Showing posts with label သုတေသန. Show all posts
Showing posts with label သုတေသန. Show all posts

Sunday, 20 September 2015

လူမှန်နေရာမှန်ခန့်ထားရေးနဲ့ မြန်မာ့စီးပွားရေး

ယခုလက်ရှိလုပ်နေတဲ့ ကျောင်းမှာ သင်ကြားရေး၊ သုတေသနလုပ်ငန်းတွေအပြင် MBA သင်တန်းမှာလဲ Deputy-director အနေနဲ့ ကျောင်းသားရေးရာတွေကူညီလုပ်ကိုင်ပေးနေရတဲ့အတွက် ဆောင်းပါးအသစ်မရေးဖြစ်တာ တနှစ်လောက်တောင်ကြာသွားပါပြီ။
ပြီးခဲ့တဲ့အပါတ်က BBC ကနေအင်တာဗျူးတခုလှမ်းလုပ်လို့ မြန်မာ့စီးပွားရေးအတွက် အပြောင်းအလဲလုပ်ချင်ဆုံး အချက် ၅ ချက်ကို ပြောဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်တော့ မြန်မာ့စီးပွားရေးတိုးတက်လာပြီး ဒီတိုးတက်မှုရဲ့အသီးအပွင့်တွေကို နိုင်ငံသူနိုင်ငံသားအားလုံး မျှဝေခံစားနိုင်ဖို့ဆိုရင် ပြုပြင်ပြောင်းလဲရမယ့်အချက် အနည်းဆုံး ၅၀ လောက်ရှိပါလိမ့်မယ်။  မကြာသေးခင်ကဘဲ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကထုတ်ပြန်လိုက်တဲ့ သုတေသနစာတမ်းတစောင်မှာ ရန်ကုန်တက္ကသိုလ်ဘွဲ့ရတယောက်ဖြစ်ပြီးကျွန်တော်တို့ မြန်မာနိုင်ငံမှာ စီးပွားရေးပညာပါမောက္ခအဖြစ် ၁၉၆၈ ခုနှစ်အထိလုပ်ကိုင်သွားခဲ့တဲ့ ယခု အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှ Professor Ronald Findlay နဲ့အခြားစီးပွားရေးပညာရှင်နှစ်ယောက်က မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းတွေကို ဖေါ်ဆောင်ရာမှာ ဆောင်ရွက်ရမယ့် နည်းဗျူဟာ ၅ ရပ်ကို တင်ပြခဲ့ပါသေးတယ် (Findlay et al., 2015)။ သူတို့တင်ပြခဲ့တဲ့အချက်တွေထဲကတချက်ကတော့ ပြည့်သူဝန်ဆောင်မှုပေးတဲ့ဌာနတွေမှာ ကြိုးနီစံနစ်၊ ဗဟိုဦးစီးချုပ်ကိုင်မှု နဲ့ နိုင်ငံရေးစွက်ဖက်မှုတွေဖယ်ရှားပြီး အဲဒီဌာနတွေမှာလုပ်ကိုင်နေတဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်  မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ သူတို့အမြင်အရတော့ ပြည့်သူ့ဝန်ထမ်းတွေ စွမ်းဆောင်ရည်မပြည့်ဝလို့ လူမှု့စီးပွားဆိုင်ရာမူဝါဒတွေချမှတ်ရာမှာ အကန့်အသတ်တွေရှိပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဥ်တွေ မထိရောက်တာလို့ဆိုပါတယ်။
ကျွန်တော့်အနေနဲ့တော့ ပြည်သူ့ဝန်ထမ်း ခန့်ထားရာမှာ(အထူးသဖြင့် မူဝါဒတွေချမှတ်ရတဲ့ အရာရှိကြီးနေရာတွေမှာ) အမှန်တကယ် အရည်အချင်းရှိသူတွေကို လူမှန်နေရာမှန် ခန့်ထားဖို့လိုတယ်လို့ BBC အင်တာဗျူးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ တကယ်လို့ လူတယောက်ဟာ ရာထူးကြီးတခုကို သူ့ကိုယ်ပိုင်အရည်အချင်းအရ မဟုတ်ဘဲ ဆိုင်ရာပိုင်ရာ၊ အဆက်အသွယ်ကြောင့်ရထားတာဆိုရင် မူဝါဒ၊ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ပြည်သူကို တာဝန်ခံမှာမဟုတ်ဘဲ သူ့ကို ဒီလိုရာထူးရအောင် စောင်မကြည့်ရှုထားတဲ့သူ (သို့မဟုတ်)အဖွဲ့အစည်းကိုဘဲ တာဝန်ခံမှာဖြစ်ပြီး အကျိုးဆက်ကတော့ အကျင့်ပျက်ချစားမှု၊ စွမ်းဆောင်ရည်မပြည့်ဝမှုတွေဘဲဖြစ်ပါတယ်။ ရာထူးနေရာတခုကို ကိုယ်ပိုင်အရည်အချင်းနဲ့ကြိုးစားပြီးရလာတဲ့သူဆိုရင်တော့ မိမိကိုယ်ကိုနဲ့ မိမိတာဝန်အရ ဝန်ဆောင်မှုပေးရမယ့်သူတွေကလွဲရင် ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုပါဘူး။ ဒါမှလည်း မှန်ကန်ပြီး အဂတိကင်းတဲ့ မူဝါဒတွေ၊ ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှာ ဖြစ်ပါတယ်။
The Bank of England
ဒီနေရာမှာ အလျဥ်းသင့်လို့ ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးမူဝါဒတွေချမှတ်တဲ့ အဓိကအဖွဲ့အစည်းကြီးဖြစ်တဲ့ အင်္ဂလန်ဗဟိုဘဏ် (The Bank of England)က အရည်အချင်းရှိတဲ့သူတွေကို ဘယ်လိုရှာဖွေခန့်ထားသလဲဆိုတာတင်ပြချင်ပါတယ်။ လက်ရှိ အင်္ဂလန်ဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးမှုး (governor)တာဝန်နဲ့ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးမူဝါဒကော်မီတီ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများကြီးကြပ်မှုကော်မီတီတွေမှာဥက္ကဌ (Chairman of the Monetary Policy Committee, the Financial Policy Committee and the Board of the Prudential Regulation Committee)တာဝန်ယူထားသူဟာ အင်္ဂလန်နိုင်ငံသားမဟုတ်ပါဘူး။ အိုင်ယာလန်နဲ့ကနေဒါနိုင်ငံသား မာ့(က)ကာနေ (Mark Carney) ဖြစ်ပြီး ၂၀၀၇ ခုနှစ်ဘဏ္ဍာရေးအကြပ်အတည်းကာလတုန်းက သူဗဟိုဘဏ်ဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ ကနေဒါနိုင်ငံကို တခြားအနောက်နိုင်ငံတွေကြုံတွေ့ရတဲ့ အလွန်အမင်းစီးပွားရေးကျဆင်းမှုအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ခဲ့တဲ့ မူဝါဒတွေချမှတ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီလိုနာမည်ကောင်းရခဲ့လို့ ဗြိတိန်နိုင်ငံအစိုးရက မာ့(က)ကာနေ ကို အင်္ဂလန်ဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးမှုးအဖြစ် ၂၀၁၃ ခုနှစ်မှာစတင်တာဝန်ထမ်းဆောင်ဖို့ရွေးချယ်ခန့်ထားခဲ့ပါတယ်။ အင်္ဂလန်ဗဟိုဘဏ်ရဲ့ သက်တမ်း နှစ်ပေါင်း ၃၂၀ လောက်အတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ဗြိတိန်နိုင်ငံသားမဟုတ်သူတယောက်ကို အုပ်ချုပ်ရေးမှုး အဖြစ်ခန့်ထားတာဖြစ်ပါတယ်။ ဒီလိုနိုင်ငံခြားသားတယောက်ကို တိုင်းပြည်ရဲ့အလွန်အရေးပါတဲ့ ဌာနတခုကိုဦးဆောင်ဖို့ခန့်ထားလိုက်ပေမယ့် သူရဲ့လုပ်ပိုင်ခွင့်အာဏာကို မကန့်သတ်တဲ့အပြင် သူ့လက်ထက်မှာ အင်္ဂလန်ဗဟိုဘဏ်ကို လုပ်ပိုင်ခွင့်တွေပိုပြီးတောင်ပေးလိုက်ပါသေးတယ်။
ပြီးခဲ့တဲ့အပါတ်က ဗြိတိန်နိုင်ငံ ကာဒစ်(ဖ)တက္ကသိုလ်မှာ ကျဥ်းပတဲ့ ငွေကြေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာသုတေသနဆွေးနွေးပွဲ (The 47th Money, Macro and Finance Research Group Conference) မှာကျွန်တော်ရဲ့ သုတေသနစာတမ်းတစောင်ကို တင်ပြဖတ်ကြားဖို့ ရွေးချယ်ခံရလို့ သွားရောက်ဖတ်ကြားခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာလည်း အင်္ဂလန်ဗဟိုဘဏ်က အရည်အချင်းရှိတဲ့သူတွေကို လူမှန်နေရာမှန် ခန့်ထားနိုင်ဘို့ ဘယ်လိုကြိုးစားတယ်ဆိုတာ မြင်တွေ့ခဲ့ရပါသေးတယ်။ ဆွေးနွေးပွဲပထမနေ့ ညစာစားပွဲမတိုင်ခင်မှာ ဆွေးနွေးပွဲ တက်ရောက်လာသူတွေကို အင်္ဂလန်ဗဟိုဘဏ်က Wine Reception နဲ့ဧည့်ခံပါတယ်။ ဒီ ဧည့်ခံပွဲမှာ အင်္ဂလန်ဗဟိုဘဏ်မှ တာဝန်ရှိသူတယောက်က သူတို့ဘဏ်အနေနဲ့ ဒီသုတေသနဆွေးနွေးပွဲကို အလွန်အလေးထားပါကြောင်း၊ ဒီဆွေးနွေးပွဲကို အင်္ဂလန်ဗဟိုဘဏ်အနေနဲ့ အင်တိုက်အားတိုက်ကူညီပန့်ပိုးပေးနေတာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပါကြောင်း၊ ဒီနှစ်လည်း အင်္ဂလန်ဗဟိုဘဏ်က သုတေသနပညာရှင်တွေက စာတမ်းတွေဖတ်မှာဖြစ်တဲ့အပြင်၊ ပြင်ပကသုတေသနပညာရှင်တွေရဲ့တင်ပြမှုတွေကိုလည်း တတ်နိုင်သမျှတက်ရောက်နားထောင်ဆွေးနွေးမှာဖြစ်ပါကြောင်း၊ အထူးသဖြင့် ပါရဂူဘွဲ့စာတမ်းပြုစုနေသူတွေ၊ ပါရဂူဘွဲ့ရပြီးကာစသူတွေရဲ့ စာတမ်းတွေကိုအထူးစိတ်ဝင်စားပါကြောင်း၊ ဒီလိုလူတွေအနေနဲ့ အင်္ဂလန်ဗဟိုဘဏ်မှာ အလုပ်လုပ်ကိုင်ဖို့စိတ်ဝင်စားရင် သူနဲ့လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောဆိုပါတယ်။ ဆွေးနွေးပွဲမှာ စာတမ်းဖတ်ကြားတဲ့သူ ၁၅၀ လောက်မှာ ၃၀ လောက်က အင်္ဂလန်ဗဟိုဘဏ်က သုတေသနပညာရှင်တွေဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အင်္ဂလန်ဗဟိုဘဏ်က သုတေသနပညာရှင်တွေထဲက တဝက်လောက်ဟာ ဗြိတိန်နိုင်ငံသားမဟုတ်ပါဘူး၊ တခြားနိုင်ငံကဖြစ်ပါတယ်။
ဒီလိုမျိုး အရည်အချင်းရှိသူတွေကို အရေးပါတဲ့ နေရာတွေမှာ မိမိနိုင်ငံသားမဟုတ်လဲ ခန့်ထားတာဟာ ဗြိတိန် တနိုင်ငံထဲမဟုတ်ပါဘူး။ အဲဒီသုတေသန ဆွေးနွေးပွဲမှာဘဲ ချီလီနိုင်ငံဗဟိုဘဏ်က သုတေသနပညာရှင်တစ်ဦးဖတ်တဲ့စာတမ်းကို နားထောင်ခဲ့ပါသေးတယ်။ သူက မိတ်ဆက်အနေနဲ့ သူ့နာမည်ပြောပြီး သူ့နာမည်က ချီလီလို လက်တင်အမေရိကန်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ နာမည်မဟုတ်လို့ မအံ့သြပါနဲ့တဲ့။ ချီလီဗဟိုဘဏ်မှာလုပ်နေပေမဲ့ သူက ဒိန်းမတ်နိုင်ငံသားလို့ပြောပါတယ်။
ဒါကြောင့် နိုင်ငံတခု ကြီးပွားတိုးတက်ဖို့အတွက်အရေးကြီးတဲ့ အရည်အချင်းရှိသူတွေကို လူမှန်နေရာမှန်ခန့်ထားနိုင်ရေးမှာ လူတစ်ယောက်ရဲ့မွေးဖွားရာနိုင်ငံထက် အဲဒီလူမှာရှိတဲ့ အရည်အချင်းကို အလေးပေးဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ လူတစ်ယောက်ရဲ့ အရည်အချင်းထက် ဒီလူရဲ့နိုင်ငံသားဖြစ်မှုကို အလွန်အမင်းအလေးပေးစဥ်းစားသူတွေများတဲ့နိုင်ငံတစ်နိုင်ငံအဖို့တော့ ဒီလိုအတွေးအခေါ်တွေလွှမ်းမိုးတဲ့ ၁၉-ရာစုထဲမှာ ကျန်ရစ်မှာဖြစ်ပြီး ၂၁-ရာစုမှာ သူများနိုင်ငံနည်းတူဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အိမ်မက်ပဲ ဖြစ်နေအုန်းမှာပါ။

ကျွန်တော့်ရဲ့ ဘီဘီစီ အင်တာဗျူးကို အောက်ပါလင့်မှာနားထောင်နိုင်ပါတယ်။
http://www.bbc.com/burmese/economy/2015/09/150915_business_5things_mmchit

ရည်ညွှန်းကိုးကား။
Findlay, R., Park, C-Y. and Verbiest, J-P. (2015) Myanmar: Unlocking the Potential
A Strategy for High, Sustained, and Inclusive Growth, ADB Working Paper No. 437. Available at: http://www.adb.org/publications/myanmar-unlocking-potential-strategy-high-sustained-inclusive-growth
About Mark Carney:  http://www.bankofengland.co.uk/about/Pages/people/biographies/carney.aspx#

Picture Sources:
The Bank of England:
By Eluveitie (Own work) [CC BY-SA 3.0 (http://creativecommons.org/licenses/by-sa/3.0)], via Wikimedia Commons.  https://commons.wikimedia.org/wiki/File%3ABank_of_England%2C_London.JPG
Quotation source: Bono's TEDx, "The good news on poverty (Yes, there's good news)",

Creative Commons License
လူမှန်နေရာမှန်ခန့်ထားရေးနဲ့ မြန်မာ့စီးပွားရေး by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial 4.0 International License.

Sunday, 29 June 2014

မြန်မာ့စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းပါတ်ဝန်းကျင် စစ်တမ်းကို သုံးသပ်ခြင်း

အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် အထောက်အကူပေးဖို့လိုအပ်တဲ့ မူဝါဒတွေ၊ နည်းဗျူဟာတွေချမှတ်ရာမှာ၊ ဒီလို မူဝါဒတွေချမှတ်နိုင်ဖို့ လိုအပ်တဲ့ သုတေသနတွေ ပြုလုပ်ရာမှာ ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ ပါတ်သက်တဲ့ စာရင်းအင်း အချက်အလက် တွေရရှိဖို့ အလွန်အရေးကြီးပါတယ်။ တိကျမှန်ကန်တဲ့ အချက်အလက်တွေ မရှိဘဲနဲ့ မူဝါဒတွေ၊ နည်းဗျူဟာတွေချမှတ်နေရင်တော့ လူနာကို ဘာမှစမ်းသပ်မှုမလုပ်ဘဲနဲ့ စိတ်ထင်ရာ ကုထုံးနဲ့ ကုသပေးနေသလို အနာတခြား ဆေးတခြားနဲ့ ဆေးအတွက်ပိုလေး ဆိုသလို ဖြစ်တတ်ပါတယ်။ ဒီလို အရေးကြီးတဲ့ စာရင်းအင်း အချက်အလက်တွေ ရရှိဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ  ၂၀၀၂ ခုနှစ်ကစပြီး နိုင်ငံအသီးသီးမှာရှိတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေထဲက လုပ်ငန်းအချို့ကို နမူနာအဖြစ် ရွေးချယ်ပြီး လုပ်ငန်းရဲ့ စွမ်းဆောင်ရည်၊ ယှဥ်ပြိုင်ရမှုအခြေအနေတွေအပြင် လုပ်ငန်းလည်ပါတ်ရာမှာ လိုအပ်တဲ့ ဘဏ္ဍာငွေေကြေးရရှိမှု၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အားစတဲ့ အခြေခံအဆောက်အအုံတွေ ပြည့်စုံမှုရှိမရှိ၊ အာဏာပိုင်တွေရဲ့ အကျင့်ပျက်ချစားမှုနဲ့ ရာဇဝတ်မှုခင်းထူပြောမှုစတာတွေကြောင့် လုပ်ငန်းလည်ပါတ်ရာမှာ အနှောင့်အယှက်ဖြစ်မှု၊ အစရှိတဲ့ အချက်အလက်တွေကို စစ်တမ်း (Business Environment and Enterprise Performance Survey) ကောက်ယူလာတာ အခုဆိုရင် နိုင်ငံပေါင်း ၁၃၅ နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း ၁၃၀,၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းပြီးဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ ကျွန်တော်တို့လို သုတေသီတွေအတွက်တော့ အလွန်အရေးကြီးပါတယ်။ ဒီကမ္ဘာ့ဘဏ်က ကောက်ယူထားတဲ့ စစ်တမ်းအချက်အလက်တွေကို အခြေခံပြီး အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ နိုင်ငံခြားပို့ကုန်ဈေးကွက်မှာ ယှဥ်ပြိုင်နိုင်စွမ်းရှိမှုကို လေ့လာထားတဲ့ သုတေသနစာတမ်း (SME and Exports: An Empirical Analysis of SMEs in Developing and Emerging Economies)ကို စင်ကာပူ စီမံခန့်ခွဲမှုဖွံ့ဖြိုးတိုးတက်ရေးစာစောင် (Management Development Journal of Singapore)မှာ ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး အသွင်ကူးပြောင်းဆဲနိုင်ငံတွေက အသေးစား စီးပွားရေးလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြဌါန်းတဲ့အချက်တွေကို လေ့လာထားတဲ့စာတမ်း (Firm size, institutional environment and SME growth in transition economies)ကိုလည်း နိုင်ငံတကာသုတေသနစာစောင်တခုကို ပေးပို့ထားပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ လိုအပ်တဲ့ ဘဏ္ဍာငွေရှာဖွေတဲ့ သဘောသဘာဝတွေကို လေ့လာထားတဲ့ စာတမ်း (Fractional Multi-Response Logit Regression Estimation of SMEs' Financing Decision)ကိုလည်း မလေးရှားနိုင်ငံဗဟိုဘဏ် (Bank Negara Malaysia)က လက်ခံကျဥ်းပမယ့် အပြည်ပြည်ဆိုင်ရာ စာရင်းအင်းအဖွဲ့  (International Statistical Institute) ၂၀၁၄ ခုနှစ် ဒေသဆိုင်ရာ စာရင်းအင်းပညာ သုတေသနညီလာခံ (Regional Statistics Conference, 2014: Statistical Science for Better Tomorrow)မှာ ဖတ်ကြားတင်ပြဖို့ ရွေးချယ်ခံထားရပါတယ်။

ဒီစာတမ်းတွေ ပြုစုခဲ့တဲ့ အချိန်တုံးက ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူပြီးခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါခဲ့တဲ့ အတွက်၊ ကျွန်တော်တို့ နိုင်ငံက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကို သုတေသနပြုခွင့် မရခဲ့ပါဘူး။ ဒါကြောင့် ဒီနှစ် အစောပိုင်းက မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကို ကမ္ဘာ့ဘဏ်က ဦးဆောင်ပြီး စစ်တမ်းကောက်မယ်လို့ သိရကတဲက ဒီစစ်တမ်းက အချက်အလက်တွေကို စောင့်နေမိပါတယ်။ အခု ဇွန်လ နောက်ဆုံးပါတ်မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ ပါတ်သက်တဲ့ စစ်တမ်းက စာရင်းအင်း အချက်အလက်တွေကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီစာရင်းအချက်အလက် ထုတ်ပြန်ချက်တွေမှာ လုပ်ငန်း အရွယ်အစားနဲ့ သဘောသဘာဝ အပေါ်မူတည်ပြီး ကမ္ဘာ့ဘဏ်က စစ်တမ်း (၃)မျိုး ခွဲခြားထားတာတွေ့ရပါတယ်။ ပထမ စစ်တမ်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမား ၅ ဦးနဲ့အထက် စီးပွားရေးလုပ်ငန်း ၆၃၂ ခုကို နမူနာအဖြစ်ရွေးချယ်ပြီး အချက်အလက်တွေ ကောက်ယူထားတာတွေ့ရပါတယ်။ ဒုတိယစစ်တမ်းမှာတော့ အလုပ်သမား ၅ ဦးအောက် အိမ်တွင်းမှုလုပ်ငန်း ၄၆၀ ကို နမူနာအနေနဲ့ စစ်တမ်းကောက်ယူထားပြီး တတိယစစ်တမ်းမှာ တရားဝင်မှတ်ပုံတင်မထားတဲ့ (Informal) စီးပွားရေးလုပ်ငန်း ၄၀၀ ပါဝင်တာတွေ့ရပါတယ်။ ကမ္ဘာ့ဘဏ်က တခြားနိုင်ငံတွေမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအတိုင်း မြန်မာနိုင်ငံမှာ ကောက်ယူထားတဲ့ စစ်တမ်းတွေမှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ထောင့်စုံအောင် (မေးခွန်းပေါင်း ၃၀၀ ခန့်) မေးမြန်းထားတဲ့အတွက် မြန်မာနိုင်ငံက လုပ်ငန်းတွေအခြေအနေကို သုံးသပ်ရာမှာသာမက၊ တခြားနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေနဲ့ နှိုင်းယှဥ်ရာမှာလည်း ဒီအချက်အလက်တွေက အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ စစ်တမ်းတွေထဲက အရေးကြီးတဲ့ အချက်အချို့ကို တင်ပြထားပြီး၊ ကျွန်တော်ရဲ့သုံးသပ်ချက်တွေကိုလည်း နောက်ဆောင်းပါးတွေမှာ ဆက်လက် ဖေါ်ပြသွားပါမယ်။

ပထမ စစ်တမ်းမှာပါဝင်တဲ့ အလုပ်သမား ၅ ဦးနဲ့အထက် စီးပွားရေးလုပ်ငန်း ၆၃၂ ခုကတော့ အောက်ဖေါ်ပြပါအတိုင်းဖြစ်ပါတယ်။
ဇစ်မြစ်။ www.enterprisessurveys.org

အထက်ပါစီးပွားရေးလုပ်ငန်း ၆၃၂ ခုရဲ့ ပျမ်းမျှသက်တမ်းက ၁၂.၅ နှစ်ဖြစ်ပြီး အာရှ-ပစိဖိတ် (ပျမ်းမျှ ၁၄ နှစ်) အခြားနိုင်ငံများ (ပျမ်းမျှ ၁၅.၈ နှစ်)နဲ့ နှိုင်းယှဥ်ရင် သက်တမ်းနုနယ်သေးတာတွေ့ရပါတယ်။ လုပ်ငန်းစုစုပေါင်းရဲ့  ၉၉.၃ ရာခိုင်နှုံးဟာ ပြည်တွင်းလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်ပြီး အာရှ-ပစိဖိတ် နဲ့ အခြားနိုင်ငံတွေမှာတော့ ၈၈ ရာခိုင်နှုံးခန့်ရှိတာတွေ့ရပါတယ်။ ဒါအပြင် လုပ်ငန်းစုစုပေါင်းရဲ့  ၅ ရာခိုင်နှုံးခန့် သာ သူတို့ထုတ်လုပ်မှုအချို့ကို နိုင်ငံခြား တိုက်ရိုက် (သို့မဟုတ်)တဆင့်ခံပြီး တင်ပို့နေတာတွေ့ရပါတယ်။  အာရှ-ပစိဖိတ်ကနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေမှာတော့ လုပ်ငန်းစုစုပေါင်းရဲ့ ၁၃.၆ ရာခိုင်နှုံးနဲ့ ၁၆.၃ ရာခိုင်နှုံးဟာ အသီးသီးရှိပါတယ်။ ဒီအချက် ၃ ချက်ကိုအခြေခံပြီး သုံးသပ်ရင်ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေဟာ တခြားနိုင်ငံက လုပ်ငန်းတွေနဲ့စာရင် အတွေ့အကြုံနုနယ်သေးတာ၊ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေရဲ့ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ၊ နည်းပညာ၊ အဆက်အသွယ်တွေကို အသုံးချပြီး ပြည်တွင်း လုပ်ငန်းတွေရဲ ယှဥ်ပြိုင်နိုင်စွမ်း တိုးတက်လာအောင် ဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိသေးတာ တွေ့ရပါတယ်။

အောက်ဖေါ်ပြပါဇယားမှာမြန်မာနိုင်ငံက စီးပွားရေးပါတ်ဝန်းကျင်မှာ တွေ့ကြုံရတဲ့ အကျင့်ပျက်ချစားမှု အတိုင်းအတာ ပါတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို နှိုင်းယှဥ်တင်ပြထားပါတယ်။


မြန်မာ
အရှေ့အာရှ-ပစိဖိတ်
နိုင်ငံအားလုံး
လာဘ်ငွေတောင်းခံမှု အနည်းဆုံး (၁)ကြိမ် တွေ့ကြုံရသည့် လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၄၂.၉ %
၂၄.၂%
၁၇.၃ %
အခွန်အရာရှိနဲ့တွေ့ဆုံရာမှာ လက်ဆောင်ပေးမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၃၇.၁ %
၁၄.၉ %
၁၂.၂ %
လုပ်ငန်းလိုင်စင်ရရန် လက်ဆောင်ပေးမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၃၈.၉ %
၁၃.၇ %
၁၃.၆ %
သွင်းကုန်လိုင်စင်ရရှိရန် လက်ဆောင်ပေးမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၅၃.၅ %
၁၈.၂ %
၁၂.၇ %
အဆောက်အဦးဆောက်လုပ်ခွင့်ရရန် အတွက် လက်ဆောင် ပေးမယ်လို့ မျှော်လင့်တဲ့လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၄၆.၅ %
၂၈.၇ %
၂၂.၄ %
လျှပ်စစ်ဓါတ်အားသွယ်တန်းရရှိရန်အတွက် လက်ဆောင် ပေးမယ်လို့မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၅၅.၈ %
၂၄.၁ %
၁၅.၈ %
အကျင့်ပျက်ချစားမှုဟာ လုပ်ငန်းလုပ်ကိုင်ရာမှာ အဓိက အဟန့်အတား တခုဖြစ်တယ်လို့ သတ်မှတ်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၉.၃ %
၂၂.၃ %
၃၅.၃ %
ဇစ်မြစ်။ www.enterprisessurveys.org

အထက်ကဇယားမှာ ဖေါ်ပြထားတဲ့ အချက်အလက်တွေအရ အခြားနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေနဲ့ နှိုင်းယှဥ်ရင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကြုံတွေ့ရတဲ့ အကျင့်ပျက်ချစားမှုဟာ ၃ ဆလောက် ပိုမိုဆိုးဝါးတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ ဒီလိုမျိုး ဆိုးဝါးလှတဲ့ လာဘ်ပေးလာဘ်ယူ ချစားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာတောင် ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်တမ်းမှာ ပါဝင်တဲ့ လုပ်ငန်းစုစုပေါင်းရဲ့  ၉ ရာခိုင်နှုံးကျော်ကျော်ကဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အကျင့်ပျက်ချစားမှုဟာ အဓိက အဟန့်အတားတခုဖြစ်တယ်လို့ သတ်မှတ်တာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံလောက် အကျင့်ပျက်ချစားမှုပြဿနာမရှိတဲ့ အခြားနိုင်ငံတွေမှာတောင် စစ်တမ်းမှာပါတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံတစ်ပုံကျော် (၃၅ ရာခိုင်နှုံး)က စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အကျင့်ပျက်ချစားမှုဟာ အဓိက အဟန့်အတားတခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကို သုံးသပ်လိုက်ရင် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ချစားမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပါတ်ဝန်းကျင်မှာ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးအမြစ်တွယ်နေပြီလဲ ဆိုတာကိုကောက်ချက်ချနိုင်ကြောင်းပါ။

နောက်တင်ပြမယ့် ဆောင်းပါးတွေမှာ အခြား စိတ်ဝင်စားစရာ သုံးသပ်ချက်တွေကိုလည်း ဆက်လက် ဖေါ်ပြသွားပါမယ်။ ဒီမြန်မာ့ စီးပွားရေးပါတ်ဝန်းကျင် စစ်တမ်းက အချက်အလက်တွေကို  http://www.enterprisesurveys.org/Data/ExploreEconomies/2014/myanmar မှာတွေ့နိုင်ပါတယ်။ တကယ်လို့ အသေးစိတ်သုတေသနလုပ်ချင်လို့ စစ်တမ်းပါအချက်အလက်အားလုံးနဲ့ စစ်တမ်းမေးခွန်းတွေကို ရယူလိုရင်တော့ အထက်ပါဝက်ဘ်ဆိုက်မှာ မိမိသုတေသနပြုလုပ်လိုတဲ့ အကြောင်းအရာကို တင်ပြပြီး user name နဲ့ password ကိုရယူနိုင်ပါတယ်။ အချက်အလက်တွေကို download လုပ်ယူရာမှာတော့ Econometric Software တခုဖြစ်တဲ့ STATA လိုအပ်ပါတယ်။

ရည်ညွန်းကိုးကား။
www.enterprisessurveys.org
Chit, M, (2012) ‘SMEs and Exports: An Empirical Analysis of SMEs in Developing and Emerging Economies’, Management Development Journal of Singapore, 18(1), pp. 29-47.

Creative Commons License
မြန်မာစီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းပါတ်ဝန်းကျင် စစ်တမ်းကို သုံးသပ်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial 4.0 International License.

Saturday, 20 April 2013

ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နဲ့ တရားမျှတမှု (Property Right and Justice)

စီးပွားရေးလုပ်ငန်းတခုကို စတင်ခြင်းဆိုတဲ့ အွန်လိုင်းသင်ခန်းစာတွေကို ဘလော့ပေါ်မှာ တင်နိုင်ဖို့အတွက် လုံးပမ်းနေတာ (၂)လလောက် ရှိပါပြီ။ သင်ခန်းစာနဲ့ပါတ်သက်တဲ့ ပါဝါပွိုင့်ဆလိုက်တွေ အားလုံး ပြင်ဆင်ပြီးပေမယ့်၊ ဒီဆလိုက်တွေကို အသံထဲ့ပြီး ဗွီဒီယိုဖိုင်အဖြစ်ပြောင်းတာ ထင်တာထက်ပိုပြီး ကြာနေတဲ့အတွက် မတင်နိုင်သေးပါ။ ဒီကြားထဲမှာ အရင် Middlesex University မှာလုပ်နေတုံးက လုပ်ဖေါ်ကိုင်ဖက်တယောက်နဲ့ စခဲ့တဲ့ သုတေသနစာတမ်းတစ်စောင်ကို ဒီလ ၂၅ ရက်နေ့ University of Southampton မှာကျင်းပမယ့် International Conference on Global Finance Crisis: European Financial Market and Institutions မှာဖတ်ကြားဖို့ ရွေးချယ်ခံထားရတဲ့အတွက် စာတမ်းကို အချောသပ်နေရတာလဲ ပါပါတယ်။ ဒီသုတေသနစာတမ်းက ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်း ကာလ အတွင်း ဥရောပတိုက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြုပ်နှံမှုဘဏ္ဍာငွေအရင်းအမြစ်ကို ဘယ်လိုအချက်တွေက ပြဌါန်းသလဲဆိုတာ (The Determinants of Debt and Debt Diversification: Empirical Evidence from European Non-financial Firms) ဥရောပတိုက်နိုင်ငံ ၂၅ နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း ၅၆၃၉ ခုရဲ့စာရင်းအင်းအချက်အလက်တွေအပေါ်မှာ အခြေခံပြီး လေ့လာထားတာပါ။ ဒီသုတေသနနဲ့ အလားတူ အာရှနဲ့ပစိဖိတ်ဒေသနိုင်ငံ ၁၅ နိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေး အခြေအနေကို ဘယ်လိုအကြောင်းအချက်တွေက ပြဌါန်းသလဲဆိုတဲ့ (Impact of Credit Ratings on Leverage, Debt Maturity and Sources of Funding For Asian Firms Before and During the 2007-2009 Financial Crises) စာတမ်းတစောင်ကိုလည်း ဒီ Middlesex University ကလုပ်ဖေါ်ကိုင်ဖက်နဲ့ ပူးပေါင်းပြီး ပြုစုနေပါတယ်။

အထက်ပါ စာတမ်း (၂)စောင်အပြင် အသွင်ကူးပြောင်းစနိုင်ငံတွေက အသေးစားနဲ့ အလတ်စား စီးပွားရေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြဌါန်းတဲ့ အချက်တွေ (Firm, Institutional and Macroeconomic Determinants of SME growth: Empirical Evidence from Transition Economies) ကို အရှေ့ဥရောပနှင့် အလယ်အာရှက လုပ်ငန်းပေါင်း ၉၅၂၂ ခုရဲ့စာရင်းအင်းအချက်အလက်တွေ အသုံးပြုပြီးလေ့လာထားတဲ့ စာတမ်းတစောင်ကိုလည်း ဒီလထဲမှာ အပြီးသပ်ဖို့ ကြိုးစားနေပါတယ်။ ဒီသုတေသနစာတမ်းက စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ရှိချက်တခုကတော့ အသွင်ကူးပြောင်းစနိုင်ငံတွေမှာ နိုင်ငံရေးအရ ပိုမိုပွင့်လင်းလာမှုက အဲဒီနိုင်ငံတွေမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ် ဆိုတဲ့အချက်ပါဘဲ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတခုကတော့ နိုင်ငံရေးအရ ပိုမိုပွင့်လင်းလာမှုနဲ့အတူ အလုပ်သမားတွေက အရင်ကမရခဲ့တဲ့ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ လုပ်လာတဲ့အတွက် အဲဒီလိုတောင်းဆိုမှုတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်မထားတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းထဲမှာ ဘွဲ့ရပညာတတ် အချိုးအစားများတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ နိုင်ငံရေးအရ ပိုမိုပွင့်လင်းလာမှုက အဆိုပါလုပ်ငန်းတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ အထောက်အကူပြုတာကို တွေ့ရပါတယ်။

ဒီလုပ်လက်စ သုတေသနစာတမ်း (၃)စောင်ကို အပြီးသပ်ပြီးတာနဲ့ ဒီလအကုန်၊ နောက်လဆန်းလောက်မှာ အွန်လိုင်းသင်ခန်းစာတွေကို ဘလော့ပေါ်မှာ တင်ပေးပါမယ်။ ဒီသင်တန်းနဲ့ ပါတ်သက်တဲ့ မေးခွန်းလွှာကို ဖြေဆိုပေးတဲ့ မိတ်ဆွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။

ဒီအတောအတွင်းမှာ အွန်လိုင်းမှာ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ Michael Sandel ပို့ချနေတဲ့ တရားမျှတမှု (Justice) ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ်ဆိုင်ရာ သင်ခန်းစာတွေနဲ့ ဝက်စလီယံတက္ကသိုလ် (Wesleyan University) က ပါမောက္ခ Richard Adelstein ပို့ချတဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ ပေးရန်တာဝန် (Property and Liability)ဆိုတဲ့ ဥပဒေနဲ့စီးပွားရေးဆိုင်ရာ သင်ခန်းစာတွေကို လေ့လာဖြစ်ပါတယ်။ ဒီလိုလေ့လာရင်းနဲ့ စဉ်းစားမိတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလို အသွင်ကူးပြောင်းစနိုင်ငံတွေမှာ တွေ့ကြုံနေရတဲ့ အဓိကပြဿနာတရပ်ဖြစ်တဲ့ စီးပွားရေးနှင့် နိုင်ငံရေးစံနစ် အထိုက်အလျောက် ပွင့်လင်းလာသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အခြားအဖွဲ့အစည်းများလိုက်ပါတိုးတက်လာမှု မရှိသေးတဲ့ပြဿနာမျိုးကို ဘယ်လိုတရားနည်းလမ်းကျစွာဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေရာမှာ ဒီသင်ခန်းစာတွေက အထောက်အကူပြုနိုင်တယ်ဆိုတဲ့ အချက်ပါ။ အထူးသဖြင့် နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ လေ့လာသင့်တယ်လို့ တိုက်တွန်းလိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတခုကတော့ ဒီလိုသင်ခန်းစာတွေကို အွန်လိုင်းကတဆင့် လေ့လာဖို့  အင်တာနက်ကွန်နက်ရှင်း မကောင်းသေးတာပါဘဲ။  ဒါကြောင့် ဒီအွန်လိုင်းသင်ခန်းစာတွေထဲက ကိုယ်နားလည်သလောက်ကို မြန်မာလိုပြန်ဆိုပြီး ဒီဘလော့ရဲ့ မျက်မှောက်ရေးရာဆိုတဲ့ ခေါင်းစီးအောက်မှာ တင်ပေးပါမယ်။ တကယ်လို့ မူရင်းသင်ခန်းစာပို့ချချက်တွေကို စိတ်ဝင်စားလို့ နားထောင်ချင်တယ် ဆိုရင်လည်း ဒီဘလော့ရဲ့ ကွန်မန့်ဘောက်မှာဖြစ်စေ administrator@myanmar-smallbusiness.org ကို ဆက်သွယ်ပြီးဖြစ်စေ တောင်းဆိုနိုင်ပါတယ်။ ဒေါင်းလုပ်လုပ်ထားတဲ့ သင်ခန်းစာ ပို့ချချက်တွေကို နည်းလမ်းရှာကြံပြီး ပို့ပေးပါမယ်။  
   
ဒီဘလော့ကို စတင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တချပ်သဲတပွင့်အဖြစ် အထောက်အကူဖြစ်လိုဖြစ်ညား ကိုယ်တတ်သိနားလည် သလောက်လေးကို မျှဝေပေးဖို့ပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေးပွင့်လင်း လာသည်နှင့်အမျှ လူငယ်များ၏ စီးပွားရေးနှင့် နိုင်ငံရေးအပေါ်စိတ်ဝင်စားမှု မြင့်တက်လာတာကို တွေ့မြင်နေရတဲ့အတွက်  နိုင်ငံရေးကို စိတ်ပါဝင်စားသော လူငယ်များအနေဖြင့် PPE ဟု လူသိများသော နိုင်ငံရေးသိပ္ပံ (Politics)၊ ဒဿနိက (Philosophy) နှင့် ဘောဂဗေဒ (Economics) ဘာသာရပ်များနှင့် ဥပဒေပညာရပ်ကို လေ့လာစေလိုတဲ့အတွက် ကျွန်တော် နားလည်သလောက်ကို ဒီဘလော့မှာ မျှဝေပေးရခြင်းဖြစ်ပါတယ်။ ဒီ PPE ဘာသာရပ်တွေရဲ့  နိုင်ငံရေးနယ်ပယ်မှာ တွင်ကျယ်အသုံးဝင်မှုကို ဥပမာပြရလျှင် ယခု ဗြိတိန်နိုင်ငံဝန်ကြီးချုပ် နှင့် အာဏာရ ညွှန်းပေါင်းအဖွဲ့ အစိုးရအဖွဲ့ဝင် အချို့ဟာ PPE ဘွဲ့ရများဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိစစ် စသူတို့ဟာလဲ အောက်(စ)ဖို့ဒ်တက္ကသိုလ်မှ PPE ဘွဲ့ရခဲ့သူများဖြစ်ပါတယ်။

အသွင်ကူးပြောင်းစနိုင်ငံများတွင် စီးပွားရေးနှင့် နိုင်ငံရေးစံနစ် အထိုက်အလျောက် ပွင့်လင်းလာသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အခြားအဖွဲ့အစည်းများလိုက်ပါတိုးတက်လာမှု မရှိသေးတဲ့ အခြေအနေမျိုးမှာ အဓိကကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာကတော့ ဈေးကွက်အခြေပြု စီးပွားရေးစံနစ်၏ အဓိကကျောရိုးမဏ္ဍိုင် နှစ်ခုဖြစ်သော ပုဂ္ဂလိကပိုင်ဆိုင်မှု (Private Property) နှင့် နှစ်ဦးနှစ်ဘက် သဘောတူညီထားသည့် ပဋိဥာဏ် (Contract) ကို မည်ကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုမည်၊ မည်ကဲ့သို့ ကာကွယ်မည်၊ မည်ကဲ့သို့ခွဲဝေမည် စတဲ့အချက်တွေဖြစ်ပါသည်။ အဲဒီအတွက် ပုဂ္ဂလိကပိုင်ဆိုင်မှု ဘယ်ကဆင်းသက်လာတယ်၊ ဒီပိုင်ဆိုင်မှုတွေကို တစ်ဦးနဲ့ တစ်ဦးကြား ဘယ်လိုလွှဲပြောင်းမယ်၊ လွှဲပြောင်းတဲ့နေရာမှာ မျှတအောင် ဘယ်လိုတန်ဘိုးဖြတ်မယ် ဆိုတဲ့ အချက်တွေနဲ့ ပါတ်သက်တဲ့ နိုင်ငံရေး၊ ဒဿနိကနဲ့ စီးပွားရေးဆိုင်ရာ အခြေခံသီအိုရီတွေကို ကျွန်တော်နားလည်သလောက် တင်ပြပေးပါမယ်။ ဒီလိုတင်ပြရာမှာ သီအိုရီတွေကို ဘက်လိုက်မှုမရှိ အစွဲကင်းစွာ တင်ပြပေးမှာဖြစ်ပြီး၊ စာဖတ်သူအနေနဲ့ မိမိရဲ့ကိုယ်ပိုင်အတွေ့အကြုံ၊ ခံယူချက်၊ ယုံကြည်ချက် အပေါ်မှာ မူတည်ပြီး လွတ်လပ်စွာ ငြင်းခုံခွင့်၊ သဘောတူညီခွင့် ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ပြီး ဆွေးနွေးငြင်းခုံကြပါလို့လဲ တိုက်တွန်းပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ တင်ပြချင်တဲ့ အချက်တခုကတော့ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံးတွေကို ကျွန်တော် တတ်စွမ်းနားလည်သလောက် မြန်မာဘာသာပြန်ဆိုပြီး ဖေါ်ပြပေးပါမယ်။ ဒါပေမယ့် တချို့ဘာသာရပ်ဆိုင်ရာ အသုံးအနှုံးတွေကို မြန်မာဘာသာပြန်ရာမှာ ကျွန်တော်အနေနဲ့ ဆိုလိုရင်းကို အတိအကျပြန်ဆိုပေးနိုင်စွမ်းမရှိတဲ့အတွက် မြန်မာ-အင်္ဂလိပ် (၂) ဘာသာနဲ့တင်ပြပေးထားပါတယ်။ ဥပမာ Social Utility ဆိုတဲ့ အသုံးအနှုံးဆိုပါစို့။ Social ဆိုတဲ့စကားလုံးမြန်မာလို အကြမ်းဖျင်းပြန်ဆိုရင် လူမှုရေး (ပေါင်းသင်းဆက်ဆံရေး) လို့ အဓိပ္ပါယ်ရမယ် ထင်ပါတယ်။ ဒါပေမယ့် မူရင်းအဓိပ္ပါယ်က ဒီထက်ကျယ်ပြန့်ပြီး လူသားတွေရဲ့စားဝတ်နေရေး၊လူမှုဘဝ ဆက်ဆံရေး စတဲ့ အချက်တွေကို ခြုံငုံမိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဒီထက် ပိုမိုကျယ်ပြန့်တဲ့ အင်္ဂလိပ်စကားလုံးတခုကတော့ utility ဆိုတဲ့ ဘောဂဗေဒဆိုင်ရာ အသုံးအနှုံးပါဘဲ။ Utility ကို အတိအကျပြန်ဆိုရရင် ကုန်စည်တခု၊ ဝန်ဆောင်မှုတခုကို စားသုံးလိုက်ရာက စားသုံးသူတစ်ဦးမှာ ရရှိခံစားရတဲ့ စိတ်ကျေနပ်နှစ်သိမ့် ပျော်ရွင်မှုလို့ ဆိုလိုရာရောက်မယ်လို့ထင်ပါတယ်။ ဒီအသုံးအနှုံး (၂)ခုကို ပေါင်းစပ်ထားတဲ့ social utility ဆိုတဲ့ စကားစုကို ကျွန်တော့်အနေနဲ့ လူမှုဘဝဆိုင်ရာ ချမ်းသာသုခလို့ ပြန်ဆိုထားပါတယ်။ တကယ်လို့ ကျွန်တော်ရဲ့ ဘာသာပြန်ဆိုမှုတွေ မတိကျရင်၊ မှားယွင်းနေရင် ပြင်ဆင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

ပထမဆုံးအနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းပါ။ 

ဒီမေးခွန်းက ရိုးစင်းတယ်လို့ထင်ရပေမယ့် အဖြေက ခက်ခဲပါတယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှု ဆိုတာဘာလဲဆိုတာနဲ ့ပါတ်သက်ပြီး အဓိကအမြင် (၂)မျိုးရှိပါတယ်။ ပထမ အမြင်ကတော့ ၁၈၀၀ ခုနှစ်မတိုင်မှီက အင်္ဂလိပ် တွေးခေါ်ပညာရှင် ဂျွန်လော့(ခ) (John Locke) ဖေါ်ထုတ်ခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အဟောင်းဖြစ်ပြီး၊ ဒုတိယအမြင်ကတော့ ၁၈၀၀ ခုနှစ်နောက်ပိုင်းမှာ အင်္ဂလန်နိုင်ငံက တွေးခေါ်ပညာရှင်နောက်တစ်ဦးဖြစ်တဲ့ ဂျရမီဘင်သမ်(မ) (Jeremy Bentham) အစပြုခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်ဖြစ်ပါတယ်။

ဂျွန်လော့(ခ)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အဟောင်းအရ ပုဂ္ဂလိကပိုင်ဆိုင်မှုကို လူပုဂ္ဂိုလ်နဲ့ အရာဝတ္ထုပစ္စည်း အကြားဆက်နွယ်မှုအရ သတ်မှတ်ပါတယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်အရ ပိုင်ဆိုင်မှုဆိုတာ ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေကြအတိုင်းပါဘဲ။ ဥပမာ ဒီလယ်ကွက်ဟာ ကျွန်တော်ရဲ့လယ်ကွက်၊  သူများ လယ်ကွက်မဟုတ်ဘူး၊ ဒါကြောင့်ကျွန်တော်ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်တယ်လို့ ဆိုသလိုပါ။ ဒီအမြင်အရ ပုဂ္ဂလိကပိုင်ဆိုင်မှုမှာ အချက် (၃)ချက်ပါရှိပါတယ်။ ပထမအချက်ကတော့ ပိုင်ဆိုင်မှု (possession)         ဖြစ်ပါတယ်။ ဒီပိုင်ဆိုင်မှုဟာ သီးသန့်ပိုင်ဆိုင်မှု (exclusivity) ဖြစ်ပါတယ်။ ဒီလယ်ကွက်ဟာ ကျွန်တော်ပိုင်ဆိုင်တဲ့ လယ်ကွက်လို့ ဆိုလိုက်တာနဲ့ တခြားသူပိုင်ဆိုင်ခွင့် မရှိပါဘူး။ ကျွန်တော်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အသုံးပြုလို့မရပါ။ ဒီလို တဦးတည်းအသုံးပြုပိုင်ခွင့် (exclusive right to use) က ပုဂ္ဂလိကပိုင်ဆိုင်မှုရဲ့ အရေးပါတဲ့ ဒုတိယအချက်ဖြစ်ပါတယ်။ ဒီလယ်ကွက်ကို ကျွန်တော်ပိုင်တဲ့အတွက် ကျွန်တော်ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား အတွက် ကျွန်တော်သုံးချင်သလို သုံးလို့ရတယ်လို့ဆိုလိုခြင်းပါ။ နောက်ဆုံးအချက်ကတော့ မိမိပိုင်တဲ့ပစ္စည်းကို စွန့်ပစ်ပိုင်ခွင့် (disposition) ဖြစ်ပါတယ်။ ဒီလယ်ကွက်ကို ကျွန်တော်ပိုင်တဲ့အတွက် သူများကိုပေးကမ်းပိုင်ခွင့်၊ ရောင်းချပိုင်ခွင့်လဲ ကျွန်တော့်မှာရှိတယ် ဆိုတဲ့အချက်ပါဘဲ။

၁၈၀၀ ခုနှစ်နောက်ပိုင်းကစပြီး အသုံးများလာတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်အရဆိုရင်တော့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းကို ခွဲခြားထားပါတယ်။ ဒီဖွင့်ဆိုချက်အရ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာ ပစ္စည်းတခုကို ဘယ်လိုအသုံးပြုမယ်ဆိုတာနဲ့ပါတ်သက်ပြီး လူတစုနဲ့ တခြားလူတစုအကြား ဆက်ဆံရေးဖြစ်ပါတယ်။ ဂျွန်လော့(ခ)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အဟောင်းအရ ပိုင်ဆိုင်မှုနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းဆိုတာ အတူတူဘဲဖြစ်ပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်အရ ပစ္စည်းတခုမှာ အသုံးပြုနိုင်မှု တမျိုးထက်ပိုရှိနိုင်ပြီး ပိုင်ဆိုင်မှုဆိုတာ အဆိုပါပစ္စည်းကို အသုံးပြုပိုင်ခွင့်ပေါ်မှာ မူတည်ပါတယ်။  ဒါကြောင့် ပစ္စည်းတခုကို အသုံးပြုနိုင်မှုတိုင်းအတွက် မတူညီတဲ့ ပိုင်ဆိုင်ခွင့်တွေ ရှိနိုင်ပါတယ်။ ဥပမာ ကျွန်တော်ပိုင်တဲ့လယ်ကွက်မှာ ကျွန်တော်စိုက်ချင်တဲ့သီးနှံစိုက်လို့ရတယ်၊ မစိုက်ချင်ရင်လဲဒီအတိုင်းထားလို့ရတယ်၊ ကျွန်တော့်မှာ ဒီလယ်တကွက်နဲ့ပါတ်သက်ပြီး အဆိုပါပိုင်ဆိုင်ခွင့်တွေရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလယ်ကွက်နဲ့ပါတ်သက်နေတဲ့ အသုံးပြုနိုင်မှုအားလုံးကို ပိုင်ဆိုင်ခွင့်တော့ ကျွန်တော့်မှာ မရှိပါဘူး။ ဒီလယ်ကွက်ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတွေထဲမှာ ကျွန်တော် ပြုလုပ်ခွင့်မရှိတာတွေရှိပါတယ်။ ကျွန်တော်ပိုင်တဲ့လယ်ကွက်မှာ ကျွန်တော်စိုက်ချင်တဲ့သီးနှံစိုက်လို့ရပေမယ့် မူးယစ်စေတတ်တဲ့ ဘိန်းတို့၊ ဆေးခြောက်တို့တော့ စိုက်ခွင့်မရှိပါဘူး။ အနီးအနားက သူများပိုင်တဲ့ လယ်ကွက်တွေကို ထိခိုက်စေမယ်ဆိုရင် ကျွန်တော့်ပိုင်တဲ့ လယ်ကွက်ကိုမီးရှို့ခွင့် ကျွန်တော့်မှာ မရှိပါဘူး။ ဘာသီးနှံမှ မစိုက်ချင်ရင် ဒီအတိုင်းထားလို့ရပေမယ့် ဥပဒေကတားမြစ်ထားတာတွေကိုတော့ ဒီလယ်ကွက်ပေါ်မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။ တနည်းဆိုရရင် ကျွန်တော်ရဲ့လယ်ကွက်မှာ ဥပဒေနဲ့မညီတဲ့အပြုအမူတွေ လုပ်ပိုင်ခွင့်ကို အာဏာပိုင်တွေက ပိုင်ဆိုင်တာဖြစ်ပြီး၊ သူတို့ရဲ့ပိုင်ဆိုင်မှုကို အသုံးချကာ ကျွန်တော်ကို တားမြစ်ထားခြင်းဖြစ်ပါတယ်။

အထက်ပါပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်ပါတ်သက်သည့် အမြင် (၂)မျိုးဟာ စီးပွားရေး၊ နိုင်ငံရေးနှင့် တရားမျှတမှုတို့မှာ အလွန်အရေးပါပါတယ်။ ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ လက်ပန်းတောင်းတောင်ပြဿနာလို ကိစ္စမျိုးတွေကို ဖြေရှင်းဘို့၊ ဒီထက်ပိုပြီးပြောရရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အာမခံနိုင်ဘို့ဆိုရင် ပိုင်ဆိုင်ခွင့်ကို တရားမျှတစွာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ဒီလို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ဖို့အတွက် ပုဂ္ဂလိကပိုင်ဆိုင်မှု ဘယ်ကဆင်းသက်လာကလဲဆိုတာနဲ့ ပါတ်သက်တဲ့ သီအိုရီ (၂) ရပ်ကို နောက်ဆောင်းပါးမှာ ဖေါ်ပြပေးပါမယ်။ ခုလောလောဆယ်တော့ အထက်ဖေါ်ပြပါ အမြင် (၂)မျိုးအနက် ဘယ်အမြင်ကို သဘောတူပါသလဲ။

ရည်ညွန်းကိုးကား

Creative Commons License
ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နဲ့ တရားမျှတမှု by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

Saturday, 12 January 2013

စီးပွားရေးလုပ်ငန်းပုံစံ ဖေါ်ဆောင်ခြင်း (Business Model Generation)

ပြီးခဲ့သော ဆောင်းပါးများတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော မူဝါဒဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းတခု စတင်ရာတွင် လိုအပ်သည့် လုပ်ငန်းစီမံချက်ရေးဆွဲခြင်း (Writing Business Plan)ဈေးကွက်သုတေသနပြုလုပ်ခြင်း (Marketing for Small Business) စသည်တို့ကိုတင်ပြခဲ့ပါသည်။ စာရေးသူ၏ ယုံကြည်ချက်မှာ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရာတွင် လုပ်ငန်းရှင်နှင့် မန်နေဂျာများအနေဖြင့် သမရိုးကျ မိရိုးဖလာ စီမံခန့်ခွဲမှုနည်းစံနစ်များကို ဖက်တွယ်နေ၍ မရဘဲ၊ ခေတ်မှီ စီမံခန့်ခွဲမှု နည်းပညာများကို လေ့လာ အသုံးချရန်လိုအပ်သည်ဆိုသည့် အချက်ဖြစ်ပါသည်။ သို့မဟုတ်ပါက ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အပြည်ပြည်ဆိုင်ရာဈေးကွက်ကို ထိုးဖေါက်နိုင်ရေး၊ ပွင့်လင်းလာသောစီးပွားရေးစံနစ်အရ ဝင်ရောက်လာမည့် နိုင်ငံခြားကုန်စည်၊ ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်နိုင်ရေးတို့မှာ ရွှေပြည်တော်မျှော်တိုင်းဝေးဆိုသလို ဖြစ်နေပါမည်။

ဤနေရာတွင်အလျဉ်းသင့်၍ တင်ပြလိုသည့်အချက်တခုမှာ အသေးစားစီးပွားရေးလုပ်ငန်းများ၏ အရေးပါမှုဖြစ်ပါသည်။ စာရေးသူ၏ ယခင်ဆောင်းပါးများတွင် နိုင်ငံတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တည်းနိုင်မှုတို့တွင် အသေးစားစီးပွားရေးလုပ်ငန်းများ၏ အရေးပါမှုကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ အခြားအရေးပါသည့်အချက်မှာ အသေးစားစီးပွားရေးလုပ်ငန်းများအနေဖြင့် အမြဲတမ်း လုပ်ငန်းငယ်များအဖြစ် လည်ပါတ်နေမည်မဟုတ်ပါ။ ယနေ့ ကမ္ဘာပေါ်တွင် ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးများဖြစ်သည့် ဂူးဂယ်(လ်)၊ ဖေ့(စ)ဘွတ်(က)၊ အက်ပဲ(လ်) စသည့်ကုမ္ပဏီကြီးများမှာ အသေးစားလုပ်ငန်းများအဖြစ် အစပြုခဲ့ကြပါသည်။ ဥပမာ အက်ပဲ(လ်)ကုမ္ပဏီသည် Steve Jobs, Steve Wozniak နှင့် Ronald Wayne တို့ သုံးဦးက ကားဂိုဒေါင်တခုထဲတွင် အစပြုခဲ့သည့် လုပ်ငန်းလေးမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။  ဤကဲ့သို့ အသေးစားစီးပွားရေးလုပ်ငန်း တခုကို အောင်မြင်တည်တန့်သည့် ကမ္ဘာကျာ်ကုမ္ပဏီကြီးတခုအဖြစ်သို့ အသွင်ကူးပြောင်းရာတွင် ခေတ်မှီ စီမံခန့်ခွဲမှု နည်းပညာများ၏ အခန်းကဏ္ဍက အလွန်အရေးပါပါသည်။

ယခုဆောင်းပါးမှစ၍ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်းသစ်တခု စတင်ရာတွင် အရေးပါသည့် စီးပွားရေးလုပ်ငန်းတခုအတွက်ရှေ့ပြေးပုံစံ ဖန်တည်းခြင်း (Business Model Generation) ကို အခန်းဆက်တင်ပြသွားပါမည်။ စီးပွားရေးလုပ်ငန်းတခုအတွက်ရှေ့ပြေးပုံစံ ဖန်တည်းခြင်း (Business Model Generation)သည် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များလောကတွင် အလွန်ရေပန်းစားနေသည့် ခေါင်းစဉ် တခုဖြစ်ပြီး မူရင်းစာရေးသူများ စီစဉ်သည့်ဆွေးနွေးပွဲများကို ဒေါ်လာထောင်ချီပေးပြီး တက်ရောက်ကြပါသည်။ လွန်ခဲ့သည့် လေးလခန့်က စင်္ကာပူတွင် ကျဉ်းပခဲ့သည့် နှစ်ရက်ကြာဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် စင်္ကာပူဒေါ်လာ ၂၀၀၀ ခန့်ပေးရသည်ဟု သိရှိရပါသည်။

စီးပွားရေးလုပ်ငန်းတခု အောင်မြင်တည်တန့်နိုင်ရေးအတွက် အဆိုပါလုပ်ငန်းမှထုတ်လုပ်လိုက်သည့် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုက စားသုံးသူနှင့် လုပ်ငန်းရှင်အတွက် တန်ဘိုးဖန်တည်းပေးနိုင်ရန် (value creation) လိုအပ်ပါသည်။ စားသုံးသူအတွက် တန်ဘိုးဖန်တည်းခြင်းဆိုသည်မှာ ကုန်ပစ္စည်းကို စားသုံးခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူး (စိတ်ကျေနပ်မှု၊ ပြဿနာဖြေရှင်းနိုင်မှု)က ၎င်းကုန်စည် အတွက်ပေးရသည့် ဈေးနှုံးထက်ပိုများသည်ဟု ခံယူခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် စားသုံးသူ၏ အမြင်တွင် ပစ္စည်းက ပေးရသည့်ဈေးနှင့်စာလျှင်တန်သည်ဟု ယုံကြည်နေခြင်းဖြစ်ပါသည်။ လုပ်ငန်းရှင်အတွက် တန်ဘိုးဖန်တည်းခြင်းဆိုသည်မှာ ကုန်ပစ္စည်း၏ဈေးနှုံးက ၎င်းကုန်စည်ထုတ်လုပ်ရာတွင် ကုန်ကျသည့် စားရိတ်ထက် ပိုများခြင်းဖြစ်ပါသည်။ လုပ်ငန်းရှင်အတွက် တန်ဘိုးမှာ လုပ်ငန်းမှရရှိလာသည့် အမြတ်ဖြစ်ပါသည်။ ပိုမိုရှင်းလင်းစွာ မြင်သာရန်အတွက် ဤတန်ဘိုးဖန်တည်းခြင်းဖြစ်စဉ်ကို အောက်ဖေါ်ပြပါ ညီမျှခြင်းများဖြင့်ဖေါ်ပြနိုင်ပါသည်။

  • စားသုံးသူအတွက်တန်ဘိုး   =  အကျိုးကျေးဇူး (Benefits) - ဈေးနှုံး (Price)
  • လုပ်ငန်းရှင်အတွက်တန်ဘိုး = ဈေးနှုံး (Price) - ထုတ်လုပ်မှုစားရိတ် (Costs)

 အထက်ပါ ညီမျှခြင်း (၂) ခုအနက် တခုခုတွင် အနှုတ်လက္ခဏာပြနေပါက၊ စီးပွားရေးလုပ်ငန်းတရပ် အနေဖြင့် ရေရှည်တည်တန့်နိုင်မည်မဟုတ်ပါ။ အကယ်၍ ဈေးနှုံးက ကုန်စည်မှရရှိမည့် အကျိုးကျေးဇူးထက် ပိုများပါက မည်သူမျှ ၎င်းကုန်ပစ္စည်းကို ဝယ်ယူမည်မဟုတ်ပါ။ အခြားတဖက်တွင်လည်း ထုတ်လုပ်မှုစားရိတ်က ပစ္စည်းဈေးနှုံးထက်ပိုပါက လုပ်ငန်းရှင်အနေဖြင့် အဆိုပါကုန်ပစ္စည်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းတခုအတွက်ရှေ့ပြေးပုံစံ (Business Model) ဆိုသည်မှာ အဖွဲ့အစည်းတရပ်အနေဖြင့် စားသုံးသူနှင့် လုပ်ငန်းရှင်အတွက် တန်ဘိုး (value)ကို မည်ကဲ့သို့ ဖန်တည်းမည်၊ ဖန်တည်းလိုက်သည့် တန်ဘိုးကို မည်ကဲ့သို့ ရေရှည်တည်တန့်အောင်ထိမ်းသိမ်းမည်ကို ဖေါ်ပြသော ပုံစံဖြစ်ပါသည်။ ဤနေရာတွင် တခုရှင်းပြလိုသည်မှာ ယခုတင်ပြမည့် စီးပွားရေးလုပ်ငန်းတခုအတွက်ရှေ့ပြေးပုံစံ ဖန်တည်းခြင်း (Business Model Generation)သည် ကုန်ပစ္စည်းအသစ် (သို့) ဝန်ဆောင်မှုအသစ်များကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်မည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အတွက် အဓိကရည်ရွယ်ပါသည်။ အထူးသဖြင့် ပြောင်းလဲပွင့်လင်းလာသည့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့်အညီ မိမိတို့လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် လိုသည့်၊ ပြည်တွင်းဈေးကွက်မှတဆင့် အပြည်ပြည်ဆိုင်ရာဈေးကွက်ကို ထိုးဖေါက်လိုသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ရည်ရွယ်ပါသည်။ သို့သော်လည်း ဤခေါင်းစဉ်အောက်တွင် ဖေါ်ပြထားသည့် နည်းဗျူဟာအချို့မှာ လက်ရှိထုတ်လုပ်နေသည့် ကုန်စည်ကို ဈေးကွက်အသစ်တွင် ဖြန့်ချီလိုသူများ၊ မိမိ၏ လက်ရှိလုပ်ငန်း အခြေအနေကို စံနစ်တကျ ပြန်လည်သုံးသပ်လိုသူများ အတွက်လည်း အသုံးဝင်နိုင်ပါသည်။

ယခုတင်ပြမည့် စီးပွားရေးလုပ်ငန်းတခုအတွက်ရှေ့ပြေးပုံစံဖန်တည်းခြင်း (Business Model Generation) သည် Alexander Osterwalder & Yives Pigneur တို့ရေးသားပြုစုသည့်စာအုပ်ပေါ်တွင် အခြေခံပြီး ပြန်ဆိုတည်းဖြတ်ထားပါသည်။ အချို့အချက်အလက်နှင့် နည်းဗျူဟာများ (ဥပမာ၊ cloud coputing, real time pricing, freemium pricing, crowdsourcing) မှာ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ မကိုက်ညီသေးသော်လည်း မကြာမှီကာလအတွင်း မြန်မာနိုင်ငံတွင် အသုံးပြုလာနိုင်မည်ဟု ယုံကြည်ပါသည်။ ဤစာအုပ်၏ အဓိကအနှစ်သာရမှာ စီးပွားရေးလုပ်ငန်းတခု စတင်မည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် မိမိတည်ထောင်မည့် စီးပွားရေးလုပ်ငန်း၏ ပုံစံကို မည်ကဲ့သို့ ကြိုတင်ကြံဆရမည်ဆိုသည့် အချက်ကို အဆင့် (၉) ဆင့်ဖြင့် ရှင်းလင်းစွာ တင်ပြထားပါသည်။ ဤစာအုပ်ပါ နည်းစံနစ်များကို ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သည့် အိုင်ဘီအမ်(မ)၊ အဲရစ်ဆင်၊ ဒီလွိုက်(တ)၊ စသည်တို့နှင့် ကနေဒါ အစိုးရ ပြည်သူ့ရေးရာ ဝန်ဆောင်မှုဌာနများတွင်လက်ရှိ အောင်မြင်စွာ အသုံးပြုလျက်ရှိပါသည်။

 စီးပွားရေးလုပ်ငန်းသစ်တခုကို ပုံဖေါ်ရာတွင် အရေးပါသည့် အခြေခံအုတ်မြစ် (၉)ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ မိမိထုတ်လုပ်မည့် ကုန်စည် (သို့) ဝန်ဆောင်မှုကို ဝယ်ယူမည့်စားသုံးသူအလွှာ
စီးပွားရေးလုပ်ငန်း တရပ်အနေဖြင့် မိမိထုတ်လုပ်မည့် ကုန်ပစ္စည်းကို မည့်သည့်စားသုံးသူအလွှာ (ဝင်ငွေအပိုင်းအခြား၊ အသက်၊ အလုပ်အကိုင်)ကို ဦးတည်ပစ်မှတ်ထားမည်ဆိုသည့် အချက်ကို ဦးစွာဆုံးဖြတ်ရပါမည်။

 ၂။ မိမိဦးတည်သည့် စားသုံးသူအလွာအတွက် တန်ဘိုးဖန်တည်းပေးခြင်း
ဒုတိယ အခြေခံအချက်အနေဖြင့် မိမိထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းက ဦးတည်ထားသော စားသုံးသူအလွှာအတွက် မည်ကဲ့သို့ တန်ဘိုးဖန်တည်းပေးမည်ကို စဉ်းစား ဆုံးဖြတ်ရပါမည်။  စားသုံးသူများအတွက် တန်ဘိုးဖန်တည်းခြင်းဆိုသည်မှာ စားသုံးသူကြုံတွေ့နေရသည့် ပြဿနာကို ဖြေရှင်းပေးခြင်း (ဥပမာ ကွန်ပျူတာဗိုင်းရပ်(စ)ဖယ်ရှားပေးသည့် ဝန်ဆောင်မှု) သို့မဟုတ် စားသုံးသူ၏ လိုအင်ကိုဖြည့်ဆည်းပေးခြင်း (ဥပမာ၊ ကွန်ပျုတာအရောင်းဆိုင်) တို့ကို ဆိုလိုပါသည်။ ထိုသို့ တန်ဘိုးဖန်တည်းရာတွင် တိုင်းတာ၍ရသောတန်ဘိုး (ဈေးနှုံးချိုသာခြင်း၊ မြန်ဆန်ခြင်း) သို့မဟုတ် အရည်အသွေးတန်ဘိုး (ပစ္စည်းဒီဇိုင်း၊ စားသုံးသူစိတ်ကျေနပ်မှု)ဟူ၍ နှစ်မျိုးရှိပါသည်။

၃။ ဈေးကွက်တင်မည့် နည်းလမ်းရှာဖွေခြင်း
တတိယ အခြေခံအုတ်မြစ်မှာ ဖန်တည်းလိုက်သည့် တန်ဘိုးကို ဦးတည်ထားသည့် စားသုံးသူအလွှာသို့ မည်ကဲ့သို့ ပို့ဆောင်ပေးမည်ဆိုသည့် အချက်ဖြစ်ပါသည်။ ဤနေရာတွင် မိမိ ကုန်ပစ္စည်းကို ဦးတည်ထားသော စားသုံးသူအလွှာသိရှိအောင် ပြုလုပ်ခြင်း၊ မိမိကုန်ပစ္စည်းက ဖန်တည်းပေးမည့် တန်ဘိုးကို စားသုံးသူက သဘောပေါက်အောင်ပြုလုပ်ပေးခြင်း၊ ကုန်ပစ္စည်းကို အလွယ်တကူ ဝယ်ယူရရှိနိုင်အောင် ဖန်တည်းပေးခြင်း၊ ရောင်းချပြီးနောက် လိုအပ်သည့် ဝန်ဆောင်မှုပေးခြင်း စသည်တို့ပါဝင်ပါသည်။

၄။ စားသုံးသူနှင့် ဆက်ဆံရေးတည်ဆောက်မည့် ပုံစံ
မိမိပစ္စည်းကို ဈေးကွက်တင်ပြီးနောက် စားသုံးသူနှင့် မည်ကဲ့သို့ ရေရှည်ဆက်ဆံမည်ကို အချက်ကို ဖေါ်ထုတ်ရပါမည်။ ဤနေရာတွင် ဖေါက်သည်ရှာခြင်း၊ ရေရှည်စားသုံးသူဖြစ်အောင်ဆွဲဆောင်ခြင်း၊ အရေအတွက်များများဝယ်အောင် လုပ်ဆောင်ခြင်းတို့ပါဝင်ပါသည်။

၅။ ဝင်ငွေ လမ်းကြောင်း သတ်မှတ်ခြင်း
ပဉ္စမအဆင့်အနေဖြင့် မိမိပစ္စည်းကို စားသုံးသူက ငွေကြေးအားဖြင့် မည်ကဲ့သို့တန်ဘိုးဖြတ်သည် ကို သိရှိအောင် ပြုလုပ်ရပါမည်။ သတိပြုရမည့်အချက်မှာ စားသုံးသူက ကုန်ပစ္စည်းတခုကို စားသုံးခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးပေါ်တွင် မူတည်၍ တန်ဘိုးဖြတ်မည်ဖြစ်ပြီး ၎င်းတန်ဘိုးမှာ ပစ္စည်းဈေးနှုံးထက် ပိုများနိုင်ပါသည်။ ထို့အပြင် မိမိကုန်ပစ္စည်းကို တခါတည်းဈေးသင့်၍ အပြတ်ရောင်းချမည်၊ သို့မဟုတ် စားသုံးသူအသုံးပြုသလောက် လစဉ်ကြေး၊ နှစ်စဉ်ကြေး စသည်ဖြင့် ကောက်ခံ၍ ရေရှည်ဝင်ငွေလမ်းကြောင်းတခု ဖန်တည်းမည်၊ စသည်တို့ကို စဉ်းစား ကြံဆရပါမည်။

၆။ အရေးပါသည့် သွင်းအားစုများ
အထက်ဖေါ်ပြပါ အဆင့် (၅)ဆင့်ကို ဖေါ်ဆောင်ပြီးနောက် ၎င်းအဆင့်များအတွက် လိုအပ်မည့် ကုန်ကြမ်းပစ္စည်း၊ ရင်းနှီးမြုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်စသည့် အရေးပါသည့် သွင်းအားစုများကို သတ်မှတ်ရပါမည်။

၇။ အဓိက လုပ်ဆောင်ရမည့် အချက်များသတ်မှတ်ခြင်း
သတ္တမ အဆင့်အနေဖြင့် စားသုံးသူအတွက် တန်ဘိုးဖန်တည်းခြင်း၊ ပစ္စည်းကိုဈေးကွက်တင်ခြင်း၊စားသုံးသူနှင့် ရေရှည်ဆက်ဆံရေး တည်ဆောက်ခြင်း၊ ဝင်ငွေရရှိအောင် ဖန်တည်းခြင်းတို့ကို ဖေါ်ဆောင်ရာတွင် အဓိက လုပ်ဆောင်ရမည့် အချက်များကို ဖေါ်ထုတ်ရပါမည်။

၈။ ပူးပေါင်းလုပ်ဆောင်ရမည့်သူများသတ်မှတ်ခြင်း
မိမိ ထုတ်လုပ်မည့် ကုန်ပစ္စည်းအတွက် ကုန်ကြမ်းပစ္စည်းပေးသွင်းမည့်သူများ၊ လိုအပ်သည့် နည်းပညာကို ပိုင်ဆိုင်သူများ၊ ကုန်ပစ္စည်းကို ဈေးကွက်တင်ပေးမည့် အဖွဲ့အစည်းများ၊ အရေးပါသည့် သွင်းအားစုများကို ထောက်ပန့်နိုင်သူများသည် ပူးပေါင်းလုပ်ဆောင်ရမည့်သူများဖြစ်ပါသည်။

၉။ ကုန်ကျစားရိတ် သတ်မှတ်ခြင်း
နောက်ဆုံးအဆင့်အနေဖြင့် အထက်ပါ အဆင့်(၉)ဆင့်ကို အခြေခံပြီး မိမိထူထောင်မည့် စီးပွားရေးလုပ်ငန်းကို လည်ပါတ်ရန် ကုန်ကျမည့် စားရိတ်များကို သတ်မှတ်ရပါမည်။

နောက်ဆောင်းပါးများတွင် အထက်ပါ အဆင့်(၉)ဆင့်ကို တဆင့်ခြင်း အသေးစိတ် တင်ပြသွားပါမည်။ မူရင်းစာအုပ်ကို လေ့လာဖတ်ရှုလိုသူများအနေဖြင့် www.amazon.com  တွင်မှာယူနိုင်ပါသည်။ ယနေ့ခေတ်စားနေသည့် အင်တာနက်တက္ကသိုလ်များတွင် တခုအပါအဝင်ဖြစ်သည့် Udacity (www.udacity.com) တွင်လည်း မူရင်းစာအုပ်ပေါ်တွင် အခြေခံထားသည့် How to Bulid a Start-up သင်တန်းကို အွန်လိုင်းမှတဆင့် အခမဲ့တက်ရောက် သင်ယူနိုင်ပါသည်။

ရည်ညွှန်းကိုးကား

  • Osterwalder, Alexander. (2010) Business Model Generation, John Wiley & Sons, Hoboken, New Jersey.

Creative Commons License
စီးပွားရေးလုပ်ငန်းပုံစံ ဖေါ်ဆောင်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Monday, 31 December 2012

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းတိုးတက်အောင် ဖန်တီးပေးခြင်း Creating a Competitive Environment for SMEs in Transition and Developing Countries

ပြီးခဲ့သည့်လ တလလုံး အလုပ်များနေသည့်အပြင် နိုဝင်ဘာလ ၁၆ ရက်မှ ၃၁ ရက်ထိ မုံရွာသို့ အလည်ပြန်နေသဖြင့် ဆောင်းပါးအသစ်မတင်ဖြစ်ခဲ့ပါ။ မုံရွာသို့ ရောက်နေစဉ်အတွင်း ကြားသိတွေ့မြင်ခဲ့ရသလောက် ဒေသတွင်းရှိ  အသေးစားစက်မှုလုပ်ငန်းများမှာ ဈေးကွက်ကျဉ်းမြောင်း လာမှု၊ နိုင်ငံခြားပစ္စည်းများနှင့်ယှဉ်ပြိုင်နှိုင်စွမ်းမရှိမှု၊ ဘဏ္ဍာရေးအကြပ်အတည်း စသည့်ပြဿနာများက လုပ်ငန်းများ ရေရှည်ရပ်တည်ရေးအတွက် ခြိမ်းခြောက်နေသည်ကို တွေ့ခဲ့ရပါသည်။ တကယ်တော့ ဤပြဿနာများကို အသွင်ကူးပြောင်းစ နိုင်ငံတိုင်းလိုလို  တွေ့ကြုံခဲ့ ရပါသည်။

မြန်မာနိုင်ငံကဲ့သို့ အသွင်ကူးပြောင်းစ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ (transition and developing countries)တွင်   အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs)သည် နိုင်ငံအတွင်းရှိ လုပ်ငန်းစုစုပေါင်း၏ ၉၀ ရာခိုင်နှုံးကျော်ရှိသဖြင့် အလုပ်အကိုင်ဖန်တည်းမှုနှင့် ပြည်တွင်း၊ပြည်ပကုန်သွယ်မှုတို့တွင် အလွန်အရေးပါသည့် လုပ်ငန်းများဖြစ်ပါသည်အတွက် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို တိုးတက်လာအောင် ဖန်တီးပေးခြင်းသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု (Economic and Social Development) နှင့်  ဆင်းရဲမွဲတေမှုလျှော့ချရေး (Poverty Reduction) ဆောင်ရွက်မှုများအတွက် အရေးကြီးသည့် မူဝါဒတရပ်ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများကိုကြည့်ပါက  အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးရာတွင် ကျင့်သုံးသည့် အခြေခံမူဝါဒများ ပြောင်းလဲလာနေသည်ကို တွေ့မြင်ရပါသည်။ ယခင်က  အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးရမည့် လုပ်ငန်းများအဖြစ်ရှုမြင်ကာ မူဝါဒများချမှတ်လေ့ရှိပါသည်။ သို့သော် ဤမူဝါဒများက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်မလာစေဘဲ မူဝါဒချမှတ်သည့် အဖွဲ့အစည်းများအပေါ်တွင် မှီခိုလိုစိတ်များလာလေ့ရှိပြီး ရေရှည်တွင် လုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်း ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်တော်များများအနေဖြင့် အကာအကွယ်ပေးသည့် မူဝါဒမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းတိုးတက်လာအောင် အထောက်အကူပေးနိုင်သည့် ပါတ်ဝန်းကျင်ကောင်းတခု ဖန်တည်းပေးနိုင်ရန် ဦးတည်ပြီး မူဝါဒများ ချမှတ်လာကြသည်ကို တွေ့ရှိရပါသည် (OECD, 2004)။

စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းအတွက် အရေးပါသည့်အချက်တခုမှာ ဈေးကွက် လိုအပ်ချက်များကို လျှင်မြန်စွာ သုံးသပ်ပြီး ပေါ်ပေါက်လာသည့် အခွင့်အရေးကို အရယူနိုင်သည့် စွမ်းဆောင်ရည်ဖြစ်ပါသည်။ အထူးသဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာစေရန်အတွက် အောက်ဖေါ်ပြပါအချက်များကို ထိထိရောက်ရောက် ကျင့်သုံးနိုင်ရန် လိုအပ်ပါသည်။

  • မိမိပစ္စည်း၏ ဈေးကွက်နှင့် စားသုံးသူများ၏ လိုအပ်ချက်ကို သိရှိခြင်း၊
  • ပြောင်းလွယ်ပြင်လွယ်ရှိခြင်း (ဈေးကွက်လိုအပ်ချက် ပြောင်းလဲသွားပါက)၊
  • ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှု အသစ်များ ဖန်တီးနိုင်မှုရှိခြင်း၊
  • အခြားလုပ်ငန်းများ (ကုန်ကြမ်းထုတ်လုပ်သူ၊ ကုန်ချောဖြန့်ဖြူးသူ)နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
  • ရေရှည်ကို မျှော်တွေးပြီး ပြင်ဆင်ထားနိုင်ခြင်း။

အထက်ဖေါ်ပြပါ အချက်များ၊ အထူးသဖြင့် ရေရှည်ကို မျှော်တွေးပြီး ပြင်ဆင်ထားနိုင်ရန်အတွက် စားသုံးသူများ၏ လိုအပ်ချက် နှင့် ထုတ်လုပ်မှုနည်းပညာအသစ်များနှင့် ပါတ်သက်သည့် သတင်းအချက်အလက်များကို လွယ်ကူသက်သာစွာရရှိနိုင်မှု၊ စီမံခန့်ခွဲမှုနည်းစံနစ်သစ်များနှင့် လုပ်သားများစွမ်းဆောင်ရည်တိုးတက်ရန် သင်တန်းများ၊ ထုတ်လုပ်သည့်ပစ္စည်းများ၏ စံချိန်စံညွှန်းကို အာမခံပေးမည့် အဖွဲ့အစည်းများ၊ ကုန်ထုတ်လုပ်မှုနည်းစံနစ်များကို မြှင့်တင်ရန် လိုအပ်သည့် ငွေအရင်းအနှီး ရရှိနိုင်မှုတို့ လိုအပ်ပါသည် (Wignaraja, 2003 quoted in OECD, 2004)။

မြန်မာနိုင်ငံကဲ့သို့ အသွင်ကူးပြောင်းစ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးနေကြသည့် နည်းလမ်းတခုမှာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းကို မြှင့်တင်ရာတွင် လိုအပ်သော စီးပွားရေးလုပ်ဆောင်မှုနည်းစံနစ်နှင့်ဗျူဟာများကို လေ့လာသင်ယူနိုင်ရန် ကူညီပေးသည့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပေးသည့်ဝန်ဆောင်မှုများ (Business Development Services) ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် သင်တန်းများစီစဉ်ပေးခြင်း၊ လုပ်ငန်း တိုးတက်မှုအတွက် အကြံဥာဏ်ပေးခြင်း၊ ဈေးကွက်ရှာဖွေရာတွင် အထောက်အကူပေးခြင်း၊ လိုအပ်သည့် သတင်းအချက်အလက်များ ရှာဖွေပေးခြင်း၊ နည်းပညာဖွံ့ဖြိုးရေးနှင့်နည်းပညာအသစ်များ လွှဲပြောင်းယူရာတွင် အကူအညီပေးခြင်း၊ ပြည်တွင်းပြည်ပရှိ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများနှင့် ဆက်စပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးပါသည်။

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းတိုးတက်လာရေး အတွက် အခြားလိုအပ်ချက်တခုမှာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်ရေးပွင့်လင်းလာမှု (globalisation and trade libralisation)နှင့် အတူပါလာမည့်ယှဉ်ပြိုင်မှုဖိအားများကို အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့်
တုန့်ပြန်နိုင်မှုစွမ်းရည်မှာ အဆိုပါလုပ်ငန်းများတည်ရှိရာနိုင်ငံအတွင်းမှ ရရှိနိုင်သည့်ကျွမ်းကျင်မှု အဆင့်အတန်းပေါ်တွင် မူတည်နေသည်ဟုဆိုပါသည်။  အသွင်ကူးပြောင်းစ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြုံတွေ့ရလေ့ရှိသည့် ပြဿနာတခုမှာ နိုင်ငံ၏ ပညာရေးစံနစ်နှင့် စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်နှိုင်စွမ်းတိုးတက်လာရေးအတွက် လိုအပ်သည့်
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတို့ အကြား ဆက်စပ်မှုမရှိခြင်းဖြစ်ပါသည်။
အထက်တွင်ဖေါ်ပြ ထားသကဲ့သို့ စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် သင်တန်းများစီစဉ်ပေးခြင်းက ပုံမှန်ပညာရေးစံနစ်ကို အစားမထိုးနိုင်သော်လည်း ပညာရေးစံနစ်နှင့် လုပ်သားထုကျွမ်းကျင်မှုကို ဆက်စပ်ပေးစေနိုင်ပါသည်။

ဒေသတွင်းနိုင်ငံတနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့အထောက်အကူပေးနေသည်ကို အောက်တွင်ဖေါ်ပြထားပါသည်။
 
  
ပုံပြဇယားဇစ်မြစ်။ Tas (2002)

သို့ဖြစ်ပါ၍ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းတိုးတက်လာရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ့မူဝါဒများချမှတ်ရာတွင်လည်း တစ်ဦး၊တစ်ဖွဲ့တည်း ဆောင်ရွက်၍ မရဘဲ လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လိုအပ်သည့် နည်းပညာ အထောက်အကူပေးနိုင်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။


ရည်ညွှန်းကိုးကား

  • OECD (2004) Promoting Entrepreneurship and Innovative SMEs in a Global Economy: Towards a More Responsible and Inclusive Globalisation: Available at: http://www.oecd.org/industry/smesandentrepreneurship/31919278.pdf
  • Tas, Nilgün (2002), “International Experience in SME Promotion”, paper presented at the Public-Private Consultation Workshop on SME Development, UNIDO-Center for Industrial Research and Development, Vientiane, 25 April. 
  • Wignaraja, Ganeshan (2003), “Promoting SME Exports from Developing Countries” paper presented at the Regional Workshop on Trade Capacity Building and Private Sector Development in Asia, OECD and Government of Cambodia, Phnom Penh, 2-3 December.

Creative Commons License
အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို တိုးတက်လာအောင် ဖန်တီးပေးခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.