ်ချက်တွေက ကုမ္ပဏီရဲ့ ထုတ်ဝေပြီး ရှယ်ယာတွေကို စတော့ရှယ်ယာဈေးကွက်မှာ အရောင်းအ၀ယ်ပြုလုပ်ခွင့်ရဖို့နဲ့ ကုမ္ပဏီက နောက်ထပ်ထုတ်၀ေမယ့် ရှယ်ယာတွေကို ရောင်းချခွင့်ရဖို့ဖြစ် ပါတယ်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီတခုက အများပိုင်အဖြစ်ပြောင်းပြီး ရှယ်ယာအသစ်တွေ ထုတ်၀ေရောင်းချဖို့ ဆိုရင်တော့ လိုအပ်ချက်တွေက ပိုပြီး များပြားပါတယ်။ ဒီလိုရှယ်ယာအသစ်တွေ စတင်ရောင်းချတာကို (Initial Public Offering)  လို့ခေါ်ပြီးတော့ ရင်းနှီးမြုပ်နှံမှုဘဏ်တွေက တာ၀န်ယူရောင်းချ (underwrite) ပေးလေ့ရှိပါတယ်။ ရင်းနှီးမြုပ်နှံမှုဘဏ်တွေက သူတို့ရဲ့ ဖေါက်သည် ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းကြီးတွေကို ဈေးနှုံးညှိနှိုင်း ဆက်စပ်ရောင်းချပေးပြီး၊ ဈေးကွက်တင်လိုသည့် ရှယ်ယာများ ရောင်းမကုန်ပါက တာ၀န်ယူပြီး ၀ယ်ယူလေ့ရှိပါတယ်။ ဒီလို ပုဂ္ဂလိကပိုင် ကုမ္ပဏီတခုကရှယ်ယာတွေကို ပထမဆုံး အများပိုင်အဖြစ်ထုတ်ရောင်းတာကို ကနဦးဈေးကွက် (Primary Market) လို့ခေါ်ပြီး ဈေးကွက်ထဲက ထုတ်၀ေပြီး ရှယ်ယာတွေကို ရင်းနှီးမြုပ်နှံသူတွေ အချင်းချင်း အရောင်းအ၀ယ်လုပ်တာကိုတော့ ဒုတိယဈေးကွက် (Secondary Market)  လို့ခေါ်ပါတယ်။ စတော့ရှယ်ယာဈေးကွက်တွေက ကနဦးဈေးကွက်မှ တဆင့် စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တွေကို လိုအပ်တဲ့အရင်းအနှီး နဲ့ စွန့်ဦးတီထွင်မှုပေါ်မှ အကျိုးအမြတ်တွေရအောင် ကြားခံအနေနဲ့ ဆောင်ရွက်ပေးပြီး၊ ဒုတိယဈေးကွက်မှတဆင့် ရင်းနှီးမြုပ်နှံသူတွေ လိုအပ်တဲ့ ငွေဖြစ်လွယ်မှု (liquidity)ကို ဖန်တည်းပေးပါတယ်။ ဒီလို ဒုတိယဈေးကွက်ရှိလို့လည်း ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ စတော့ရှယ်ယာတွေကို ပြန်ရောင်းချင်ရင် အချိန်မရွေးဈေးကွက်ပေါက်ဈေးနဲ့ ပြန်ရောင်းချနိုင်တာဖြစ်တဲ့အတွက်  စတော့ရှယ်ယာတွေကို ရဲရဲတင်းတင်း၀ယ်ယူ ရင်းနှီးမြုပ်နှံနိုင်တာဖြစ်ပါတယ်။

နောက်ဆောင်းပါးမှာတော့ စတော့ဈေးကွက် အညွှန်းကိန်းတွေအကြောင်းကို တင်ပြပါမယ်။

Creative Commons License
ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ (၁) by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment