Sunday, 13 May 2012

ဘဏ္ဍာရေးအကြပ်အတည်း (Financial Crisis) ကိုဖြစ်စေခဲ့တဲ့ သင်္ချာညီမျှခြင်း

တစ်ယောက်ယောက်က ရေးလိုက်တဲ့ သင်္ချာညီမျှခြင်း တစ်ခုက ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တခုတော့မဟုတ်ပါဘူး။ တခါတလေတော့ ဖြစ်တတ်ပါတယ် ဆိုပေမယ့် အမြဲတမ်း ကမ္ဘာကြီးကို အကောင်းဘက် ပြောင်းလဲစေခဲ့တာ မဟုတ်ပါ။ ခုပြောနေကြတာတော့ ဘလက်-ရှိုးလ် (Black-Scholes) လို့လူသိများတဲ့ သင်္ချာညီမျှခြင်းနဲ့ အဲဒီညီမျှခြင်းက ပေါက်ဖွားလာတာတွေက ဘဏ္ဍာရေး လောကကြီး ကို ဂျွမ်းထိုးမှောက်ခုံ ဖြစ်အောင် ဦးတည်စေခဲ့တယ်ဆိုတာပါဘဲ။

ဘလက်-ရှိုးလ် ညီမျှခြင်းကို ၁၉၇၀ ခုနှစ်များဆီကရေးသားခဲ့တာဆိုပေမယ့် နောက်ခံအကြောင်းရင်း ကတော့ ၁၇-ရာစုနှစ် ဂျပန်က ဆန်စပါး ကုန်စည်ဒိုင်တစ်ခုမှာ ကုန်သည်တွေ ကြိုရောင်းကြို၀ယ်ကတိတွေ လုပ်ခဲ့ကြတာ က အစပြုခဲ့တာပါ။ ရိုးရိုး ကြိုရောင်းကြို၀ယ်စာချုပ် (Future Contracts) ဆိုတာကတော့ ဥပမာ နောက် ၆-လ (၂၀၁၂ ခု နို၀င်ဘာလ ၅ ရက်) အချိန်မှာ ပဲစင်းငုံ တင်း ၁၀၀ ကို တတင်း ၄၅၀၀၀ ကျပ်နှုံး နဲ့ ၀ယ်ဖို့ နှစ်ဦး သဘောတူ စာချုပ် ချုပ်ဆိုတာ မျိုးပါ။  မြန်မာနိုင်ငံမှာတော့ လေပါတ်ကားလို့ခေါ်ပြီးတရား၀င်လုပ်ခွင့်မရှိသေးဘူးလို့ ထင်ပါတယ်။

၂၀-ရာစုကိုရောက်တဲ့အခါမှာတော့ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ (Chicago Board of Trade) က ကြိုရောင်းကြို၀ယ်စာချုပ်တွေသာမက၊ အနာဂါတ်တချိန်မှာ ၀ယ်ခွင့်ရောင်းခွင့်စာချုပ် (Options Contracts)   တွေကိုပါ ဈေးကွက်ဖွင့်ပေးခဲ့ပါတယ်။ ၀ယ်ခွင့်ရောင်းခွင့်စာချုပ် ဆိုတာကတော့ နာမည်မှာပါတဲ့ အတိုင်း အနာဂါတ်မှာ ပစ္စည်းတခုကို လက်ရှိအချိန်မှာ နှစ်ဦးသဘောတူ သတ်မှတ်ထားတဲ့ဈေးနဲ့ ရောင်းပိုင်ခွင့် (သို့မဟုတ်) ၀ယ်ပိုင်ခွင့် အခွင့်အရေး ဖြစ်ပါတယ်။ ဥပမာ နောက် ၆-လ (၂၀၁၂ ခု နို၀င်ဘာလ ၁၀ ရက်) အချိန်မှာ ပဲစင်းငုံ တင်း ၁၀၀ ကို တတင်း ၄၅၀၀၀ ကျပ်နှုံး နဲ့ ၀ယ်ပိုင်ခွင့်ကို နှစ်ဦး သဘောတူ စာချုပ် ချုပ်ဆိုတာ မျိုးပါ။ ၀ယ်ပိုင်ခွင့် ပါ။  ကြိုရောင်းကြို၀ယ်စာချုပ် (Future Contracts) လို သတ်မှတ်ထားတဲ့ဈေးနဲ့ ၀ယ်ကို ၀ယ်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ၂၀၁၂ ခု နို၀င်ဘာလ ၁၀ ရက်ရောက်တဲ့အချိန်မှာ ပဲစင်းငုံ ဈေးက ၅၀၀၀၀ ဖြစ်သွားတယ်ဆိုပါစို့။  ၀ယ်ပိုင်ခွင့်ရှိသူက သူ့မှာရှိတဲ့ တတင်းကို ၄၅၀၀၀ ကျပ်နှုံး နဲ့ ၀ယ်ပိုင်ခွင့် အခွင့်အရေးကို အသုံးချမှာဖြစ်ပါတယ်။ တကယ်လို့ အဲဒီအချိန်မှာ ပဲဈေးက တတင်းကို ၄၀၀၀၀ ကျပ်နှုံး ဖြစ်သွားရင်တော့ ၀ယ်ပိုင်ခွင့်ရှိသူက သူ့မှာရှိတဲ့ ၀ယ်ပိုင်ခွင့် အခွင့်အရေးကို အသုံးမချတော့ဘဲ၊ အပြင် ဈေးကွက်မှာ ပေါက်ဈေးနဲ့ ၀ယ်မှာဖြစ်ပါတယ်။ စာဖတ်သူလည်း ဒီလို အခွင့်အရေးမျိုးဟာ အလွန်အသုံး၀င်မယ်ဆိုတာ  စဉ်းစားမိပါမှာ။ ဒါပေမယ့် ပြဿနာရှိတာက ဒီလို အခွင့်အရေးမျိုး ဘယ်လို တန်ဘိုးဖြတ်မလဲ ဆိုတာပါဘဲ။ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တယ်ဆိုတဲ့ ဘလက်-ရှိုးလ် (Black-Scholes) ညီမျှခြင်းဟာ ဒီပြဿနာကို ဖြေရှင်းဖို့ တီထွင်ခဲ့တာပါ။

ညီမျှခြင်းကို ပူးတွဲတီထွင်ခဲ့တဲ့ စတန်ဖို့ တက္ကသိုလ် စီးပွားရေးပညာဌာနက ဘဏ္ဍာရေးပညာ ပါမောက္ခ မိုင်ရွန်ရှိုးလ် (Myron Scholes) ရဲ့ အဆိုအရ အနာဂါတ်တချိန်ချိန်မှာ ဒါမှမဟုတ် အချိန်ကာလ အတိုင်း အတာတခုအတွင်းမှာ ပစ္စည်းတခုကို ကြိုတင်သတ်မှတ်ထားတဲ့ဈေးနှုံးနဲ့ ၀ယ်ပိုင်ခွင့် (Call Options) ရောင်းပိုင်ခွင့် (Put Options) အခွင့်အရေးကို ဘယ်လို တန်ဖိုးဖြတ်သတ်မှတ်မလဲ ဆိုတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခြင်းပါဘဲ။

ပါမောက္ခ မိုင်ရွန်ရှိုးလ်ဟာ ငယ်ရွယ်စဉ်ကထဲက ဘဏ္ဍာရေးကို အလွန်စိတ်၀င်စားသူဖြစ်ခဲ့ပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ စတော့ရှယ်ယာအရောင်းအ၀ယ်လုပ်ဖို့ သူ့အမေနာမည်နဲ့ စာရင်းတခုဖွင့်ခိုင်းခဲ့ ပါတယ်။ သူနဲ့ပါတ်သက်ပြီး အံ့သြစရာကောင်းတဲ့ အချက်တခုကတော့ သူ့ရဲ့ ဘွဲကြို နဲ့ ပါရဂူဘွဲ့ သင်တန်း ကာလ တလျှောက်လုံးမှာ မျက်စိလုံးလုံးနီးပါး ကွယ်နေခဲ့တာပါဘဲ။ သူပြောတာကတော့ အဲဒီလို မျက်စိ မကောင်းတဲ့အတွက် သူဟာ နားထောင်ခြင်း နဲ့ တွေးတောဆင်ခြင်ခြင်းတွေမှာ အလွန်ကို ထက်မြက်ခဲ့တယ် လို့ဆိုပါတယ်။ သူ့အသက် ၂၆ နှစ်မှာတော့ မျက်စိကို ခွဲစိတ်ကုသခဲ့ပြီး အမြင်အာရုံ ပြန်လည်ရရှိခဲ့ပါတယ်။
နောက်တနှစ်မှာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT) မှာ တွဲဖက်ပါမောက္ခဖြစ်လာပြီး အဲဒီမှာဘဲ  အခွင့်အရေးကို ဘယ်လို တန်ဖိုးဖြတ်သတ်မှတ်မလဲ ဆိုတဲ့ ပဟေဠိကို ဖြေရှင်းဖို့စတင်ကြိုးစားခဲ့ပါတယ်။ အဲဒီ ပဟေဠိရဲ့တစိတ်တပိုင်းကတော့ ပဲစင်းငုံ တင်း ၁၀၀ ကို ကြိုတင်သတ်မှတ်ထားတဲ့ တတင်း ၄၅၀၀၀ ကျပ်နှုံး နဲ့ နောက် ၆-လမှာ ၀ယ်ပိုင်ခွင့် အခွင့်အရေးရဲ့ တန်ဖိုးဟာ လက်ရှိ ပဲစင်းငုံဈေးနဲ့ အနာဂါတ်မှာဈေးနှုံး အတက်အကျ ဘယ်လို ဖြစ်မလဲဆိုတဲ့ စွန့်စားရမှုနဲ့ ပါတ်သက်ပါတယ်။ ဒါပေမယ့် လက်ရှိ ပဲစင်းငုံပေါက်ဈေးနဲ့ အနာဂါတ်တချိန်ချိန်မှာ ပဲစင်းငုံကို ကြိုတင်သတ်မှတ်ထားတဲ့ ဈေးနဲ့ ၀ယ်ပိုင်ခွင့် အခွင့်အရေးရဲ့တန်ဘိုး အကြား ဆက်နွယ်မှုဟာ ရိုးရိုးရှင်းရှင်းရှိတာတော့ မဟုတ်ပါဘူး။ ၀ယ်ပိုင်ခွင့် အခွင့်အရေးကို တကယ်အသုံးပြုဖို့ အလားအလာ ဘယ်လောက် ရှိသလဲဆိုတာအပေါ်မှာမူတည်နေ ပါတယ်။ အဲဒီ အလားအလာကလည်း တကယ်တော့ ပဲစင်းငုံကို ဘယ်ဈေးနဲ့၀ယ်ခွင့်ရှိသလဲဆိုတာနဲ့ လက်ရှိ ပဲစင်းငုံဈေးပေါ်မှာ မှုတည်နေပြန်ပါတယ်။

ရှိုးလ်ဟာ အဲဒီပြဿနာတွေကို သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တဦးဖြစ်တဲ့ ဖစ်ရှာဘလက် (Fisher Black) ပူးပေါင်းပြီး တနှစ်ခွဲလောက် အကြာမှာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သိလာတာကတော့ သူတို့ရဲ့ ဘလက်-ရှိုးလ် ညီမျှခြင်းဟာ အနာဂါတ်တချိန်မှာ ပစ္စည်းတခုကို ကြိုတင်သတ်မှတ်ထားတဲ့ဈေးနဲ့ ၀ယ်ပိုင်ခွင့် အခွင့်အရေးကိုဈေးနှုံးသတ်မှတ်ရာသာမက တခြား ဘဏ္ဍာရေး ပိုင်ဆိုင်ခွင့် တွေကို တန်ဘိုးသတ်မှတ်ရာမှာပါ အသုံး၀င်တယ်ဆိုတာပါဘဲ။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဘလက်-ရှိုးလ် ညီမျှခြင်းဟာ လူတွေကို ၀ယ်ပိုင် ရောင်းပိုင်ခွင့် အခွင့်အရေးတွေကို ယုံယုံကြည်ကြည်နဲ့လွယ်ကူလျင်မြန်စွာ ရောင်း၀ယ်ဖေါက်ကားနိုင်အောင် ဈေးကွက်ဖွင့် ပေးခဲ့ပါတယ်။ ဒီ့နောက်ပိုင်းမှာတော့ ကုန်ပစ္စည်းသာမက အများကြီး ပိုမိုရှုတ်ထွေးတဲ့ ဘဏ္ဍာရေး ဆိုင်ရာပစ္စည်းတွေ (ဥပမာ နိုင်ငံခြားငွေလဲနှုံး၊ အတိုးနှုံး) ကို ၀ယ်ပိုင်ရာင်းပိုင်ခွင့် အခွင့်အရေးတွေကို တန်ဖိုးဖြတ်ရောင်း၀ယ်ရာမှာလည်း ဘလက်-ရှိုးလ် ညီမျှခြင်းကို အသုံးပြုလာကြပါတယ်။ ရှိုးလ်အနေနဲ့ သူ့ရဲ့ ညီမျှခြင်းဟာ အသုံး၀င်နိုင် တယ်လို့တော့ တွေးထင်ထားခဲ့ပေမယ့် ခုလို ဘဏ္ဍာရေးလောကကြီး တခုလုံးကို လုံးလုံးလျားလျား ပြောင်းလဲသွားတဲ့အထိ ဖြစ်လာလိမ့်မယ်လိုတော့ မမျှော်လင့်ခဲ့ပါဘူး။  ရှိုးလ်နဲ့ ဘလက်တို့ ညီမျှခြင်းထုတ်ဖေါ်ပုံပါတဲ့ ဆောင်းပါးကို ၁၉၇၃ ခုနှစ်မှာ ပုံနှိပ်ထုတေ်၀ပြီး တစ်လလောက် အကြာမှာဘဲ ရှီကာဂို ကုန်စည်ဒိုင်က အစုရှယ်ယာ ၁၆ မျိုးအား ၀ယ်ပိုင်ရာင်းပိုင်ခွင့် အခွင့်အရေးကို စတင်ပြီး ရောင်း၀ယ်ခွင့် ပြုခဲ့ပါတယ်။ အဲဒီ အချိန်မှာရှိုးလ်ဟာ ရှီကာဂိုတက္ကသိုလ် ကိုပြောင်းရွှေ့ခဲ့ တာ နှစ်အတော်ကြာပြီဖြစ်ပြီး ဘလက်-ရှိုးလ် ညီမျှခြင်းနဲ့ သက်ဆိုင်တဲ့နည်းစံနစ်တွေကို ကျောင်းသားတွေ ကိုသင်ကြားနေပါပြီ။

မက်ဆာချူးဆက် စက်မှုတက္ကသိုလ်နဲ့ ရှီကာဂိုတက္ကသိုလ်တွေမှာ ဘလက်-ရှိုးလ် ညီမျှခြင်းကို အသုံးပြုနည်း သင်ကြားခဲ့တဲ့သူတွေဟာ နောင်နှစ်အနည်းငယ်အကြာမှာ ဘဏ္ဍာရေးလောကထဲကို ၀င်ရောက်လာကြပါတယ်။ အဲဒီလောကထဲမှာဘဲ အတွေ့အကြုံ နဲ့ ကိုယ်ပိုင်ထိုးထွင်းဥာဏ်ကိုသုံးပြီး ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုတွေကို အခြေခံထားတဲ့ ဆင့်ပွားပစ္စည်းတွေ (Financial Derivatives) ကိုရောင်း၀ယ် ဖေါက်ကားသူတွေရှိနေပါတယ်။  တိုတောင်းလှတဲ့ အချိန်အတွင်းမှာဘဲ ကိုယ်ပိုင်ထိုးထွင်းဥာဏ်ကိုသုံးပြီး အရောင်းအဝယ်လုပ်နေတဲ့သူတွေရဲ့နေရာမှာ ဈေးနှုံးသတ်မှတ်တဲ့ နည်းစံနစ်တွေကို စံနစ်တကျ သင်ကြားခဲ့သူတွေက လုံးလုံးလျားလျား နေရာယူသွားပါတယ်။ ဒါပေမယ့် အဲဒီဖြစ်ရပ်ဟာ အစပဲရှိပါသေးတယ်။ ၂၀၀၇ ခုနှစ်ရောက်တဲ့အခါမှာ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုတွေကို အခြေခံထားတဲ့ ဆင့်ပွားပစ္စည်းတွေ ကို ရောင်း၀ယ်တဲ့ဈေးကွက်တန်ဖိုးဟာ တစ် ကွာဒရီလီယံ ဒေါ်လာ (one quadrillion = one thousand million million = 1,000,000,000,000,000) ထိရှိလာပါတယ်။ အဲဒီပမာဏဟာ ဒီကမ္ဘာကြီးပေါ်မှာ သမိုင်းစတင်ကထဲက ထုတ်လုပ်ခဲ့တဲ့ ကုန်ပစ္စည်းတန်ဘိုး စုစုပေါင်းရဲ့ ၁၀ ဆနဲ့ ညီမျှပါတယ်။

ဘလက်-ရှိုးလ် ညီမျှခြင်းဟာ ဈေးကွက်ရဲ့ စမ်းသပ်မှုကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု ဘဏ်တွေ၊ ရင်းနှီးမြုပ်နှံမှုရံပုံငွေအဖွဲ့တွေက ဒီညီမျှခြင်းကို ပိုပြီးမှီခိုလာကြတာနဲ့အမျှ အဲဒီ အဖွဲ့အစည်းတွေ ဟာ အမှားအယွင်းတွေပြုလုပ်မိမယ့် အားနည်းချက်တွေ၊ သင်္ချာညီမျှခြင်းတွေရဲ့ သဘောသဘာ၀ဖြစ်တဲ့ ရိုးရှင်းအောင်ပြုလုပ်ထားမှုကြောင့် လက်တွေ့လောကနဲ့ မကိုက်ညီမှုကနေဖြစ်ပေါ်လာမယ့် ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ့် အခွင့်အလမ်း ပို၍ပို၍ များပြားလာပါတယ်။

ဒီညီမျှခြင်းက ကြီးမားတဲ့ ဈေးကွက်အတက်အကျလှုပ်ရှားမှုတွေဟာ အလွန်တရာ ဖြစ်တောင့်ဖြစ်ခဲတဲ့ ဖြစ်ရပ် ဆိုတဲ့ ယူဆချက်အပေါ်မှာ အခြေခံထားတာပါ။ အဓိက ပြဿနာကတော့ တကယ့်ဈေးကွက်မှာ ဈေးနှုံး အတက်အကျ ကြမ်းကြမ်းဖြစ်ရပ် တွေဟာ ဘလက်-ရှိုးလ် မော်ဒယ်က ခန့်မှန်းတာထက် ပိုပြီး မကြာခဏ တွေ့ကြုံရတတ် တာပါဘဲ။ နောက် ပြဿနာတခုကတော့ လူတိုင်းက ဒီသင်္ချာဆိုင်ရာ အခြေခံမူတွေကိုဘဲ အသုံးပြုနေတာဖြစ်တဲ့အတွက် အားလုံးက ဒီအဖြေတခုဘဲ ရဖို့ဖြစ်လာတာပါဘဲ။ ဒီလိုပြဿနာတွေရှိတာသိကြပေမယ့် မရှင်းလင်းတဲ့အချက်တွေကတော့ ဒီပြဿနာတွေဟာ လျှစ်လျူရှုထားနိုင်လောက်အောင် သေးငယ်သလား၊ ဒါမှမဟုတ် ဒီပြဿနာတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာ ကောင်းကောင်း နားလည်ကြရဲ့လား ဆိုတဲ့ အချက်တွေပါဘဲ။  ဒီလိုနဲ့ဘဲ ၁၉၉၇ ခုနှစ်မှာ ဘလက်-ရှိုးလ် ညီမျှခြင်းကို တီထွင်သူတွေဟာ စီးပွားရေးပညာရပ်အတွက် နိုဘဲလ်ဆုကို ချီးမြှင့်ခြင်းခံရပါတယ်။ ပါမောက္ခ ဘလက်က ၁၉၉၅ မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တဲ့အတွက်  ရှိုးလ်ဟာ နိုဘဲလ်ဆုကို ရောဘတ်မာတွန် (Robert Merton) ဆိုတဲ့ တခြား ၀ယ်ပိုင်ရာင်းပိုင်ခွင့် အခွင့်အရေးဆိုင်ရာ တွက်ချက်မှု ပညာရှင်တဦးနဲ့ ပူးတွဲရရှိခဲ့ပါတယ်။ ပညာရေး နဲ့ ဘဏ္ဍာရေး အသိုင်းအ၀ိုင်း နှစ်ခုစလုံးက သူတို့ဟာ ဒီဆုကို တကယ်ထိုက်ထိုက်တန်တန် ရခဲ့တာလို့ လက်ခံကြပါတယ်။ ကျွန်တော့ အနေနဲ့ ဘလက်-ရှိုးလ် ညီမျှခြင်းကို မဟာတန်းတက်ရင်းနဲ့ လေ့လာခွင့်ရခဲ့ပါတယ်။ ကိုယ်က တကယ့်လက်တွေ့ ဘဏ္ဍာရေး လောကမှာ အသုံးချတဲ့သူမဟုတ်လို့ လက်တွေ့အသုံး၀င်မှုကို မငြင်းခုံလိုပေမယ့် ပညာရေးရှုထောင့်က ကြည့်ရင်တော့ ဘလက်-ရှိုးလ် ညီမျှခြင်းဟာ အလွန်တရာကို လှပတဲ့၊ ဥာဏ်ကြီးရှင်တွေရဲ့ ဖေါ်ထုတ်တွေ့ရှိချက်ဆိုတာ သိသာထင်ရှားပါတယ်။

ရှိုးလ် ရဲ့ဖေါ်ထုတ်တွေ့ရှိချက်ဟာ  ဘဏ္ဍာရေး လောကမှာ လုပ်ကိုင်နေကြတဲ့ သင်္ချာပညာမှာ တဖက်ကမ်းခပ်တော်တဲ့သူတွေ မျိုးဆက်တခုလောက်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲဒါရဲ့ အကျိုးဆက်တခု ကတော့ ရင်းနှီးမြုပ်နှံမှု ဘဏ်တွေ၊ ရင်းနှီးမြုပ်နှံမှုရံပုံငွေအဖွဲ့တွေက သင်္ချာပညာ၊ စာရင်းအင်းပညာ၊ ကွန်ပျူတာပညာရပ် တွေမှာ အလွန်တော်တဲ့ ပညာရှင်တွေကို အလုပ်ခန့်ပြီး ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင် မှုတွေကို အခြေခံထားတဲ့ ဆင့်ပွားပစ္စည်းတွေ (Financial Derivatives) ကိုရောင်း၀ယ် ဖေါက်ကားရာမှာ အသုံးပြုဖို့ ညီမျှခြင်းတွေ၊ ပုံသေနည်းတွေ၊ မော်ဒယ်တွေ ရေးဆွဲ အသုံးပြုလာကြတာပါဘဲ။ အဓိကပြဿနာ ကတော့ ဘဏ္ဍာရေးဆင့်ပွားပစ္စည်းတွေရဲ့ ဈေးနှုံးတွေကို အလွန်ရှုပ်ထွေးပြီး နားလည်ဖို့ခက်ခဲလှတဲ့ ကွန်ပျူတာ မော်ဒယ်တွေက သတ်မှတ်ပေးတဲ့အခါ၊  ဒီဈေးနှုံးတွေတကယ်တန် မတန်ဆိုတာကို လူ့ဦးဏှောက်နဲ့ ၀ေဖန်ပိုင်းခြားနိုင်မှု မရှိတော့တာပါဘဲ။ တကယ်တော့လည်း ၂၀၀၇ ဘဏ္ဍာရေးအကျပ် အတည်းမဖြစ်ခင် အချိန်အထိ ဒီဈေးနှုံးတွေကို  ၀ေဖန်ပိုင်းခြား စမ်းစစ်မှုတွေလည်း ပညာရှင်အသိုင်းအ၀ိုင်း မှာကလွဲလို့ ဘဏ္ဍာရေးလောကမှာ မရှိခဲ့ပါဘူး။ ဘဏ္ဍာရေးလောကလူတော်တော်များများရဲ့ အတွေးထဲမှာ လည်း ဥာဏ်ကြီးရှင် ပညာရှင်တွေ ရေးဆွဲထားပုံသေနည်းတွေကို အလွန်အဆင့်မြင့်တဲ့ ကွန်ပျူတာတွေ သုံးပြီး သတ်မှတ်လိုက် တဲ့ ဈေးနှုံးတွေကို ရောင်းသူက ရောင်းပြီး ၀ယ်သူက ၀ယ်နေကြတော့ ဘာမှ ပြဿနာ မရှိဘူးလို့ဘဲ မှတ်ထင်ထားကြပြီး ကိုယ်အမြတ်ရဖို့ဘဲ အာရုံစိုက်နေကြတာပါ။ ဒီလိုနဲ့ပဲ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင် မှုတွေကို အခြေခံထားတဲ့ ဆင့်ပွားပစ္စည်းတွေရဲ့ ဈေးနှုံးတွေ ကမောက်ကမဖြစ်ပြီး နောက်ဆုံးမှာ ၂၀၀၇  ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ခဲ့ရတာပါ။

တချို့လူတွေရဲ့အမြင်ကတော့ ဘလက်-ရှိုးလ်ညီမျှခြင်းဟာကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့တယ် ဆိုတာပါဘဲ။ ဒါဖြစ်ရင် သင်္ချာပညာက ၂၀၀၇  ဘဏ္ဍာရေး အကျပ်အတည်းကိုဖြစ်စေခဲ့တယ်လို့ ကောက် ချက်ချနိုင်ပါသလား။ ပညာရှင်တယောက်ရဲ့ အမြင်ကတော့ အဓိကက ဘလက်-ရှိုးလ်ညီမျှခြင်းကို လွဲမှားတဲ့နေရာမှာ အသုံးချလို့ ပြဿနာတွေ ဖြစ်ရတာလို့ ဆိုပါတယ်။ ဒီအတွက် တီထွင်သူတွေကို အပြစ်မဖို့ သင့်ဘူးလို့ ဆိုပါတယ်။ သူကဆက်ပြီးတော့ပြောတာကတော့  ဘလက်-ရှိုးလ်ညီမျှခြင်းအပြင် အဲဒီ ညီမျှခြင်း ကိုအခြေခံပြီး ဖေါ်ထုတ်ခဲ့တဲ့ သင်္ချာပုံသေနည်းတွေ၊ နည်းစံနစ်တွေ မျိုးဆက်တဆက်စာလောက်ရှိသေး တယ် ဆိုတာပါဘဲ။ ဒါပေမယ့် ဘလက်-ရှိုးလ်ညီမျှခြင်းက ဒီလိုဖြစ်အောင် တံခါးကိုဖွင့်ပေးလိုက်တဲ့ အဓိက သင်္ချာပုံသေနည်းတွေထဲက တခုပါဘဲ။

 ဘလက်-ရှိုးလ်ညီမျှခြင်းက ဘဏ္ဍာရေးလောကကို လူတွေရဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှု၊ အတွေ့အကြုံ၊ ထိုးထွင်းဥာဏ် တွေကိုအသုံးပြုပြီး ရောင်း၀ယ်ဖေါက်ကားမှုပြုလုပ်တဲ့နေရာတခု အဖြစ်ကနေ ကွန်ပျူတာက အဆုံးအဖြတ်ပေးတဲ့ နေရာတခု အဖြစ်ကို ပြောင်းလဲစေခဲ့ပါတယ်။(ခုမြန်မာနိုင်ငံမှာ ပေါ်လာတော့မယ်ဆိုတဲ့ စတော့ ရှယ်ယာဒိုင်မှာ ၀င်ရောက် ဈေးကစားဖို့ပြင်ဆင်နေသူတွေအတွက် ဒီအကြောင်းကို သီးခြားခေါင်းစဉ် တခုအောက်မှာ ရေးပါအုန်းမယ်။) ဒါဆိုရင် ဖြစ်ပျက်ခဲ့တာတွေအတွက် ဘလက်-ရှိုးလ်ညီမျှခြင်းကို အပြစ်ပုံချမယ်ဆိုရင် တရားပါသလား။ ပါမောက္ခ ရှိုးလ်က ပြောတာကတော့ ဘလက်-ရှိုးလ် နည်းပညာမှာ တိတိကျကျသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ၊ လိုအပ်ချက်တွေ ရှိတယ် ဆိုတာပါဘဲ။ ဘလက်-ရှိုးလ်ညီမျှခြင်းရဲ့ အကျိုးဆက်ကြောင့် ရင်းနှီးမြုပ်နှံမှု ဘဏ်တွေက သင်္ချာပညာ၊ စာရင်းအင်းပညာတွေမှာ ကျွမ်းကျင်သူတွေကို ငှားရမ်းလာကြပြီး သူတို့ကိုယ်ပိုင် နည်းပညာတွေ၊ ပုံသေနည်းတွေ ဖေါ်ထုတ်လာကြတာလို့ ရှိုးလ်ကဆိုပါတယ်။ ဒါပေမယ့် ဒီနောက်လိုက် နည်းပညာတွေ အားလုံးဟာ အဆင့်မှီတာတွေချည်းဘဲမဟုတ်ဘူးလို့ ဆက်ပြောပါတယ်။ တချို့နည်းပညာတွေရဲ့ အခြေခံ ယူဆချက်တွေကမှားနေတယ်။ ဒါမှမဟုတ် အချက်အလက်တွေကို လွဲမှားစွာသုံးပြီး ပုံသေနည်း ကို ဖေါ်ထုတ်ထားတယ်၊ ဒါမှမဟုတ် မော်ဒယ်ကို အသုံးပြုတဲ့သူတွေက ဘယ်လိုသုံးရမှန်း မသိဘူး၊ စတဲ့ပြသနာတွေရှိတယ်လို့ ထောက်ပြပါတယ်။

ပါမောက္ခ ရှိုးလ်ရဲ့ အဆိုအရတော့ ဒီအခြေအနေကနေ နောက်ကြောင်းပြန်လှဲ့မှာ မဟုတ်တော့ပါဘူး။ အခြေခံအကျဆုံးအချက်ကတော့   အချက်အလက် နည်းပညာတွေအသုံးပြုမှုဟာ ဘဏ္ဍာရေးလောကမှာ ဆက်လက်ရှင်သန် နေဦးမှာ၊ ဆက်လက် ကြီးထွားနေဦးမှာ၊ အချိန်နဲ့အမျှ ဆင့်ကဲတိုးတက်နေဦးမှာ လို့ ဆိုကြောင်းပါ။

မှီငြမ်း။ ဘီဘီစီ ရေဒီယို(၄)အစီအစဉ် http://www.bbc.co.uk/news/magazine-17866646 ကိုဆီလျှော်အောင်ပြန်ဆိုပါသည်။

Creative Commons License
ဘဏ္ဍာရေးအကြပ်အတည်း (Financial Crisis) ကိုဖြစ်စေခဲ့တဲ့ သင်္ချာညီမျှခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment