Tuesday, 19 June 2012

တတိယစက်မှုတော်လှန်ရေးနှင့် မြန်မာ့စက်မှုလုပ်ငန်းများ

Third Industrial Revolution and Myanmar's Industrial Sector Development

ပြီးခဲ့သည့် သီတင်းပါတ်များ အတွင်းက ပုံမှန်ဘွဲ့ သင်တန်းများအပြင် အရှေ့တောင်အာရှနိုင်ငံတခုမှ  စီမံခန့်ခွဲရေးတာဝန်ရှိသူများကို မူဝါဒချမှတ်ရေးဆိုင်ရာသင်တန်းများ ပို့ချနေရသဖြင့် ဆောင်းပါးအသစ် မတင်နိုင်ခဲ့ပါ။ ယခုအပါတ် မျက်မှောက်ရေးရာ အနေဖြင့် ယခင်လထုတ် The Economist စီးပွားရေးစာစောင်တွင် အထူးကဏ္ဍအဖြစ်ဖေါ်ပြခဲ့သော တတိယစက်မှုတော်လှန်ရေးဟုခေါ်ဆိုသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း (digitisation of manufacturing)ကို တင်ပြလိုပါသည်။


လူ့သမိုင်းစတင်ခဲ့ချိန်မှစ၍ ယနေ့အချိန်အထိ စက်မှုတော်လှန်ရေးကြီး ၂ ရပ်ကို ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်။ ပထမစက်မှုတော်လှန်ရေးက ၁၈ ရာစုနှောင်းပိုင်း အင်္ဂလန်နိုင်ငံတွင် ချည်ထည်ထုတ်လုပ်မှုလုပ်ငန်းတွင် စက်ပစ္စည်းများစတင်အသုံးပြုခြင်းမှ စတင်ခဲ့ပါသည်။ ၂၀ ရာစု အစပိုင်းတွင် ဖို့(ဒ)ကားထုတ်လုပ်သူ ဟင်နရီဖို့(ဒ)က ရွေ့ရှားထုတ်လုပ်တပ်ဆင်မှုလိုင်း (Assembly line) စံနစ်ကို ကားအမြောက်အများ ထုတ်လုပ်ရာတွင် စတင်အသုံးပြုခြင်းဖြင့် ဒုတိယစက်မှုတော်လှန်ရေးပေါ်ပေါက်ခဲ့ပါသည်။  ဤပထမနှင့် ဒုတိယစက်မှုတော်လှန်ရေး ၂ ရပ်လုံး၏ အကျိုးဆက်အဖြစ် ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးများ၊ စက်ရုံကြီးများ၊ စီးပွားရေးလုပ်ငန်းကြီးများ ပေါ်ပေါက်လာပြီး ကုန်ပစ္စည်းများကို ဈေးနှုံးချိုသာစွာ ထုတ်လုပ်လာနိုင်သဖြင့် လူအများစု၏ ဝင်ငွေပိုမိုတိုးတက်လာကာ ပိုမို၍ မြို့ပြဆန်လာစေခဲ့ပါသည်။


လက်ရှိ ကုန်ထုတ်လုပ်မှုနည်းစံနစ်မှာဒုတိယစက်မှုတော်လှန်ရေး၏ အကျိုးဆက်ဖြစ်သည့် ပုံစံတူ ပစ္စည်းများကို အရေအတွက်မြောက်များစွာထုတ်လုပ်ခြင်းဖြင့် ထုတ်လုပ်မှုစားရိတ်လျှော့ချနိုင်ခြင်း (Economies of Scale) အပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။သို့အတွက် ကုန်ပစ္စည်းအရေအတွက် အမြောက်အများထုတ်လုပ်နိုင်ရန် စက်ရုံကြီးများကို လုပ်အားခ ဈေးနှုံးချိုသာသည့်နေရာများတွင် တည်ဆောက်လာခဲ့ကြခြင်းဖြစ်ပါသည်။  မြင်သာသည့် ဥပမာပေးရလျှင် ကားတစီးချင်းကို မိမိစိတ်ကြိုက် ကိုယ်တိုင်အစမှအဆုံးထိ ထုတ်လုပ်ခြင်းက ကားထုတ်လုပ်သည့်ကုမ္ပဏီမှ ဝယ်ယူသည့်ဈေးထက် အဆပေါင်းများစွာ ပိုမိုကုန်ကျမည်ဖြစ်ပါသည်။ ယခု အစပျိုးနေသည့် တတိယစက်မှုတော်လှန်ရေးကမူ ကုန်ပစ္စည်းများထုတ်လုပ်သည့်နည်းလမ်း၊ ထုတ်လုပ်သည့်တည်နေရာနှင့် အလုပ်အကိုင်အခွင့်အလမ်း တို့ကို အခြေခံမှစ၍ ပြောင်းလဲသွားစေ မည်ဖြစ်ပါသည်။ လေ့လာသုံးသပ်သူများ၏ အဆိုအရ ကွန်ပျူတာ နည်းပညာ၊ အင်တာနက်ဝန်ဆောင်မှုနှင့်၊ အနုစိတ်ထုတ်လုပ်မှု နယ်ပယ်များတွင် တိုးတက် ပြောင်းလဲလာသည့်  နည်းပညာအသစ်များက ကုန်ပစ္စည်းအရေအတွက်အနည်းငယ်ကို စားသုံးသူများ၏ လိုအပ်ချက်အညီထုတ်လုပ်သူများသည်လည်း ပုံစံတူ ကုန်ပစ္စည်းအရေအတွက် အမြောက်အများ ထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဖြစ်ပါသည်။


သမရိုးကျ ကုန်ပစ္စည်းထုတ်လုပ်သည့် စံနစ်မှာ အမျိုးမျိုးသော အစိတ်အပိုင်းများကို တွင်ခုံ၊ ဖေါက်ခုံ၊ ပုံသွင်းစက်များအသုံးပြု၍ ထုတ်လုပ်ပြီး ဂဟေဆက်ခြင်း၊ ဝက်အူစုပ်ခြင်း စသည်တို့ ပြုလုပ်၍ စုပေါင်းတပ်ဆင်ရန်လိုအပ်ပါသည်။ ယခုအခါ တိုးတက်ပြောင်းလဲလာသည့်  နည်းပညာအသစ်များက ကုန်ပစ္စည်းတခု (ဥပမာ ကားအင်ဂျင်) ကို ကွန်ပျူတာပေါ်တွင် ဒီဇိုင်းပြုလုပ်ပြီး သုံးဖက်မြင် ပုံဖေါ် နည်းပညာကို အသုံးပြု၍ ထုတ်လုပ်လာနိုင်ပြီဖြစ်ပါသည်။ သုံးဖက်မြင် ပုံဖေါ်နည်းပညာဆိုသည်မှာ သတ္တု၊ ဖိုင်ဘာပလတ်စတစ်၊ ရာဘာ စသည့်ပစ္စည်းများကိုအရည် (သို့မဟုတ်)အမှုန့်ဖြစ်အောင်ပြုလုပ်ပြီး စက္ကူပေါ်တွင် မှင်ဖြင့်ပုံနှိပ်သကဲ့သို့ အလွှာလိုက်ထပ်ပိုးခြင်းဖြင့် ထုထည်ရှိပစ္စည်းများကိုထုတ် လုပ်ခြင်း ဖြစ်ပါသည်။သုံးဖက်မြင် ပုံနှိပ်နည်းပညာ ကိုအသုံးပြု၍ စက်ဘီးတစီးပြုလုပ်ခြင်းကို ဤယူတျုဗွီဒီယို တွင်ကြည့်ရှုနိုင်ပါသည်။  


သုံးဖက်မြင် ပုံနှိပ်နည်းပညာကို အသုံးပြုခြင်းဖြင့် ကုန်ပစ္စည်းတခု ထုတ်လုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းပမာဏကိုလည်း လျှော့ချနိုင်ပါသည်။ လေယာဉ်များတွင် အသုံးပြုသည့် အပူဒါဏ်ခံ တိုင်တေနီယံသတ္တုပိုက်ကွေးများကို ယခင်က သတ္တုတုံးကို ထွင်းဖေါက်ခုတ်စား၍ ထုတ်လုပ်ရသဖြင့် ကုန်ကြမ်းပစ္စည်း၏ ၉၀% ခန့်မှာ အလေအလွင့်ဖြစ်သွားပါသည်။ သုံးဖက်မြင် ပုံနှိပ်နည်းပညာကို အသုံးပြုပြီး တိုင်တေနီယံအမှုန့်ကို လိုအပ်သည့်ပုံစံရအောင် အလွှာလိုက် ထပ်ပိုးခြင်းဖြင့် ကုန်ကြမ်းပစ္စည်း လိုအပ်ချက်ကို သိသိသာသာ  လျှော့ချနိုင်ပါသည်။


 ဤနည်းစံနစ်၏ အားသာချက်များမှာ ကုန်ပစ္စည်းဒီဇိုင်းကို ကွန်ပျူတာပေါ်တွင် လိုအပ်သလို လွယ်ကူစွာ ပြောင်းလဲပြင်ဆင်နိုင်ပြီး သမရိုးကျ စက်ရုံတခုတွင် ထုတ်လုပ်ရန်မလွယ်ကူသော ပစ္စည်းများကိုလည်း ဤနည်းစံနစ်ကို အသုံးပြု၍ ထုတ်လုပ်နိုင်ပါသည်။ ဤသို့ထုတ်လုပ်ရာတွင်လည်း စက်ရုံကြီးများ တည်ထောင်ရန်မလိုအပ်ဘဲ နေအိမ်ကားဂိုဒေါင်အတွင်းမှဖြစ်စေ၊ ဝေးလံခေါင်သီသောကျေးရွာတရွာမှ ဖြစ်စေ သုံးဖက်မြင် ပုံနှိပ်နည်းပညာကို အသုံးပြု၍ ကုန်ပစ္စည်းများကိုထုတ်လုပ်လာနိုင်တော့မည်ဟု ဆိုပါသည်။ ဟင်နရီဖို့(ဒ)ကအစပြုခဲ့သော  ဒုတိယစက်မှုတော်လှန်ရေး၏ အဓိကလိုအပ်ချက်မှာ စက်ရုံကြီးများ တည်ဆောက်ရန်ဖြစ်ပြီး ငွေအရင်းအနှီးများပြားစွာလိုအပ်ပါသည်။  စက်မှုကုန်ထုတ် လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း (digitisation of manufacturing) ဖြင့် သုံးဖက်မြင် ပုံနှိပ်စက်တလုံး၊ လက်(ပ)တော့ကွန်ပျူတာနှင့် အဆောက်အဦးတခုရှိရုံမျှဖြင့် တီထွင်ဖန်တည်း ထုတ်လုပ်မှုကို စတင်နိုင်ပြီဖြစ်ပါသည်။ 


 ဤတတိယစက်မှုတော်လှန်ရေးက အနာဂါတ်စက်ရုံများ၏ အသွင်သဏ္ဍန်ကိုလည်း အကြီးအကျယ် ပြောင်းလဲသွားစေမည်ဟု ဆိုပါသည်။ စက်ရုံများအတွင်း ဆီပေနေသောအဝတ်အစားများနှင့် အလုပ်သမားများနှင့် ကျပ်ခိုးစွဲနေသည့် စက်ပစ္စည်းများကို တွေ့ရမည်မဟုတ်ဘဲ၊ လူသူကင်းရှင်းပြီး အစစအရာရာ သန့်ရှင်းတောက်ပြောင်နေမည်ဟု ဆိုပါသည်။ အလုပ်အကိုင်အများစုမှာ စက်ရုံအတွင်းတွင် မဟုတ်ဘဲ၊ အနီးရှိ ရုံးခန်းအတွင်းတွင်လုပ်ကိုင်နေကြသော ဒီဇိုင်းဖန်တည်းသူ (designers)၊ အင်ဂျင်နီယာ (engineers)၊ ကွန်ပျူတာကျွမ်းကျင်သူ (IT specialists)၊ ဈေးကွက်ပို့ဆောင်ရေးကျွမ်းကျင်သူ (logistics experts) ဈေးကွက်ဖေါ်ဆောင်ရေးဝန်ထမ်း  (marketing staff) စသည့်အလုပ်များသာဖြစ်ပါမည်။ အနာဂါတ် ကုန်ထုတ်လုပ်ငန်းများတွင်လုပ်ကိုင်ရန် ကျွမ်းကျင်မှုပိုမိုလိုအပ်လာမည်ဖြစ်ပြီး သမရိုးကျ ကျွမ်းကျင်မှုနိမ့်အလုပ်များ ခေတ်ကုန်သွားမည်ဟုဆိုပါသည်။  


အထက်ပါ အပြောင်းအလဲများက ကုန်ပစ္စည်းများ ထုတ်လုပ်ပုံနည်းစံနစ်ကိုသာမက ထုတ်လုပ်သည့်နေရာ ကိုပါ အကြီးအကျယ်ပြောင်းလဲစေမည်ဖြစ်ပါသည်။ ဒုတိယစက်မှုတော်လှန်ရေး၏ အကျိုးဆက်အဖြစ် ထုတ်လုပ်မှုစားရိတ်လျှော့ချရန် စက်ရုံများကို လုပ်အားခဈေးချိုသောနိုင်ငံများသို့ ရွှေ့ပြောင်းတည်ဆောက် ထားကြပါသည်။ ယခုတတိယစက်မှုတော်လှန်ရေးက ဤဖြစ်စဉ်ကိုရပ်တန့်သွားစေမည်ဖြစ်ပြီး စက်မှု ကုန်ထုတ်လုပ်ငန်းများကို လုပ်အားခဈေးချိုသောနေရာများ၌ မဟုတ်ဘဲ၊ စားသုံးသူနှင့် နီးသောနေရာများသို့ ရွှေ့ပြောင်းလာကြမည်ဖြစ်ပါသည်။


သို့ဖြစ်ပါ၍ လုပ်အားခဈေးချိုသောအားသာချက်ကို အကြောင်းပြုပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန်ရည်ရွယ်ထားသည့် ဖွံဖြိုးဆဲနိုင်ငံများအတွက် ဤဖြစ်ပေါ်လာမည့် အပြောင်းအလဲများကို မူဝါဒချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ ထို့အပြင် ဤတတိယစက်မှုတော်လှန်ရေးက မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ဖန်တည်း ပေးနိုင်ပါသည်။ လက်ရှိ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းအများစုမှာ  ဖွံဖြိုးပြီးနိုင်ငံများတွင် ပထမစက်မှုတော်လှန်ရေးကာလက အသုံးပြုခဲ့သောနည်းပညာများကို အသုံးပြုလျက် ရှိနေကြပါသေးသည်။ ဤနည်းပညာများဖြင့် ပြည်ပဈေးကွက်များသို့ထိုးဖေါက်နိုင်မှု၊ ပြည်ပမှ ဝင်ရောက်လာမည့်ကုန်ပစ္စည်းများဖြင့်ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ ဒုတိယစက်မှုတော်လှန်ရေးက အစပြုခဲ့သော နည်းပညာများကို တက်လှမ်းရန်လည်း ငွေအရင်းအနှီးမြောက်များစွာ လိုအပ်မည် ဖြစ်ပါသည်။  စက်မှုကုန်ထုတ်လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်ပြောင်းပြီး တတိယစက်မှုတော်လှန်ရေး အဆင့်ကို တိုက်ရိုက်တက်လှမ်းခြင်းဖြင့် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်ပါသည်။  ယခုအခါ စက်မှုကုန်ထုတ်လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရန်လိုအပ်သော နည်းပညာများဖြစ်သည့် သုံးဖက်မြင် ပုံနှိပ်စက်၊ ကွန်ပျူတာနည်းပညာ၊ အင်တာနက်ဝန်ဆောင်မှု စသည်များမှာ လုပ်ငန်းရှင်အများစု လက်လှမ်းမှီနိုင်သည့်အဆင့်သို့ ဈေးနှုံးများ ကျဆင်းလာပြီဖြစ်ပါသည်။ ဥပမာ အလတ်စား သုံးဖက်မြင် ပုံနှိပ်စက်တလုံး၏ဈေးမှာ ဒေါ်လာသောင်းဂဏန်းသာရှိပါသည်။  မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းရှင်များ လိုအပ်သည်မှာ နည်းပညာရပ်များကို အသုံးချနိုင်ရန် လူ့စွမ်းအား အရင်းအမြစ်များသာဖြစ်ပါသည်။


မှီငြမ်း။ The Economist (April 19, 2012)


Creative Commons License
တတိယစက်မှုတော်လှန်ရေးနှင့် မြန်မာ့စက်မှုလုပ်ငန်းများ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a comment