Sunday 20 September 2015

လူမှန်နေရာမှန်ခန့်ထားရေးနဲ့ မြန်မာ့စီးပွားရေး

ယခုလက်ရှိလုပ်နေတဲ့ ကျောင်းမှာ သင်ကြားရေး၊ သုတေသနလုပ်ငန်းတွေအပြင် MBA သင်တန်းမှာလဲ Deputy-director အနေနဲ့ ကျောင်းသားရေးရာတွေကူညီလုပ်ကိုင်ပေးနေရတဲ့အတွက် ဆောင်းပါးအသစ်မရေးဖြစ်တာ တနှစ်လောက်တောင်ကြာသွားပါပြီ။
ပြီးခဲ့တဲ့အပါတ်က BBC ကနေအင်တာဗျူးတခုလှမ်းလုပ်လို့ မြန်မာ့စီးပွားရေးအတွက် အပြောင်းအလဲလုပ်ချင်ဆုံး အချက် ၅ ချက်ကို ပြောဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်တော့ မြန်မာ့စီးပွားရေးတိုးတက်လာပြီး ဒီတိုးတက်မှုရဲ့အသီးအပွင့်တွေကို နိုင်ငံသူနိုင်ငံသားအားလုံး မျှဝေခံစားနိုင်ဖို့ဆိုရင် ပြုပြင်ပြောင်းလဲရမယ့်အချက် အနည်းဆုံး ၅၀ လောက်ရှိပါလိမ့်မယ်။  မကြာသေးခင်ကဘဲ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကထုတ်ပြန်လိုက်တဲ့ သုတေသနစာတမ်းတစောင်မှာ ရန်ကုန်တက္ကသိုလ်ဘွဲ့ရတယောက်ဖြစ်ပြီးကျွန်တော်တို့ မြန်မာနိုင်ငံမှာ စီးပွားရေးပညာပါမောက္ခအဖြစ် ၁၉၆၈ ခုနှစ်အထိလုပ်ကိုင်သွားခဲ့တဲ့ ယခု အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှ Professor Ronald Findlay နဲ့အခြားစီးပွားရေးပညာရှင်နှစ်ယောက်က မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းတွေကို ဖေါ်ဆောင်ရာမှာ ဆောင်ရွက်ရမယ့် နည်းဗျူဟာ ၅ ရပ်ကို တင်ပြခဲ့ပါသေးတယ် (Findlay et al., 2015)။ သူတို့တင်ပြခဲ့တဲ့အချက်တွေထဲကတချက်ကတော့ ပြည့်သူဝန်ဆောင်မှုပေးတဲ့ဌာနတွေမှာ ကြိုးနီစံနစ်၊ ဗဟိုဦးစီးချုပ်ကိုင်မှု နဲ့ နိုင်ငံရေးစွက်ဖက်မှုတွေဖယ်ရှားပြီး အဲဒီဌာနတွေမှာလုပ်ကိုင်နေတဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်  မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ သူတို့အမြင်အရတော့ ပြည့်သူ့ဝန်ထမ်းတွေ စွမ်းဆောင်ရည်မပြည့်ဝလို့ လူမှု့စီးပွားဆိုင်ရာမူဝါဒတွေချမှတ်ရာမှာ အကန့်အသတ်တွေရှိပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဥ်တွေ မထိရောက်တာလို့ဆိုပါတယ်။
ကျွန်တော့်အနေနဲ့တော့ ပြည်သူ့ဝန်ထမ်း ခန့်ထားရာမှာ(အထူးသဖြင့် မူဝါဒတွေချမှတ်ရတဲ့ အရာရှိကြီးနေရာတွေမှာ) အမှန်တကယ် အရည်အချင်းရှိသူတွေကို လူမှန်နေရာမှန် ခန့်ထားဖို့လိုတယ်လို့ BBC အင်တာဗျူးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ တကယ်လို့ လူတယောက်ဟာ ရာထူးကြီးတခုကို သူ့ကိုယ်ပိုင်အရည်အချင်းအရ မဟုတ်ဘဲ ဆိုင်ရာပိုင်ရာ၊ အဆက်အသွယ်ကြောင့်ရထားတာဆိုရင် မူဝါဒ၊ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ပြည်သူကို တာဝန်ခံမှာမဟုတ်ဘဲ သူ့ကို ဒီလိုရာထူးရအောင် စောင်မကြည့်ရှုထားတဲ့သူ (သို့မဟုတ်)အဖွဲ့အစည်းကိုဘဲ တာဝန်ခံမှာဖြစ်ပြီး အကျိုးဆက်ကတော့ အကျင့်ပျက်ချစားမှု၊ စွမ်းဆောင်ရည်မပြည့်ဝမှုတွေဘဲဖြစ်ပါတယ်။ ရာထူးနေရာတခုကို ကိုယ်ပိုင်အရည်အချင်းနဲ့ကြိုးစားပြီးရလာတဲ့သူဆိုရင်တော့ မိမိကိုယ်ကိုနဲ့ မိမိတာဝန်အရ ဝန်ဆောင်မှုပေးရမယ့်သူတွေကလွဲရင် ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုပါဘူး။ ဒါမှလည်း မှန်ကန်ပြီး အဂတိကင်းတဲ့ မူဝါဒတွေ၊ ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှာ ဖြစ်ပါတယ်။
The Bank of England
ဒီနေရာမှာ အလျဥ်းသင့်လို့ ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးမူဝါဒတွေချမှတ်တဲ့ အဓိကအဖွဲ့အစည်းကြီးဖြစ်တဲ့ အင်္ဂလန်ဗဟိုဘဏ် (The Bank of England)က အရည်အချင်းရှိတဲ့သူတွေကို ဘယ်လိုရှာဖွေခန့်ထားသလဲဆိုတာတင်ပြချင်ပါတယ်။ လက်ရှိ အင်္ဂလန်ဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးမှုး (governor)တာဝန်နဲ့ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးမူဝါဒကော်မီတီ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများကြီးကြပ်မှုကော်မီတီတွေမှာဥက္ကဌ (Chairman of the Monetary Policy Committee, the Financial Policy Committee and the Board of the Prudential Regulation Committee)တာဝန်ယူထားသူဟာ အင်္ဂလန်နိုင်ငံသားမဟုတ်ပါဘူး။ အိုင်ယာလန်နဲ့ကနေဒါနိုင်ငံသား မာ့(က)ကာနေ (Mark Carney) ဖြစ်ပြီး ၂၀၀၇ ခုနှစ်ဘဏ္ဍာရေးအကြပ်အတည်းကာလတုန်းက သူဗဟိုဘဏ်ဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ ကနေဒါနိုင်ငံကို တခြားအနောက်နိုင်ငံတွေကြုံတွေ့ရတဲ့ အလွန်အမင်းစီးပွားရေးကျဆင်းမှုအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ခဲ့တဲ့ မူဝါဒတွေချမှတ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီလိုနာမည်ကောင်းရခဲ့လို့ ဗြိတိန်နိုင်ငံအစိုးရက မာ့(က)ကာနေ ကို အင်္ဂလန်ဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးမှုးအဖြစ် ၂၀၁၃ ခုနှစ်မှာစတင်တာဝန်ထမ်းဆောင်ဖို့ရွေးချယ်ခန့်ထားခဲ့ပါတယ်။ အင်္ဂလန်ဗဟိုဘဏ်ရဲ့ သက်တမ်း နှစ်ပေါင်း ၃၂၀ လောက်အတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ဗြိတိန်နိုင်ငံသားမဟုတ်သူတယောက်ကို အုပ်ချုပ်ရေးမှုး အဖြစ်ခန့်ထားတာဖြစ်ပါတယ်။ ဒီလိုနိုင်ငံခြားသားတယောက်ကို တိုင်းပြည်ရဲ့အလွန်အရေးပါတဲ့ ဌာနတခုကိုဦးဆောင်ဖို့ခန့်ထားလိုက်ပေမယ့် သူရဲ့လုပ်ပိုင်ခွင့်အာဏာကို မကန့်သတ်တဲ့အပြင် သူ့လက်ထက်မှာ အင်္ဂလန်ဗဟိုဘဏ်ကို လုပ်ပိုင်ခွင့်တွေပိုပြီးတောင်ပေးလိုက်ပါသေးတယ်။
ပြီးခဲ့တဲ့အပါတ်က ဗြိတိန်နိုင်ငံ ကာဒစ်(ဖ)တက္ကသိုလ်မှာ ကျဥ်းပတဲ့ ငွေကြေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာသုတေသနဆွေးနွေးပွဲ (The 47th Money, Macro and Finance Research Group Conference) မှာကျွန်တော်ရဲ့ သုတေသနစာတမ်းတစောင်ကို တင်ပြဖတ်ကြားဖို့ ရွေးချယ်ခံရလို့ သွားရောက်ဖတ်ကြားခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာလည်း အင်္ဂလန်ဗဟိုဘဏ်က အရည်အချင်းရှိတဲ့သူတွေကို လူမှန်နေရာမှန် ခန့်ထားနိုင်ဘို့ ဘယ်လိုကြိုးစားတယ်ဆိုတာ မြင်တွေ့ခဲ့ရပါသေးတယ်။ ဆွေးနွေးပွဲပထမနေ့ ညစာစားပွဲမတိုင်ခင်မှာ ဆွေးနွေးပွဲ တက်ရောက်လာသူတွေကို အင်္ဂလန်ဗဟိုဘဏ်က Wine Reception နဲ့ဧည့်ခံပါတယ်။ ဒီ ဧည့်ခံပွဲမှာ အင်္ဂလန်ဗဟိုဘဏ်မှ တာဝန်ရှိသူတယောက်က သူတို့ဘဏ်အနေနဲ့ ဒီသုတေသနဆွေးနွေးပွဲကို အလွန်အလေးထားပါကြောင်း၊ ဒီဆွေးနွေးပွဲကို အင်္ဂလန်ဗဟိုဘဏ်အနေနဲ့ အင်တိုက်အားတိုက်ကူညီပန့်ပိုးပေးနေတာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပါကြောင်း၊ ဒီနှစ်လည်း အင်္ဂလန်ဗဟိုဘဏ်က သုတေသနပညာရှင်တွေက စာတမ်းတွေဖတ်မှာဖြစ်တဲ့အပြင်၊ ပြင်ပကသုတေသနပညာရှင်တွေရဲ့တင်ပြမှုတွေကိုလည်း တတ်နိုင်သမျှတက်ရောက်နားထောင်ဆွေးနွေးမှာဖြစ်ပါကြောင်း၊ အထူးသဖြင့် ပါရဂူဘွဲ့စာတမ်းပြုစုနေသူတွေ၊ ပါရဂူဘွဲ့ရပြီးကာစသူတွေရဲ့ စာတမ်းတွေကိုအထူးစိတ်ဝင်စားပါကြောင်း၊ ဒီလိုလူတွေအနေနဲ့ အင်္ဂလန်ဗဟိုဘဏ်မှာ အလုပ်လုပ်ကိုင်ဖို့စိတ်ဝင်စားရင် သူနဲ့လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောဆိုပါတယ်။ ဆွေးနွေးပွဲမှာ စာတမ်းဖတ်ကြားတဲ့သူ ၁၅၀ လောက်မှာ ၃၀ လောက်က အင်္ဂလန်ဗဟိုဘဏ်က သုတေသနပညာရှင်တွေဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အင်္ဂလန်ဗဟိုဘဏ်က သုတေသနပညာရှင်တွေထဲက တဝက်လောက်ဟာ ဗြိတိန်နိုင်ငံသားမဟုတ်ပါဘူး၊ တခြားနိုင်ငံကဖြစ်ပါတယ်။
ဒီလိုမျိုး အရည်အချင်းရှိသူတွေကို အရေးပါတဲ့ နေရာတွေမှာ မိမိနိုင်ငံသားမဟုတ်လဲ ခန့်ထားတာဟာ ဗြိတိန် တနိုင်ငံထဲမဟုတ်ပါဘူး။ အဲဒီသုတေသန ဆွေးနွေးပွဲမှာဘဲ ချီလီနိုင်ငံဗဟိုဘဏ်က သုတေသနပညာရှင်တစ်ဦးဖတ်တဲ့စာတမ်းကို နားထောင်ခဲ့ပါသေးတယ်။ သူက မိတ်ဆက်အနေနဲ့ သူ့နာမည်ပြောပြီး သူ့နာမည်က ချီလီလို လက်တင်အမေရိကန်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ နာမည်မဟုတ်လို့ မအံ့သြပါနဲ့တဲ့။ ချီလီဗဟိုဘဏ်မှာလုပ်နေပေမဲ့ သူက ဒိန်းမတ်နိုင်ငံသားလို့ပြောပါတယ်။
ဒါကြောင့် နိုင်ငံတခု ကြီးပွားတိုးတက်ဖို့အတွက်အရေးကြီးတဲ့ အရည်အချင်းရှိသူတွေကို လူမှန်နေရာမှန်ခန့်ထားနိုင်ရေးမှာ လူတစ်ယောက်ရဲ့မွေးဖွားရာနိုင်ငံထက် အဲဒီလူမှာရှိတဲ့ အရည်အချင်းကို အလေးပေးဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ လူတစ်ယောက်ရဲ့ အရည်အချင်းထက် ဒီလူရဲ့နိုင်ငံသားဖြစ်မှုကို အလွန်အမင်းအလေးပေးစဥ်းစားသူတွေများတဲ့နိုင်ငံတစ်နိုင်ငံအဖို့တော့ ဒီလိုအတွေးအခေါ်တွေလွှမ်းမိုးတဲ့ ၁၉-ရာစုထဲမှာ ကျန်ရစ်မှာဖြစ်ပြီး ၂၁-ရာစုမှာ သူများနိုင်ငံနည်းတူဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အိမ်မက်ပဲ ဖြစ်နေအုန်းမှာပါ။

ကျွန်တော့်ရဲ့ ဘီဘီစီ အင်တာဗျူးကို အောက်ပါလင့်မှာနားထောင်နိုင်ပါတယ်။
http://www.bbc.com/burmese/economy/2015/09/150915_business_5things_mmchit

ရည်ညွှန်းကိုးကား။
Findlay, R., Park, C-Y. and Verbiest, J-P. (2015) Myanmar: Unlocking the Potential
A Strategy for High, Sustained, and Inclusive Growth, ADB Working Paper No. 437. Available at: http://www.adb.org/publications/myanmar-unlocking-potential-strategy-high-sustained-inclusive-growth
About Mark Carney:  http://www.bankofengland.co.uk/about/Pages/people/biographies/carney.aspx#

Picture Sources:
The Bank of England:
By Eluveitie (Own work) [CC BY-SA 3.0 (http://creativecommons.org/licenses/by-sa/3.0)], via Wikimedia Commons.  https://commons.wikimedia.org/wiki/File%3ABank_of_England%2C_London.JPG
Quotation source: Bono's TEDx, "The good news on poverty (Yes, there's good news)",

Creative Commons License
လူမှန်နေရာမှန်ခန့်ထားရေးနဲ့ မြန်မာ့စီးပွားရေး by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial 4.0 International License.

Sunday 29 June 2014

မြန်မာ့စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းပါတ်ဝန်းကျင် စစ်တမ်းကို သုံးသပ်ခြင်း

အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် အထောက်အကူပေးဖို့လိုအပ်တဲ့ မူဝါဒတွေ၊ နည်းဗျူဟာတွေချမှတ်ရာမှာ၊ ဒီလို မူဝါဒတွေချမှတ်နိုင်ဖို့ လိုအပ်တဲ့ သုတေသနတွေ ပြုလုပ်ရာမှာ ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ ပါတ်သက်တဲ့ စာရင်းအင်း အချက်အလက် တွေရရှိဖို့ အလွန်အရေးကြီးပါတယ်။ တိကျမှန်ကန်တဲ့ အချက်အလက်တွေ မရှိဘဲနဲ့ မူဝါဒတွေ၊ နည်းဗျူဟာတွေချမှတ်နေရင်တော့ လူနာကို ဘာမှစမ်းသပ်မှုမလုပ်ဘဲနဲ့ စိတ်ထင်ရာ ကုထုံးနဲ့ ကုသပေးနေသလို အနာတခြား ဆေးတခြားနဲ့ ဆေးအတွက်ပိုလေး ဆိုသလို ဖြစ်တတ်ပါတယ်။ ဒီလို အရေးကြီးတဲ့ စာရင်းအင်း အချက်အလက်တွေ ရရှိဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ  ၂၀၀၂ ခုနှစ်ကစပြီး နိုင်ငံအသီးသီးမှာရှိတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေထဲက လုပ်ငန်းအချို့ကို နမူနာအဖြစ် ရွေးချယ်ပြီး လုပ်ငန်းရဲ့ စွမ်းဆောင်ရည်၊ ယှဥ်ပြိုင်ရမှုအခြေအနေတွေအပြင် လုပ်ငန်းလည်ပါတ်ရာမှာ လိုအပ်တဲ့ ဘဏ္ဍာငွေေကြေးရရှိမှု၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အားစတဲ့ အခြေခံအဆောက်အအုံတွေ ပြည့်စုံမှုရှိမရှိ၊ အာဏာပိုင်တွေရဲ့ အကျင့်ပျက်ချစားမှုနဲ့ ရာဇဝတ်မှုခင်းထူပြောမှုစတာတွေကြောင့် လုပ်ငန်းလည်ပါတ်ရာမှာ အနှောင့်အယှက်ဖြစ်မှု၊ အစရှိတဲ့ အချက်အလက်တွေကို စစ်တမ်း (Business Environment and Enterprise Performance Survey) ကောက်ယူလာတာ အခုဆိုရင် နိုင်ငံပေါင်း ၁၃၅ နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း ၁၃၀,၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းပြီးဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ ကျွန်တော်တို့လို သုတေသီတွေအတွက်တော့ အလွန်အရေးကြီးပါတယ်။ ဒီကမ္ဘာ့ဘဏ်က ကောက်ယူထားတဲ့ စစ်တမ်းအချက်အလက်တွေကို အခြေခံပြီး အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ နိုင်ငံခြားပို့ကုန်ဈေးကွက်မှာ ယှဥ်ပြိုင်နိုင်စွမ်းရှိမှုကို လေ့လာထားတဲ့ သုတေသနစာတမ်း (SME and Exports: An Empirical Analysis of SMEs in Developing and Emerging Economies)ကို စင်ကာပူ စီမံခန့်ခွဲမှုဖွံ့ဖြိုးတိုးတက်ရေးစာစောင် (Management Development Journal of Singapore)မှာ ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး အသွင်ကူးပြောင်းဆဲနိုင်ငံတွေက အသေးစား စီးပွားရေးလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြဌါန်းတဲ့အချက်တွေကို လေ့လာထားတဲ့စာတမ်း (Firm size, institutional environment and SME growth in transition economies)ကိုလည်း နိုင်ငံတကာသုတေသနစာစောင်တခုကို ပေးပို့ထားပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ လိုအပ်တဲ့ ဘဏ္ဍာငွေရှာဖွေတဲ့ သဘောသဘာဝတွေကို လေ့လာထားတဲ့ စာတမ်း (Fractional Multi-Response Logit Regression Estimation of SMEs' Financing Decision)ကိုလည်း မလေးရှားနိုင်ငံဗဟိုဘဏ် (Bank Negara Malaysia)က လက်ခံကျဥ်းပမယ့် အပြည်ပြည်ဆိုင်ရာ စာရင်းအင်းအဖွဲ့  (International Statistical Institute) ၂၀၁၄ ခုနှစ် ဒေသဆိုင်ရာ စာရင်းအင်းပညာ သုတေသနညီလာခံ (Regional Statistics Conference, 2014: Statistical Science for Better Tomorrow)မှာ ဖတ်ကြားတင်ပြဖို့ ရွေးချယ်ခံထားရပါတယ်။

ဒီစာတမ်းတွေ ပြုစုခဲ့တဲ့ အချိန်တုံးက ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူပြီးခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါခဲ့တဲ့ အတွက်၊ ကျွန်တော်တို့ နိုင်ငံက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကို သုတေသနပြုခွင့် မရခဲ့ပါဘူး။ ဒါကြောင့် ဒီနှစ် အစောပိုင်းက မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကို ကမ္ဘာ့ဘဏ်က ဦးဆောင်ပြီး စစ်တမ်းကောက်မယ်လို့ သိရကတဲက ဒီစစ်တမ်းက အချက်အလက်တွေကို စောင့်နေမိပါတယ်။ အခု ဇွန်လ နောက်ဆုံးပါတ်မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ ပါတ်သက်တဲ့ စစ်တမ်းက စာရင်းအင်း အချက်အလက်တွေကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီစာရင်းအချက်အလက် ထုတ်ပြန်ချက်တွေမှာ လုပ်ငန်း အရွယ်အစားနဲ့ သဘောသဘာဝ အပေါ်မူတည်ပြီး ကမ္ဘာ့ဘဏ်က စစ်တမ်း (၃)မျိုး ခွဲခြားထားတာတွေ့ရပါတယ်။ ပထမ စစ်တမ်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမား ၅ ဦးနဲ့အထက် စီးပွားရေးလုပ်ငန်း ၆၃၂ ခုကို နမူနာအဖြစ်ရွေးချယ်ပြီး အချက်အလက်တွေ ကောက်ယူထားတာတွေ့ရပါတယ်။ ဒုတိယစစ်တမ်းမှာတော့ အလုပ်သမား ၅ ဦးအောက် အိမ်တွင်းမှုလုပ်ငန်း ၄၆၀ ကို နမူနာအနေနဲ့ စစ်တမ်းကောက်ယူထားပြီး တတိယစစ်တမ်းမှာ တရားဝင်မှတ်ပုံတင်မထားတဲ့ (Informal) စီးပွားရေးလုပ်ငန်း ၄၀၀ ပါဝင်တာတွေ့ရပါတယ်။ ကမ္ဘာ့ဘဏ်က တခြားနိုင်ငံတွေမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအတိုင်း မြန်မာနိုင်ငံမှာ ကောက်ယူထားတဲ့ စစ်တမ်းတွေမှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ထောင့်စုံအောင် (မေးခွန်းပေါင်း ၃၀၀ ခန့်) မေးမြန်းထားတဲ့အတွက် မြန်မာနိုင်ငံက လုပ်ငန်းတွေအခြေအနေကို သုံးသပ်ရာမှာသာမက၊ တခြားနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေနဲ့ နှိုင်းယှဥ်ရာမှာလည်း ဒီအချက်အလက်တွေက အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ စစ်တမ်းတွေထဲက အရေးကြီးတဲ့ အချက်အချို့ကို တင်ပြထားပြီး၊ ကျွန်တော်ရဲ့သုံးသပ်ချက်တွေကိုလည်း နောက်ဆောင်းပါးတွေမှာ ဆက်လက် ဖေါ်ပြသွားပါမယ်။

ပထမ စစ်တမ်းမှာပါဝင်တဲ့ အလုပ်သမား ၅ ဦးနဲ့အထက် စီးပွားရေးလုပ်ငန်း ၆၃၂ ခုကတော့ အောက်ဖေါ်ပြပါအတိုင်းဖြစ်ပါတယ်။
ဇစ်မြစ်။ www.enterprisessurveys.org

အထက်ပါစီးပွားရေးလုပ်ငန်း ၆၃၂ ခုရဲ့ ပျမ်းမျှသက်တမ်းက ၁၂.၅ နှစ်ဖြစ်ပြီး အာရှ-ပစိဖိတ် (ပျမ်းမျှ ၁၄ နှစ်) အခြားနိုင်ငံများ (ပျမ်းမျှ ၁၅.၈ နှစ်)နဲ့ နှိုင်းယှဥ်ရင် သက်တမ်းနုနယ်သေးတာတွေ့ရပါတယ်။ လုပ်ငန်းစုစုပေါင်းရဲ့  ၉၉.၃ ရာခိုင်နှုံးဟာ ပြည်တွင်းလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်ပြီး အာရှ-ပစိဖိတ် နဲ့ အခြားနိုင်ငံတွေမှာတော့ ၈၈ ရာခိုင်နှုံးခန့်ရှိတာတွေ့ရပါတယ်။ ဒါအပြင် လုပ်ငန်းစုစုပေါင်းရဲ့  ၅ ရာခိုင်နှုံးခန့် သာ သူတို့ထုတ်လုပ်မှုအချို့ကို နိုင်ငံခြား တိုက်ရိုက် (သို့မဟုတ်)တဆင့်ခံပြီး တင်ပို့နေတာတွေ့ရပါတယ်။  အာရှ-ပစိဖိတ်ကနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေမှာတော့ လုပ်ငန်းစုစုပေါင်းရဲ့ ၁၃.၆ ရာခိုင်နှုံးနဲ့ ၁၆.၃ ရာခိုင်နှုံးဟာ အသီးသီးရှိပါတယ်။ ဒီအချက် ၃ ချက်ကိုအခြေခံပြီး သုံးသပ်ရင်ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေဟာ တခြားနိုင်ငံက လုပ်ငန်းတွေနဲ့စာရင် အတွေ့အကြုံနုနယ်သေးတာ၊ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေရဲ့ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ၊ နည်းပညာ၊ အဆက်အသွယ်တွေကို အသုံးချပြီး ပြည်တွင်း လုပ်ငန်းတွေရဲ ယှဥ်ပြိုင်နိုင်စွမ်း တိုးတက်လာအောင် ဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိသေးတာ တွေ့ရပါတယ်။

အောက်ဖေါ်ပြပါဇယားမှာမြန်မာနိုင်ငံက စီးပွားရေးပါတ်ဝန်းကျင်မှာ တွေ့ကြုံရတဲ့ အကျင့်ပျက်ချစားမှု အတိုင်းအတာ ပါတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို နှိုင်းယှဥ်တင်ပြထားပါတယ်။


မြန်မာ
အရှေ့အာရှ-ပစိဖိတ်
နိုင်ငံအားလုံး
လာဘ်ငွေတောင်းခံမှု အနည်းဆုံး (၁)ကြိမ် တွေ့ကြုံရသည့် လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၄၂.၉ %
၂၄.၂%
၁၇.၃ %
အခွန်အရာရှိနဲ့တွေ့ဆုံရာမှာ လက်ဆောင်ပေးမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၃၇.၁ %
၁၄.၉ %
၁၂.၂ %
လုပ်ငန်းလိုင်စင်ရရန် လက်ဆောင်ပေးမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၃၈.၉ %
၁၃.၇ %
၁၃.၆ %
သွင်းကုန်လိုင်စင်ရရှိရန် လက်ဆောင်ပေးမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၅၃.၅ %
၁၈.၂ %
၁၂.၇ %
အဆောက်အဦးဆောက်လုပ်ခွင့်ရရန် အတွက် လက်ဆောင် ပေးမယ်လို့ မျှော်လင့်တဲ့လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၄၆.၅ %
၂၈.၇ %
၂၂.၄ %
လျှပ်စစ်ဓါတ်အားသွယ်တန်းရရှိရန်အတွက် လက်ဆောင် ပေးမယ်လို့မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၅၅.၈ %
၂၄.၁ %
၁၅.၈ %
အကျင့်ပျက်ချစားမှုဟာ လုပ်ငန်းလုပ်ကိုင်ရာမှာ အဓိက အဟန့်အတား တခုဖြစ်တယ်လို့ သတ်မှတ်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
၉.၃ %
၂၂.၃ %
၃၅.၃ %
ဇစ်မြစ်။ www.enterprisessurveys.org

အထက်ကဇယားမှာ ဖေါ်ပြထားတဲ့ အချက်အလက်တွေအရ အခြားနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေနဲ့ နှိုင်းယှဥ်ရင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကြုံတွေ့ရတဲ့ အကျင့်ပျက်ချစားမှုဟာ ၃ ဆလောက် ပိုမိုဆိုးဝါးတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ ဒီလိုမျိုး ဆိုးဝါးလှတဲ့ လာဘ်ပေးလာဘ်ယူ ချစားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာတောင် ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်တမ်းမှာ ပါဝင်တဲ့ လုပ်ငန်းစုစုပေါင်းရဲ့  ၉ ရာခိုင်နှုံးကျော်ကျော်ကဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အကျင့်ပျက်ချစားမှုဟာ အဓိက အဟန့်အတားတခုဖြစ်တယ်လို့ သတ်မှတ်တာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံလောက် အကျင့်ပျက်ချစားမှုပြဿနာမရှိတဲ့ အခြားနိုင်ငံတွေမှာတောင် စစ်တမ်းမှာပါတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံတစ်ပုံကျော် (၃၅ ရာခိုင်နှုံး)က စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အကျင့်ပျက်ချစားမှုဟာ အဓိက အဟန့်အတားတခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကို သုံးသပ်လိုက်ရင် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ချစားမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပါတ်ဝန်းကျင်မှာ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးအမြစ်တွယ်နေပြီလဲ ဆိုတာကိုကောက်ချက်ချနိုင်ကြောင်းပါ။

နောက်တင်ပြမယ့် ဆောင်းပါးတွေမှာ အခြား စိတ်ဝင်စားစရာ သုံးသပ်ချက်တွေကိုလည်း ဆက်လက် ဖေါ်ပြသွားပါမယ်။ ဒီမြန်မာ့ စီးပွားရေးပါတ်ဝန်းကျင် စစ်တမ်းက အချက်အလက်တွေကို  http://www.enterprisesurveys.org/Data/ExploreEconomies/2014/myanmar မှာတွေ့နိုင်ပါတယ်။ တကယ်လို့ အသေးစိတ်သုတေသနလုပ်ချင်လို့ စစ်တမ်းပါအချက်အလက်အားလုံးနဲ့ စစ်တမ်းမေးခွန်းတွေကို ရယူလိုရင်တော့ အထက်ပါဝက်ဘ်ဆိုက်မှာ မိမိသုတေသနပြုလုပ်လိုတဲ့ အကြောင်းအရာကို တင်ပြပြီး user name နဲ့ password ကိုရယူနိုင်ပါတယ်။ အချက်အလက်တွေကို download လုပ်ယူရာမှာတော့ Econometric Software တခုဖြစ်တဲ့ STATA လိုအပ်ပါတယ်။

ရည်ညွန်းကိုးကား။
www.enterprisessurveys.org
Chit, M, (2012) ‘SMEs and Exports: An Empirical Analysis of SMEs in Developing and Emerging Economies’, Management Development Journal of Singapore, 18(1), pp. 29-47.

Creative Commons License
မြန်မာစီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းပါတ်ဝန်းကျင် စစ်တမ်းကို သုံးသပ်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial 4.0 International License.

Thursday 8 May 2014

စွန်ဦးတီထွင်သူများအတွက် လိုအပ်တဲ့ ရင်းနှီးငွေရနိုင်တဲ့ အရင်းအမြစ်များ

စွန့်ဦးတီထွင်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းအတွက် လုပ်ငန်းစတင်ရန်၊ လုပ်ငန်းလည်ပါတ်ရန်၊ လုပ်ငန်းချဲ့ထွင်ရန်အတွက် အဓိကကြုံတွေ့ရတဲ့ အခက်အခဲကြီးတခုကတော့  လိုအပ်သော ငွေရင်းငွေနှီး ရရှိရန် မလွယ်ကူခြင်းဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၅ နိုင်ငံက စီးပွားရေးလုပ်ငန်း ၁၃၀,၀၀၀ ကျော်ကို ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူရာမှာ စီးပွားရေးလုပ်ငန်း သုံးပုံ နှစ်ပုံကျော် (၆၇ ရာခိုင်နှုံးခန့်)က ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများလည်ပါတ်ရာတွင် ကြုံတွေ့ရသည့် အဓိကအခက်အခဲတခုမှာ လိုအပ်သော ရင်းနှီးမြုပ်နှံငွေရရှိရန် မလွယ်ကူခြင်းဖြစ်သည်ဟု ဖြေကြားကြပါတယ် (ကိုးကား။ The Business Environment and Enterprise Performance Survey)။ အဆိုပါ ကမ္ဘာ့ဘဏ် စစ်တမ်းမှ အချက်အလက်များကိုအသုံးပြုပြီး သုတေသနပြုလုပ်ထားတဲ့ ကျွန်တော်၏ စာတမ်း(၂)စောင်မှာလည်း ရင်းနှီးမြုပ်နှံငွေရရှိရန် မလွယ်ကူခြင်းက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများရဲ့ ဖွံ့ဖြိုးတိုးတက်မှုအလားအလာနှင့် ပြည်ပဈေးကွက် ထိုးဖေါက်မှုတွေကို သိသိသာသာ ထိခိုက်စေတာ တွေ့ရှိရပါတယ် (Chit, 2012)။ အသေးစားစီးပွားရေးလုပ်ငန်း တခုအတွက် လုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်း ဆောင်းပါးမှာ လုပ်ငန်းစတင်ဖို့ လိုအပ်တဲ့ ရင်းနှီးမြုပ်နှံငွေ ရရှိနိုင်မယ့် အရင်းအမြစ်အချို့ကို အကျဥ်းချုံး ဖေါ်ပြခဲ့ပါတယ်။ အခု ဒီဆောင်းပါးမှာတော့ အဆိုပါ ဘဏ္ဍာငွေရင်းမြစ်တခုချင်းစီ၏ အကျိုး၊အပြစ်များကို ဖေါ်ပြသွားပါမယ်။

ပထမဆုံးဖြတ်ရမှာကတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ ငွေကြေးပမာဏ၊ မည်သည့် နေရာတွင် အသုံးပြုရန်လိုအပ်သည် (ဥပမာ လုပ်ငန်းအသစ်တည်ထောင်ရန်၊ ချဲ့ထွင်ရန်၊ စက်ပစ္စည်းဝယ်ယူရန်၊ ကုန်ကြမ်းပစ္စည်းဝယ်ယူရန်) မည်သည့်အချိန်တွင် လိုအပ်သည် စသည့်အချက်များဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူတစ်ဦးအနေနဲ့ မိမိရဲ့ စီးပွားရေးလုပ်ငန်းအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကြေးရရှိနိုင်သည့် အရင်းအမြစ်တခုကတော့ ဆွေမျိုး၊ မိတ်ဆွေ အသိုင်းအဝိုင်းဖြစ်ပါတယ်။ ကုန်ကြမ်းပစ္စည်းဝယ်ရန်၊ အလုပ်သမား လစာပေးရန် စတဲ့ ကာလတိုငွေကြေးလိုအပ်ချက်များအတွက် ဆွေမျိုး၊ မိတ်ဆွေ အသိုင်းအဝိုင်းထံမှ ရနိုင်ပါက ချေးငွေအဖြစ် ချေးငှားသင့်ပါတယ်။ ဒါပေမယ့် ငွေကြေးလိုအပ်ချက်က လုပ်ငန်းအသစ်တည်ထောင်ရန်၊ ချဲ့ထွင်ရန်စတဲ့ ရေရှည်လိုအပ်ချက်ဖြစ်ပါက ချေးငွေအဖြစ် မဟုတ်ဘဲ လုပ်ငန်းတွင်အစုရှယ်ယာအဖြစ် ထည့်ဝင်ခွင့်ပေးသင့်ပါတယ်။ မိမိရဲ့ ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းထံမှ ဘဏ္ဍာငွေကြေးရယူခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
  • အတိုးမပေးရခြင်း (သို့မဟုတ်)ပြင်ပမှ ချေးယူလျှင်ပေးရမည့် အတိုးနှုံးလောက် မပေးရခြင်း
  • များသောအားဖြင့် အာမခံ (သို့)အပေါင်ပစ္စည်း မလိုအပ်ခြင်း
  • တင်းကြပ်သည့် စည်းမျဥ်းစည်းကမ်းများ မရှိခြင်း
  • ငွေကြေးချေးငှားမြုပ်နှံမည့်သူက စီးပွားရေးလုပ်ငန်းအကြောင်း ဂဂဏဏ သိရှိပြီးဖြစ်ခြင်း
ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းထံမှ ဘဏ္ဍာငွေကြေးရယူခြင်းမှ အထက်ပါ အကျိုးကျေးဇူးများရရှိနိုင်သလို သတိထားရမယ့်အချက်တွေလည်း ရှိပါတယ်။ မိမိရဲ့ ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းက ခင်မင်ရင်းနှီးမှုကို အခြေခံပြီး ဘဏ္ဍာငွေကြေးချေးငှားထောက်ပံ့တာဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းက မျှော်လင့်ထားသလို မအောင်မြင်ရင် ရင်ဆိုင်ရနိုင်တဲ့ ဆုံးရှုံးနိုင်မှု အလားအလာတွေကို ပွင့်ပွင့်လင်းလင်း အသိပေးထားသင့်ပါတယ်။ သူတို့ ဆုံးရှုံးခံနိုင်တဲ့ ငွေကြေးပမာဏထက် ပိုမိုပြီး ချေးငှားမြုပ်နှံမှု မပြုလုပ်စေသင့်ပါဘူး။ တခြားစဥ်းစားရမယ့်အချက်တခုကတော့  ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းထံမှ ရင်းနှီးမြုပ်နှံမှုကို လက်ခံလိုက်တဲ့အတွက် လုပ်ငန်းအတွေ့အကြုံမရှိတဲ့ ရင်းနှီးမြုပ်နှံသူက လုပ်ငန်းလည်ပါတ်လုပ်ကိုင်ရာမှာ ပါဝင်စွက်ဖက်လာခြင်းကြောင့် လုပ်ငန်းပျက်ဆီး ဆုံးရှုံးရမယ့် အန္တရာယ်ပါဘဲ။ ဒီလို အန္တရာယ်မျိုးနဲ့ မကြုံတွေ့ရအောင် အစကထဲက ရင်းနှီးမြုပ်နှံငွေဘဲ လိုအပ်ကြောင်း၊ လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ဘို့ မလိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေးထားသင့်ပါတယ်။ အခြားကြုံတွေ့လာရနိုင်တဲ့ ပြဿနာတခုကတော့ ရင်းနှီးမြုပ်နှံသူ၊ ငွေချေးငှားသူက လုပ်ငန်းအကောင်အထည် မပေါ်ခင် သူတို့ရဲ့ ငွေကို ပြန်လိုချင်ခြင်းပါဘဲ။ 

အထက်ဖေါ်ပြပါ ပြဿနာများကို ကျော်လွှားနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေကို သေသေချာချာ ရေးသားမှတ်တမ်းတင်ထားသင့်ပါတယ်။ အဆိုပါ သဘောတူညီချက်ထဲမှာ ချေးငွေရဲ့ သဘောသဘာဝ၊ ပြန်လည်ပေးဆပ်မယ့် ပုံစံနဲ့ ချေးငွေသက်တမ်း၊ ရင်းနှီးမြုပ်နှံငွေဖြစ်ပါက ပြန်လည်ထုတ်ယူနိုင်မယ့် အချိန်ကာလနဲ့ အမြတ်ငွေခွဲဝေမယ့် ပုံစံ၊ နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် စည်းမျဥ်းနဲ့ တာဝန်ဝတ္တရားတွေကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသင့်ပါတယ်။ အနာဂါတ်မှာ ကြုံတွေ့ရနိုင်တဲ့ နားလည်မှုလွဲမှားခြင်းတွေကို ကျော်လွှားနိုင်ဖို့ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ သဘောတူညီချက် ရှိထားသင့်ပါတယ်။


စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းစတင်ရန်၊ လုပ်ငန်းလည်ပါတ်ရန်၊ လုပ်ငန်းချဲ့ထွင်ရန် လိုအပ်သော ဘဏ္ဍာငွေကို ရရှိနိုင်တဲ့ အခြားနည်းလမ်းတခု ကတော့ ဘဏ်ချေးငွေဖြစ်ပါတယ်။ လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုအတွက် ဘဏ်မှ ချေးငွေရယူခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
  • ချေးငွေသက်တမ်းနဲ့ ပြန်ဆပ်ရမယ့် ပုံစံကို သိပြီးဖြစ်တဲ့အတွက် မိမိလုပ်ငန်းရဲ့ဝင်ငွေ၊ထွက်ငွေကို စီမံချက်ချ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်၊
  • တခြား ပြင်ပမှ ချေးယူခြင်းနဲ့ယှဥ်ရင် အတိုးနှုံးသက်သာပါတယ်၊
  • လိုအပ်တဲ့ ရင်းနှီးငွေရဖို့ တခြားပြင်ပရင်းနှီးမြုပ်နှံသူထံမှ ရယူခြင်းလို လုပ်ငန်းပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုတွေကို ခွဲဝေပေးစရာ မလိုပါဘူး၊
  • ဘဏ်မှချေးငွေအပေါ် အတိုးပေးငွေဟာ လုပ်ငန်းရဲ့ အသုံးစားရိတ်ဖြစ်တဲ့အတွက် အမြတ်ခွန် ကင်းလွတ်ခွင့်ရပါတယ်။ တကယ်လို့ လိုအပ်တဲ့ ရင်းနှီးငွေအတွက် ပြင်ပရင်းနှီးမြုပ်နှံသူများထံ ရှယ်ယာခေါ်ရင် ရှယ်ယာအပေါ် ခွဲဝေပေးတဲ့ အမြတ်ငွေကတော့ အမြတ်ခွန်ကင်းလွတ်ခွင့်မရှိပါဘူး။
ဒါပေမယ့် ဘဏ်ချေးငွေအပေါ် အတိုးနဲ့အရင်းကို လစဥ် (သို့မဟုတ်) သုံးလတကြိမ် ပုံမှန်ပေးဆပ်ရလေ့ရှိတဲ့ အတွက် မိမိလုပ်ငန်းရဲ့သဘောသဘာဝအရ ဝင်ငွေကလစဥ်ပုံမှန်မရှိရင်ပြန်ဆပ်ဖို့အခက်အခဲရှိနိုင်ပါတယ်။ ဒါ့အပြင် အခုမှ လုပ်ငန်းစကာစ လုပ်ငန်းအသစ်တွေအတွက်ကတော့ ဘဏ်ချေးငွေရဖို့ သိပ်လွယ်ကူမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်အများစုအနေနဲ့ အပေါင်ပစ္စည်းပါမှ ငွေချေးတဲ့အတွက် ဘဏ်ချေးငွေဟာ အခြေတည်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းချဲ့ထွင်ဖို့ ပိုပြီး အသုံးတဲ့ပါလိမ့်မယ်။

စွန့်ဦးတီထွင်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကြေးရနိုင်တဲ့ နောက်ထပ် အရင်းအမြစ် တခုကတော့ ပြင်ပရင်းနှီးမြုပ်နှံသူများထံမှ ရင်းနှီးမြုပ်နှံငွေကိုလက်ခံပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းပါဘဲ။ ဒီလိုမျိုး ရင်းနှီးမြုပ်နှံငွေ ရှာဖွေခြင်းဟာ အခု မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ အများပိုင်ကုမ္ပဏီ ထောင်ပြီး ရှယ်ယာထုတ်ရောင်းတာမျိုး မဟုတ်ပါဘူး။ တကယ်တမ်း ပြောရရင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ ခိုင်ခိုင်မာမာရှိပြီး ဥပဒေစိုးမိုးတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကုမ္ပဏီတခုထောင်ပြီး အများပြည်သူကို လွယ်လွယ်ကူကူ ရှယ်ယာထုတ်ရောင်းလို့ မရပါဘူး။ ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ(၁)ဆောင်းပါးမှာ ကျွန်တော်တင်ပြခဲ့သလို အများပြည်သူကို ရှယ်ယာထုတ်ရောင်းချင်တဲ့ ကုမ္ပဏီ အနေနဲ့ သက်ဆိုင်ရာနိုင်ငံ စတော့အိပ်ချိန်းက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ၊  သက်ဆိုင်ရာအစိုးရက ပြဌါန်းထားတဲ့ ဥပဒေတွေကို လိုက်နာရပါတယ်။ ဒါကြောင့် စွန့်ဦးတီထွင်သူများနှင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အများပြည်သူကို ရှယ်ယာထုတ်ရောင်းပြီး လိုအပ်တဲ့ ရင်းနှီးမြုပ်နှံငွေရှာဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားတဲ့ ပုဂ္ဂလိကပြင်ပရင်းနှီးမြုပ်နှံသူကို လုပ်ငန်းရဲ့ အစုစပ်ပိုင်ဆိုင်သူအဖြစ် လက်ခံလိုက်ခြင်းဖြင့် လိုအပ်တဲ့ ဘဏ္ဍာငွေအရင်းအနှီးကို ရရှိနိုင်ပါတယ်။ ဒီနည်းလမ်းရဲ့ အားသာချက်ကတော့ ရင်းနှီးမြုပ်နှံသူကို သူထည့်ဝင်ထားတဲ့အရင်းအနှီးအတွက် အတိုးပေးစရာ မလိုတဲ့အပြင် ဘဏ်ချေးငွေလို သက်တမ်းပြည့်လို့ ပြန်ဆပ်ရတာမျိုး မရှိတော့ပါဘူး။ ပြင်ပရင်းနှီးမြုပ်နှံသူအတွက်ကတော့ လုပ်ငန်းအောင်မြင်တိုးတက်မှု အပေါ်မှာ မူတည်ပြီး အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက စွန့်ဦးတီထွင်သူတွေအတွက်ကတော့ အခုလို ရင်းနှီးမြုပ်နှံသူတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ အကြံဉာဏ်တွေကို ဈေးကွက်တင် အကောင်အထည်ဖေါ်ကြပါတယ်။ အခုအချိန်မှာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေဖြစ်နေတဲ့ ဖေ့(စ)ဘွတ် (Facebook)၊ အက်ပဲ(လ) (Apple)၊ ဂူဂယ်(လ) (Google) စတဲ့နည်းပညာကုမ္ပဏီကြီးတွေဟာ စွန့်ဦးတီထွင်သူတွေနဲ့ ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူတွေပူးပေါင်းပြီး အစပြုခဲ့ကြတာဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူတစ်ဦးအနေနဲ့ ပိုင်ဆိုင်တာက ဈေးကွက်ဝင်ဖို့ အလားအလာရှိတဲ့ ပစ္စည်းအသစ် (သို့မဟုတ်)ဝန်ဆောင်မှုအသစ်နဲ့ ပါတ်သက်တဲ့ ဆန်းသစ်တီထွင်တဲ့ စိတ်ကူးအကြံဉာဏ်ပါ။ ဒီလို စိတ်ကူးအကြံဉာဏ်ကို အပေါင်ထားပြီး ဘယ်ဘဏ်ကမှ ငွေချေးလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆန်းသစ်တီထွင်တဲ့ စိတ်ကူးအကြံဉာဏ်ရှိတဲ့ စွန့်ဦးတီထွင်သူတွေ အတွက်တော့ အခုလို ပြင်ပရင်းနှီးမြုပ်နှံသူတွေနဲ့ အကျိုးတူပူးပေါင်းခြင်းဖြင့် လုပ်ငန်းအကောင်အထည်ဖေါ်ဖို့ လိုအပ်တဲ့ ရင်းနှီးငွေကို ရရှိနိုင်ပါတယ်။ ဒီလိုမျိုး ဘဏ္ဍာငွေအရင်းအနှီးရှာတဲ့စံနစ် အောင်မြင်တွင်ကျယ်လာဖို့ အဓိက လိုအပ်တာကတော့ စွန့်ဦးတီထွင်သူရဲ့ စိတ်ကူးအကြံဉာဏ်နဲ့ ပြင်ပရင်းနှီးမြုပ်နှံသူရဲ့ ပိုင်ဆိုင်မှုတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးမယ့် ဥပဒေ၊နည်းဥပဒေတွေနဲ့ တရားဥပဒေစိုးမိုးမှုဘဲ ဖြစ်ပါတယ်။ ကျွန်တော့အမြင်အရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီစံနစ် အောင်မြင်တွင်ကျယ်လာဖို့အတွက် လိုအပ်တဲ့အချက်တွေ မပြည့်စုံသေးပါဘူး။

အထက်မှာ တင်ပြထားသလို ပြင်ပရင်းနှီးမြုပ်နှံသူတွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းစတင်ဖို့အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေအရင်းအမြစ်ရှာရာမှာ အဓိက အခက်အခဲကတော့ စွန့်ဦးတီထွင်သူရဲ့ စိတ်ကူးအကြံဉာဏ်ကို အောင်မြင်မယ်လို့ ယုံကြည်တဲ့အတွက် စွန့်စားပြီး ငွေရင်းစိုက်ထုတ်လိုတဲ့ ရင်းနှီးမြုပ်နှံသူကို ရှာဖွေတွေ့ရှိဖို့ဆိုတာ လွယ်ကူတဲ့ လုပ်ငန်းစဥ် တခုတော့ မဟုတ်ပါဘူး။ အခု ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တွင်ကျယ်နေတဲ့ နည်းလမ်းကတော့ Crowd funding လို့ခေါ်တဲ့ အွန်လိုင်းကနေတဆင့် စွန့်ဦးတီထွင်သူရဲ့ စိတ်ကူးအကြံဉာဏ်ကို စိတ်ဝင်စားတဲ့သူတွေထံကနေ လုပ်ငန်းအကောင်အထည်ဖေါ်ရာမှာ လိုအပ်တဲ့ ဘဏ္ဍာငွေအရင်းအနှီးရှာဖွေခြင်းပါ။ စွန့်ဦးတီထွင်သူအနေနဲ့ သူ့ထုတ်လုပ်လိုတဲ့ ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုကို အဆိုပါ crowd funding အင်တာနက် ဝက်(ဘ)ဆိုက်မှာ အသေးစိတ်တင်ပြပြီး စိတ်ဝင်စားတဲ့သူတွေကို ငွေရင်းစိုက်ထုတ်ပေးဖို့နဲ့ လုပ်ငန်းအောင်မြင်ပါက ဘယ်လို အကျိုးအမြတ်ရမယ်ဆိုပြီး ဖိတ်ခေါ်ဆွဲဆောင်ရပါတယ်။ ဒီစံနစ်နဲ့ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု ကွာခြားတာကတော့ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုစံနစ်မှာ ရင်းနှီးမြုပ်နှံသူတစ်ဦး (သို့မဟုတ်)အနည်းစုက ရင်းနှီးငွေအမြောက်အများထည့်ဝင်တာဖြစ်ပြီး၊ ဒီစံနစ်မှာတော့ စိတ်ဝင်စားသူ အမြောက်အများက ငွေပမာဏအနည်းငယ်စီ ထည့်ဝင်ကြခြင်းဖြစ်ပါတယ်။ ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူတွေ မျှော်လင့်တာက လုပ်ငန်းအောင်မြင်ရင် ရရှိလာမယ့် ငွေကြေးအကျိုးအမြတ်ဖြစ်ပြီး crowd sourcing စံနစ်မှာတော့ ငွေကြေးထည့်ဝင်သူတွေ စိတ်ဝင်စားတာက စွန့်ဦးတီထွင်သူထုတ်လုပ်မယ့် ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှု ဖြစ်ပါတယ်။ crowd funding မှာ ငွေကြေးစိုက်ထုတ်ထည့်ဝင်တာဟာ လုပ်ငန်းအောင်မြင်ရင် ထွက်ရှိလာမယ့် ပစ္စည်းကို ကြိုဝယ်တဲ့ သဘောပါဘဲ။ ဒါကြောင့် စွန့်ဦးတီထွင်သူအနေနဲ့ မိမိထုတ်လုပ်မယ့် ပစ္စည်း (သို့မဟုတ်)ဝန်ဆောင်မှု အကြောင်းကို တတ်နိုင်သမျှ ပြည့်စုံအောင်တင်ပြဖို့လိုပါတယ်။ ဖြစ်နိုင်ရင် နမူနာ ထုတ်လုပ်ထားတဲ့ပစ္စည်း၊ ဒါမှမဟုတ်ရင်လည်း မိမိထုတ်လုပ်မယ့် ပစ္စည်းအတွက် လိုအပ်တဲ့ နည်းပညာတွေအားလုံး မိမိမှာရှိတယ်ဆိုတာကို ငွေကြေးထည့်ဝင်မယ့်သူတွေ ယုံကြည်အောင် တင်ပြနိုင်ရပါမယ်။ ဒါ့အပြင် ပစ္စည်းကို ဘယ်မှာထုတ်လုပ်မယ်၊ ဘယ်လောက်ကုန်ကြမယ်၊ ကနဦးထုတ်လုပ်မှုစားရိတ် ဘယ်လောက်ရှိမယ်၊ အစရှိတာတွေကို တွက်ချက်ပြီး မိမိလိုအပ်တဲ့ ကနဦး ရင်းနှီးငွေပမာဏကို သတ်မှတ်ရပါတယ်။ သတ်မှတ်အချိန်ကာလ (ဥပမာ တစ်လ)အတွင်းမှာ မိမိထုတ်လုပ်လိုတဲ့ပစ္စည်းကို စိတ်ပါဝင်စားတဲ့သူတွေ ထည့်ဝင်မယ်လို့သဘောတူထားတဲ့ငွေပမာဏက  ကနဦးသတ်မှတ်ထားတဲ့ ရင်းနှီးငွေပမာဏကို ပြည့်မှီမှသာ ထည့်ဝင်မယ့် ရင်းနှီးငွေကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ မပြည့်မှီဘူးဆိုရင်တော့ စီမံကိန်း မအောင်မြင်ပါဘူး။

ဥပမာအနေနဲ့ crowd funding ဝက်(ဘ)ဆိုက်တွေထဲမှာ ထင်ရှားတဲ့ kick starter မှာတင်ထားတဲ့ စီမံကိန်း (၃)ခုကို အောက်မှာ ဖေါ်ပြထားပါတယ်။














Pciture Source: www.kickstarter.com

ဝဲဘက်အစွန်ဆုံးက လုပ်ငန်းရှင်ထုတ်လုပ်မယ့် ပစ္စည်းကတော့ ချဥ်ဖတ်တည်တဲ့ပုလင်းပါ။ ထုတ်လုပ်မှု စတင်ဖို့ အရင်းအနှီး ဒေါ်လာ ၁၅၀၀၀ လိုအပ်ပြီး၊ ခုလောလောဆယ်မှာကို ထုတ်လုပ်မယ့် ပစ္စည်းကို စိတ်ဝင်စားသူတွေက ထည့်ဝင်မယ်လို့ သဘောတူထားတာ ဒေါ်လာ ၁၈၀၀၀ ကျော်ရှိတဲ့အတွက် လုပ်ငန်းရှင်အနေနဲ့ လိုအပ်တဲ့ ရင်းနှီးငွေကို ရရှိမှာဖြစ်ပါတယ်။ ဒီလို crowd funding ဝက်(ဘ)ဆိုက်တွေမှာ စွန့်ဦးတီထွင်သူတွေဘဲ လိုအပ်တဲ့ ရင်းနှီးငွေရှာနိုင်တာ မဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့၊ ဝတ္ထုရေးတာ၊ ပန်းချီဆွဲတာစတဲ့ မိမိဝါသနာပါတာကိုလုပ်ဖို့ လိုအပ်တဲ့ ငွေကိုလည်း ရှာနိုင်ပါတယ်။ အလယ်ကပုံမှာ တင်ပြထားတာကတော့ ကွန်ပျူတာမှာ ပုံဖေါ်တဲ့ အစက်အပြောက်လေးတွေနဲ့ ပုံတူဆွဲဖို့ ဝါသနာပါသူက တရက်မှာ တစ်ပုံနှုံးနဲ့ တနှစ်အတွင်း ၃၆၅ ပုံဆွဲဖို့ လိုအပ်တဲ့ငွေ စတာလင်ပေါင် ၂၀၀၀ ကိုထည့်ဝင်ပေးမယ့်သူတွေကို ဖိတ်ခေါ်နေတာဖြစ်ပြီး စာရင်းမပိတ်မှီ ၂၁ နာရီအလိုမှာ ထည့်ဝင်မယ်လို့ သဘောတူထားတာငွေ ပေါင် ၂၅၀၀ ကျော်ရှိပါပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံက နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူတွေ၊ လူမှုအကျိုးပြုလုပ်ငန်းလုပ်လိုသူတွေ၊  အနေနဲ့လည်း လိုအပ်တဲ့ ငွေအရင်းအနှီးကို ဒီလို crowd funding ဝက်(ဘ)ဆိုက်တွေမှာ မိမိရဲ့ ပစ္စည်း၊ အကြံဉာဏ်တွေကို တင်ပြပြီး ငွေကြေးစိုက်ထုတ်ထည့်ဝင်သူရှာဖွေသင့်ကြောင်းတင်ပြလိုက်ရပါတယ်။ နာမည်ကျော်ကြားတဲ့ crowd funding ဝက်(ဘ)ဆိုက်တွေကတော့
www.kickstarter.com
www.indiegogo.com
www.rockethub.com
www.gofundme.com

ရည်ညွှန်းကိုးကား။
Chit, M. M. (2012) ‘SMEs and Exports: An Empirical Analysis of SMEs in Developing and Emerging Economies’, Management Development Journal of Singapore, 18(1), pp. 29-47.

Creative Commons License
စွန်ဦးတီထွင်သူများအတွက် လိုအပ်တဲ့ ရင်းနှီးငွေရနိုင်တဲ့ အရင်းအမြစ်များ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Sunday 27 April 2014

အသေးစား စီးပွားရေးလုပ်ငန်းတခုအတွက် လမ်းညွှန်တခုရေးဆွဲခြင်း (Writing a Business Plan for SMEs)

ယခင်တင်ထားသည့် ဆောင်းပါး အများစုကို ဇော်ဂျီစာလုံးကို အသုံးပြု၍ ရေးသားထားရာမှ အပြည်ပြည် ဆိုင်ရာစံသတ်မှတ်ချက်နှင့် ကိုက်ညီသော မြန်မာ၃ ယူနီကုဒ် စာလုံးဖြင့် ပြောင်းလဲထားပါသည်။ ဤသို့ စာလုံး ပြောင်းထားသည့် ဆောင်းပါးများထဲမှ စီးပွားရေးလုပ်ငန်း အသစ်တခုကို စတင်လိုသူများအတွက် အသုံးဝင်မည့် စီးပွားရေးလုပ်ငန်း လမ်းညွှန်ပုံစံရေးဆွဲသည့် ပုံစံကို ပြန်လည် ဖေါ်ပြလိုက်ပါသည်။ ဒီပုံစံကို ဘဏ်နဲ့ တခြားဘဏ္ဍာရေးအဖွဲ့အစည်းတွေထံမှ ချေးငွေလျှောက်ထားရာမှာလည်း အသုံးပြုလို့ရနိုင်ပါတယ်။ အလွယ်တကူ အသုံးပြုလို့ရအောင် download လုပ်နိုင်ပါတယ်။

သင်၏ စီးပွားရေးလုပ်ငန်းအတွက် လွယ်ကူရိုးရှင်းသော လုပ်ငန်းလမ်းညွှန်တခုရေး ဆွဲရန် အောက်ဖေါ်ပြပါ မေးခွန်းများကို အတတ်နိုင်ဆုံးရိုးသားစွာဖြေဆိုကြည့်ပါ။ မေးခွန်းတချို့ကို ချက်ချင်းဖြေဆိုရန်ခက်ခဲပါက၊ မဖြေဆိုနိုင်သေးပါက သင်စတင်လိုသည့်လုပ်ငန်း (သို့) တိုးချဲ့လိုသည့်လုပ်ငန်းနှင့်ပါတ်သက်၍ သင်အနေနှင့် လေ့လာရန် လိုအပ်သေးသည်ကို ညွှန်ပြပါသည်။

ဤစီးပွားရေးလုပ်ငန်း လမ်းညွှန်ပုံစံကို အောက်ဖေါ်ပြပါ နေရာမှ download ရယူနိုင်ပါသည်။
https://www.dropbox.com/s/xqxtayg5o2jtwt1/Business_Plan.pdf

၁.၀ လုပ်ငန်း၏ နောက်ခံသမိုင်းကြောင်း

လုပ်ငန်းရှင်၏ အမည်   _________________________________________________

၁.၁  စီးပွားရေးလုပ်ငန်း၏ အမည် _________________________________________

၁.၂  ဤစီးပွားရေးလုပ်ငန်းသည်  (က) တစ်ဦးတည်းပိုင်[      ]  (ခ)အများနှင့်ဖက်စပ်[      ]

၁.၃ လုပ်ငန်း၏ တည်နေရာ __________________________________________

၁.၄ ကျွန်ုပ်၏ စီးပွားရေးလုပ်ငန်းသည် အောက်ဖေါ်ပြပါ ပစ္စည်း အမျိုးအစားများကို ထုတ်လုပ်မှု/ ဝန်ဆောင်မှု/ ကြိတ်ခွဲသန့်စင်မှု ပြုလုပ်ပါမည်။
(က) ________________________________________________________
 (ခ) _________________________________________________________

၁.၅  ကျွန်ုပ်၏ စီးပွားရေးလုပ်ငန်းမှ ထုတ်လုပ်မည့် ကုန်ပစ္စည်းများသည် အခြားလုပ်ငန်းတူများ ထုတ်လုပ်သည့်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် မတူခြားနားသည့် အချက်အလက်များမှာ
(က)  _________________________________________________________
(ခ)    _________________________________________________________

၁.၆  ဤစီးပွားရေးလုပ်ငန်းစတင်သည့် အချိန်မှစ၍ ပထမနှစ်အတွင်း ကျွန်ုပ်၏ ဦးတည်ချက်များမှာ
(က) ဖေါက်သည်  _____________    ယောက်ရရှိရန်
(ခ)   တစ်လ (သို့) တစ်ရက်လျင် အမြတ်ငွေ ______________  ရရှိရန်
(ဂ) အခြားရည်ရွယ်ချက်များ (တိတိကျကျ သတ်မှတ်ပါ။ ဥပမာ အလုပ်သမား ________    ယောက်ခန့်ထားရန်) _________________________________________________


၂.၀ ဈေးကွက်ထိုးဖေါက်မှုအစီအစဉ်

၂.၁ ကျွန်ုပ်၏ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို အောက်ဖေါ်ပြပါ ဖေါက်သည် အမျိုးအစားများသို့ ရောင်းချရန် မျှော်မှန်းပါသည်။
(က) ________________________________ ခန့်မှန်းအရေအတွက် ___________
(ခ)   ________________________________ ခန့်မှန်းအရေအတွက် ___________

၂.၂ ဖေါက်သည်တဦးသည် တစ်လ/တစ်ပါတ်/တစ်ရက်အတွင်း  ________  ကြိမ်ဝယ်ယူမည်။

၂.၃ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှု တမျိုးစီ၏ တစ်လ/တစ်ပါတ်/တစ်ရက်အတွင်း ခန့်မှန်းအရောင်းပမာ ဏမှာ အောက်ပါအတိုင်း ဖြစ်သည်။


ပစ္စည်းအမျိုးအမည်
အရေအတွက်
အရောင်းဈေးနှုံး
သင့်ငွေ








စုစုပေါင်း




 ၂.၄ လုပ်ငန်းစသည့်ပထမနှစ်အတွင်း လစဉ်အရောင်းပမာဏကို အောက်ပါအတိုင်းမျှော်မှန်းပါသည်။

အရောင်း
စုစုပေါင်း
၁၀
၁၁
၁၂
လက်ငင်း













အကြွေး













စုစုပေါင်း















၂.၅ ကျွန်ုပ်၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းတူ အဓိကပြိုင်ဖက်များမှာ


လုပ်ငန်းအမည်
ပြိုင်ဖက်၏အားသာချက်
ပြိုင်ဖက်ကို မည်သို့ယှဉ်ပြိုင်မည်။

·     _____________________
·     _____________________

·     ______________________
·     ______________________

·    _____________________
·    _____________________

·    ______________________
·    ______________________

 

၃.၀ ကုန်ပစ္စည်း ထုတ်လုပ်မှု စီမံချက်

၃.၁ ကျွန်ုပ်ထုတ်လုပ်မည့် ကုန်ပစ္စည်း၏ ထုတ်လုပ်မှု အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


လုပ်ငန်းစဉ်/အဆင့်
အရေးကြီး/သတိထားရမည့် အချက်များ

·     _____________________________________________
·     _____________________________________________


·         ____________________________________________
·         ____________________________________________


၃.၂ ကုန်ပစ္စည်းထုတ်လုပ်ရန် လိုအပ်သော စက်ပစ္စည်း ကိရိယာတန်ဆာပလာနှင့် အခြားအခြေပစ္စည်းများမှာ အောက်ဖေါ်ပြပါစာရင်းအတိုင်းဖြစ်ပါသည်။


စက်ပစ္စည်း ကိရိယာ
အရေအတွက်
ထုတ်လုပ်သူ
ဈေးနှုံး
ကျသင့်ငွေ















စုစုပေါင်း






၃.၃ ကြုံတွေ့ရနိုင်သည့် ပြဿနာ အခက်အခဲများ (ရာသီအလိုက် သို့မဟုတ် အခြားပြောင်းလဲမှုများ)
ဥပမာ ရန်သူမျိုးငါးပါး၊ နွေရာသီ လျှပ်စစ်မီးပြတ်ခြင်း၊ မူဝါဒ အပြောင်းအလဲများ။ အောက်ဖေါ်ပြပါဇယားတွင် ကျွန်ုပ်၏လုပ်ငန်းကို ထိခိုက်နိုင်မည့် အချက်များကို ဖေါ်ပြထားပါသည်။


ပြဿနာ / အခက်အခဲများ
လုပ်ငန်းကို မည်ကဲ့သို့ ထိခိုက်စေနိုင်သည်။

·     _____________________________________________
·     _____________________________________________


·         ____________________________________________
·         ____________________________________________


၃.၄ အထက်ပါအချက်များကြောင့် လုပ်ငန်းလည်ပါတ်မှု မထိခိုက်စေရန် (သို့) ထိခိုက်မှု နည်းနိုင်သမျှ နည်းစေရန် အောက်ပါအချက်များကို ဆောင်ရွက်ထားပါမည်။
(က) ________________________________________________________
 (ခ) _________________________________________________________

၃.၅ ဥပဒေ အရလိုအပ်ချက်များ (ဥပမာ လုပ်ငန်းလိုင်စင်၊ စက်မှုလက်မှု မှတ်ပုံတင်)

(က) ________________________________________________________
 (ခ) _________________________________________________________

၃.၆ လစဉ် ကုန်ကြမ်းနှင့် အခြားလိုအပ်သည်ပစ္စည်းများ ဝယ်ယူရန်လိုအပ်ငွေ


ကုန်ကြမ်းပစ္စည်း
ဝယ်ဈေးနှုံး
လိုအပ်သည့်အရေအတွက်
ထုတ်လုပ်သူ
ကျသင့်ငွေ






























စုစုပေါင်း



၄.၀ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဖွဲ့စည်းပုံဆိုင်ရာ စီမံချက်

ကျွန်ုပ်၏လုပ်ငန်းကိုအားကြိုးမာန်တက် ကြိုးစား၍ အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲပါမည်။ ကျွန်ုပ်၏ လုပ်ငန်းကို စီမံခန့်ခွဲရာတွင် အရေးကြီးသောအချက်များကို အောက်ပါအခန်းကဏ္ဍတွင် ဖေါ်ပြထားပါသည်။

၄.၁ လိုအပ်သော အလုပ်သမားဦးရေ၊ လုပ်ငန်းတာဝန် နှင့် ကျွမ်းကျင်မှုများ

အလုပ်သမားများ (ပိုင်ရှင်အပါအဝင်)
လုပ်ငန်းတာဝန်
ဦးရေ
လစာ
စုစုပေါင်း
လုပ်ငန်းပိုင်ရှင် (များ)



















စုစုပေါင်း




၄.၂ အလုပ်သမားရှာဖွေစုဆောင်းရာတွင် အောက်ဖေါ်ပြပါ နည်းလမ်းများကို အသုံးပြုပါမည်။
(က) ________________________________________________________
 (ခ) _________________________________________________________

၄.၃ အလုပ်သမားများ လုပ်ငန်းခွင်တွင် စိတ်ဓါတ်တက်ကြွစေရန် အောက်ဖေါ်ပြပါ နည်းလမ်းများကို အသုံးပြုပါမည်။
(က) ________________________________________________________
 (ခ) _________________________________________________________

၅.၀ ဘဏ္ဍာရေးဆိုင်ရာ စီမံချက်

၅.၁ (က)  အခန်း ၃.၂ တွင်ဖေါ်ပြထားသော စက်ပစ္စည်း ကိရိယာ၊တန်ဆာပလာများဝယ်ရန်လိုအပ်ငွေ

               =  ________________


         (ခ) လုပ်ငန်းမလည်ပါတ်မှီ လိုအပ်သော အသုံးစားရိတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


အမျိုးအမည်
ကျသင့်ငွေ














စုစုပေါင်း


       (ဂ) လုပ်ငန်း တစ်လလည်ပါတ်ရန် လိုအပ်သော အသုံးစားရိတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 


ကုန်ကျစားရိတ်
ကျသင့်ငွေ
ရောင်းချရန် (သို့) ကုန်ချောထုတ်လုပ်ရန် လိုအပ်သော ပစ္စည်း (အခန်း ၃.၅ ကိုကြည့်ပါ။)

ပိုင်ရှင်လစာ (အခန်း ၄.၁ ကိုကြည့်ပါ။)

အလုပ်သမားများ လစာ (အခန်း ၄.၁ ကိုကြည့်ပါ။ )

အလုပ်သမားများ စိတ်ဓါတ်တက်ကြွစေရန်သုံးငွေ (အခန်း ၄.၃ ကိုကြည့်ပါ။)

လုံခြုံရေး (လိုအပ်လျှင်)

သယ်ယူပို့ဆောင်ရေး

လုပ်ငန်းနေရာ၊ သိုလှောင်ရုံ ငှားရမ်းခ

လျှပ်စစ်၊ လောင်စာ၊ စက်သုံးဆီ

ကြော်ငြာနှင့် အရောင်းမြှင့်တင်စားရိတ်

၁၀
ချေးငွေအပေါ်အတိုး (လိုအပ်လျှင်)

၁၁
အခြားစားရိတ်များ

စုစုပေါင်းကျသင့်ငွေ


၅.၂ လုပ်ငန်းစတင်ရန်အတွက် လိုအပ်သောရင်းနှီးမြုပ်နှံမှုစုစုပေါင်း

     ၅.၁(က)________ + ၅.၁(ခ)_________+ ၅.၁(ဂ)_________ =_________________

၅.၃ အထက်ပါ လိုအပ်သောရင်းနှီးမြုပ်နှံငွေကို အောက်ဖေါ်ပြပါနေရာများမှ ရရှိပါမည်။


အရင်းအမြစ်
ပမာဏ
ကိုယ်ပိုင်စုဆောင်းထားငွေ

မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်း

ဘဏ်ချေးငွေ

အရပ်တိုးဖြင့်ချေးငွေ

အခြား အရင်းအမြစ်များ

စုစုပေါင်း


၅.၄ ခန့်မှန်းဝင်ငွေ၊ ထွက်ငွေစာရင်း (ဝင်ငွေ နှင့် အသုံးစားရိတ်)

ဝင်ငွေ
စုစုပေါင်း
ယခင်လမှလက်ကျန်







ပိုင်ရှင်မှ ထည့်ဝင်ငွေ







… မှချေးငွေ







လက်ငင်းအရောင်း







အကြွေးရောင်းငွေပြန်ရ







အခြားရငွေ







စုစုပေါင်းဝင်ငွေ (က)







ထွက်ငွေ































































စုစုပေါင်းထွက်ငွေ (ခ)







စာရင်းပိတ်လက်ကျန် [(က) – (ခ)]








အထက်ဖေါ်ပြပါ စီးပွားရေးလုပ်ငန်း လမ်းညွှန်ပုံစံကို ဤနေရာကို ကလစ်လုပ်၍ ရယူနိုင်ပါသည်။

Source: Care International မှဖြန့်ချီသော Small Business Management Skills နှင့် ILO business training materials များကို မှီငြမ်းပါသည်။

Creative Commons License
အသေးစား စီးပွားရေးလုပ်ငန်းတခုအတွက် လမ်းညွှန်တခုရေးဆွဲခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.