Friday 20 July 2012

နိုင်ငံတကာကုမ္ပဏီကြီးများနှင့် ပွင့်လင်းမြင်သာမှု (Transnational Corporations and Transparency)

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံက  မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှု များကို ဖြေလျှော့ပေးလိုက်ပြီး အမေရိကန်ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ခွင့်ပြုလိုက်သည်ဟုကြားသိရပါသည်။ အဆိုပါခွင့်ပြုချက်၏ ရလဒ်အဖြစ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများလေ့လာရန် ကမ္ဘာကျော် နိုင်ငံစုံကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များ လာရောက်ကြသည့် သတင်းများကိုလည်း နေ့စဉ်ကြားသိနေရပါသည်။ မြန်မာနိုင်ငံသားများအနေနှင့်လည်း အိမ်နီးချင်းနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများနှင့်စာလျှင် ဤ နိုင်ငံစုံကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုက ပို၍ပွင့်လင်းမြင်သာမှုရှိပြီး တိုင်းပြည်အတွက်ပိုမိုအကျိုးရှိမည်ဟု မျှော်လင့်စောင့်စားနေကြပါသည်။

အမေရိကန်နိုင်ငံ နှင့် အနောက်ဥရောပနိုင်ငံများကဲ့သို့သော ဖွံဖြိုးပြီးနိုင်ငံများတွင် မှတ်ပုံတင်ထားသည့် နိုင်ငံတကာကုမ္ပဏီကြီးများ အနေနှင့် စီးပွားရေးလုပ်ရာတွင်ပွင့်လင်းမြင်သာမှုရှိရန် လာဘ်ပေးမှုကင်းရှင်းရန် တင်းကျပ်သည့်ဥပဒေများပြဌါန်းထားပြီး လုပ်ငန်းနှင့်ပါတ်သက်သည့် စာရင်းဇယားများကိုလည်း တိတိကျကျထုတ်ပြန်ပေးရပါသည်။ အထူးသဖြင့် အနောက်နိုင်ငံများရှိ စတော့ကုန်စည်ဒိုင်များတွင် စာရင်းသွင်းထားသော အများပိုင်ကုမ္ပဏီကြီးများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသာမက၊ သတင်းမီဒီယာများ၊ အစုရှယ်ယာပိုင်ရှင်များကလည်း ဥပဒေနှင့်မညီညွတ်သည့်၊ ကျင့်ဝတ်နှင့်မလျှော်ကန်သည့် လုပ်ငန်းများ မလုပ်ဆောင်စေရန် အစဉ်စောင့်ကြည့်နေကြပါသည်။ သို့သော်လည်း ဤကဲ့သို့ စည်းမျည်းစည်းကမ်းဥပဒေများဖြင့် တင်းတင်းကျပ်ကျပ် စောင့်ကြည့်မှုအောက်မှာပင်  နိုင်ငံစုံကုမ္ပဏီကြီးများ၏ မရိုးမသား လုပ်ဆောင်မှုများကို သတင်းများတွင် နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိနေရပါသည်။

ဤကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများ မည်မျှပွင့်လင်းမြင်သာမှုရှိသည်ကိုသိရှိရန် ကမ္ဘာတလွှားတွင် အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းတခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ကြီး (Transparency International) က မကြာသေးခင်က စစ်တမ်းတခုကောက်ယူခဲ့ပါသည်။ ဤနေရာတွင်တခုစဉ်းစားစရာရှိသည်မှာ မည့်သည့်ကုမ္ပဏီမျှ အကျင့်ပျက်ချစားမှုကိုပြုလုပ်ခဲ့သည် (သို့မဟုတ်) ပြုလုပ်ရန် အားပေးခဲ့သည်၊ နိုင်ငံခြားအစိုးရ တရပ်ကို စီးပွားရေးအခွင့်အလမ်းများရရှိရန် လာဘ်ထိုးခဲ့သည်ဟု ထုတ်ဖေါ်ဝန်ခံမည်မဟုတ်ပါ။ သို့အတွက် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာ မှုအဖွဲ့က ကမ္ဘာပေါ်တွင် အကြီးဆုံးလုပ်ငန်း ၁၀၅ ခုကို ၎င်းတို့၏ ပွင့်လင်းမြင်သာမှုရှိမှုနှင့် ပါတ်သက်၍ အချက် (၃) ချက်နှင့်အကဲဖြတ်ခဲ့ပါသည်။ ပထမအချက်မှာ အကျင့်ပျက်ချစားမှု၊ လာဘ်ပေးလာဘ်ယူမှု များကို ကာကွယ်တားဆီးရန် ကုမ္ပဏီအနေဖြင့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများချမှတ်ထားခြင်း ရှိ မရှိ ဆိုသည့်အချက်ဖြစ်ပါသည်။ ဒုတိယအချက်မှာ ကုမ္ပဏီလုပ်ငန်းဆောင်ရွက်မှု နှင့် ဖွဲ့စည်းပုံဇယား ပွင့်လင်းမြင်သာမှုရှိမှုဖြစ်ပါသည်။ တတိယအချက်ကတော့ နိုင်ငံတကာကုမ္ပဏီတခုအနေဖြင့် ၎င်းလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံတိုင်းရှိ စီးပွားရေးလုပ်ဆောင်မှုများနှင့် ပါတ်သက်ပြီး အသေးစိတ် ဘဏ္ဍာရေးရှင်းတမ်းများ ထုတ်ပြန်မှုရှိ မရှိဆိုသည့်အချက်ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့၏ လေ့လာချက်အရ  ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးအများစု (၇၀%ခန့်) တွင် လာဘ်ပေးလာဘ်ယူမှုကိုတားဆီးရန် တင်းကျပ်သော စည်းမျဉ်းများချမှတ်ထားရှိသည်ဟု ဆိုပါသည်။  ကုမ္ပဏီ ဖွဲ့စည်းပုံဇယားပွင့်လင်းမြင်သာမှုရှိ အချက်နှင့်ပါတ်သက်၍လည်း  ကုမ္ပဏီကြီး တော်တော်များများ (၅၀% ခန့်) က ၎င်းတို့၏ လက်အောက်ခံကုမ္ပဏီခွဲများ၊ အဖွဲ့အစည်းများနှင့် ပါတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားသည်ဟု ဆိုပါသည်။  တတိယအချက်နှင့်ပါတ်သက်၍ကား ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးအများစုက နှုတ်ပိတ်နေကြသည်ဟု  အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ကြီးက ဆိုပါသည်။ ဤသို့နှုတ်ပိတ်နေခြင်းကြောင့် ၎င်းကုမ္ပဏီကြီးများက တရားမဝင်၊ ကျင့်ဝတ်နှင့်မညီသော လုပ်န်းများလုပ်ဆောင်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဥပမာ ကုမ္ပဏီတခုက ရေနံတူးဖေါ်ခွင့်လိုင်စင်ရရန်အတွက် အစိုးရတရပ်ကို ဒေါ်လာ ၁၀ သန်းပေးရသည်ဆိုပါစို့။ အဆိုပါ လိုင်စင်ကြေးမှာ ကုမ္ပဏီအနေဖြင့် တရားဝင်ပေးခြင်းဖြစ်နိုင်သော် လည်း အစိုးရတာဝန်ရှိသူများကမူ ထိုငွေကို ၎င်းတို့ကိုယ်ကျိုးအတွက်အလွဲသုံးစားလုပ်နိုင်ရန် လျှို့ဝှက်ထားသည့် အဖြစ်မျိုး ဖြစ်နိုင်ပါသည်။ အကယ်၍ ကုမ္ပဏီတခုအနေဖြင့် ဤကဲ့သို့ ပေးငွေမျိုးကို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ကြေညာလိုက်ပါက အဆိုပါအစိုးရမျိုးထံမှ နောက်ထပ် လုပ်ငန်းလုပ်ပိုင်ခွင့်ရရန် ခက်ခဲသွားမည်ဖြစ်ပါသည်။

အထက်ပါအချက် (၃)ချက်အပြင် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့က နိုင်ငံပေါင်း ၁၇၇ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီး ၁၀၅ ခုအနေဖြင့် နိုင်ငံတနိုင်ငံ ချင်းစီရှိ ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများမှ အရောင်းပမာဏ (သို့မဟုတ်) ဝင်ငွေမည်မျှရရှိသည်၊ သက်ဆိုင်ရာနိုင်ငံသို့ အခွန်မည်မျှပေးဆောင်သည် စသည့်အချက်များကို ကုမ္ပဏီ၏ အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်ကြေညာခြင်းရှိမရှိလေ့လာဆန်းစစ်ထားပါသည်။ ဤလေ့လာချက်အရ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီး ၁၀၅ ခုအနက်မှ မြန်မာနိုင်ငံတွင် လောလောဆယ် လုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီကြီး ၈ ခု - ပြင်သစ်နိုင်ငံမှ တိုတယ် (Total) နှင့် ရှလမ်ဘာဂျာ (Schlumberger) ၊ အမေရိကန်နိုင်ငံမှ ရှက်ဗရွန် (Chrvron) နှင့် ယူပီအက်(စ) (UPS)၊ ဗြိတိန်မှ ဂလက်ဇို (GSK) ၊ ဂျာမဏီမှ ဘေယာ (Bayer)၊ အိန္ဒိယနိုင်ငံမှ အိုအန်ဂျီ (ONG)၊ တရုတ်နိုင်ငံမှ စီအန်အိုအိုစီ (CNOOC) - ရှိသည့်အနက် မည်သည့် ကုမ္ပဏီကမျှ မြန်မာနိုင်ငံလုပ်ငန်းများမှ ရရှိငွေ၊ မြန်မာနိုင်ငံသို့ပေးဆောင်သော အခွန်ငွေများကို ထုတ်ပြန်ကြေညာခြင်းမရှိဟု အောက်ပါ အတိုင်း ဖေါ်ပြထားပါသည်။


 အသေးစိတ် အစီရင်ခံစာကို http://www.transparency.org/news/feature/shining-a-light-on-the-worlds-biggest-companies တွင်ကြည့်ရှုနိိုင်ပါသည်။ အဆိုပါအစီရင်ခံစာအရဆိုပါက မြန်မာနိုင်ငံတနိုင်ငံထဲမဟုတ်ပါ၊ အနီးပါတ်ဝန်းကျင်ရှိနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီယား၊ ဘင်္ဂလာဒေရှ်၊ ဗီယက်နမ် အစရှိသောနိုင်ငံများတွင် လုပ်ငန်းလုပ်ကိုင်နေသော ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများသည်လည်း ဝင်ငွေနှင့်ဝင်ငွေခွန်စာရင်းဇယားများကို ကုမ္ပဏီအင်တာနက်ပေါ်တွင် ထုတ်ပြန်ကြေညာထားခြင်းမရှိဟု ဖေါ်ပြထားပါသည်။ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံများတွင် လုပ်ကိုင်နေသောကုမ္ပဏီများထဲမှ အချို့သာ စာရင်းဇယားများကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ကြေညာထားသည်ဟု ဆိုပါသည်။

ရည်ညွှန်းကိုးကား။
Transparency International; The Economist (14/07/2012)

Creative Commons License
နိုင်ငံတကာကုမ္ပဏီကြီးများနှင့် ပွင့်လင်းမြင်သာမှု by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Sunday 15 July 2012

နိုင်ငံတကာဘဏ်ကြီးတွေရင်ဆိုင်နေရတဲ့ပြဿနာအသစ် (LIBOR Scandal)

ပြီးခဲ့တဲ့ သီတင်းပါတ်အတွင်းက ဘဏ္ဍာရေးလောကတခုလုံးကို ရိုက်ခတ်သွားခဲ့တဲ့ သတင်းတခုကတော့   LIBOR (London Inter-Bank Offered Rate) လို့ခေါ်တဲ့ လန်ဒန်ဘဏ်အချင်းချင်းငွေချေးရာတွင် ကမ်းလှမ်းတဲ့ အတိုးနှုံးကို သတ်မှတ်ရာမှာ မသမာမှုတွေလုပ်ခဲ့တဲ့အတွက် ဘာကလေဘဏ် (Barclays ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲစပွန်ဆာ)ကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက ဘဏ္ဍာရေးအာဏာပိုင်တွေက ဒေါ်လာသန်း ၄၅၀ ဒဏ်ရိုက်လိုက်တဲ့သတင်းပါပဲ။ ဒီ LIBOR အတိုးနှုံးက ဘဏ်အချင်းချင်း ကာလတိုငွေချေးကြတဲ့အခါ ပေးရတဲ့ အတိုးနှုံးတွေကိုအခြေခံ ထားတဲ့ ကာလတိုစံအတိုးနှုံး (primary benchmark short-term interest rate) ဖြစ်ပါတယ်။

ဘဏ်တွေရဲ့အဓိကလုပ်ဆောင်ချက်က ငွေပိုသူတွေလာအပ်တဲ့အပ်နှံငွေတွေကို ငွေလို သူတွေကို  ပြန်ထုတ်ချေးပြီး  အပ်နှံငွေအပေါ်မှာပေးတဲ့အတိုးနဲ့ ငွေချေးယူသူတွေဆီကယူတဲ့ အတိုးရဲ့ခြားနားချက်ဟာ ဘဏ်တွေရဲ့အဓိကဝင်ငွေရလမ်းဖြစ်ပါတယ်။ ဒီတော့ဘဏ်တွေအနေနဲ့ အမြတ်များများရအောင် အပ်နှံငွေတွေကို ဖြစ်နိုင်သမျှ များများထုတ်ချေးလိုကြပါတယ်။ ဒီအတွက် မြန်မာနိုင်ငံနဲ့ တချို့နိုင်ငံတွေမှာ ဥပဒေအရ အပ်နှံငွေရဲ့တစိတ်တပိုင်းကို ဘဏ်မှာ၊ သို့မဟုတ် ဗဟိုဘဏ်မှာ သီးသန့်ချန်ထားရပါတယ်။  ဒါပေမဲ့ ဘဏ္ဍာရေးစံနစ်ဖွံ့ဖြိုးတဲ့ နို်င်ငံတွေမှာ ဒီလို ဥပဒေနဲ့သတ်မှတ်ထားတဲ့ သီးသန့်ရံပုံငွေလိုအပ်ချက် မရှိပါဘူး။ ဘဏ်တွေအနေနဲ့ မိမိတို့ရဲ့ ကာလတိုပေးရန်၊ရရန်တွေကို ခန့်မှန်းချင့်ချိန်ပြီး လိုအပ်မဲ့ငွေသားပမာဏကို ဆောင်ထားကြပါတယ်။ တကယ်လို့ ခန့်မှန်းတဲ့အတိုင်းမဖြစ်လာဘဲ အရေးပေါ်ငွေလိုလာပါက တခြားငွေပိုတဲ့ ဘဏ်တွေထံမှ ကာလတို (တရက်မှတနှစ်ထိ) ငွေချေးယူကြပါတယ်။

အဲဒီ ကာလတိုဘဏ်အချင်းချင်း ငွေချေးတဲ့ဈေးကွက်ဟာ အရမ်းသွက်လက်တဲ့ အတွက် ငွေပို၊ငွေလိုတဲ့ ဘဏ်တွေအနေနဲ့ ငွေကို နာရီပိုင်း၊ ရက်ပိုင်း မိမိလိုအပ်သလို ချေးငှား၊ချေးယူနိုင်ပါတယ်။ ဒီလိုငွေချေးတဲ့အခါမှာ ပေးရတဲ့အတိုးနှုံးကလဲ ငွေချေးယူလိုတဲ့ဘဏ်ရဲ့ခိုင်မာမှု အခြေအနေပေါ် မူတည်ပြီးဈေးကွက်က သတ်မှတ်တဲ့အတိုးနှုံးပါဘဲ။ ဒီတော့ ငွေရေးကြေးရေး အခြေအနေမကောင်းတဲ့ ဘဏ်တခုအနေနဲ့ ငွေချေးလိုရင် တခြား ငွေရေးကြေးရေးခိုင်မာတဲ့ဘဏ်တွေထက် အတိုးပိုပေးရပါတယ်။ ဒီလိုဘဏ်တွေရဲ့ ခိုင်မာမှုကို ဈေးကွက်ကမျက်ခြေမပြတ်လေ့လာနေတဲ့အပြင် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ (Rating Agencies) က ဘဏ်တွေရဲ့ဘဏ္ဍာရေးငွေကြေးခိုင်မာမှုအဆင့် (Credit Rating)ကိုသတ်မှတ်ပေးကြပါတယ်။ (ဒီအဆင့်သတ်မှတ်တဲ့ အဖွဲ့အစည်းတွေအကြောင်းနဲ့ ငွေကြေးခိုင်မာ မှုအဆင့်သတ်မှတ်မှုတွေကို သီးခြားဆောင်းပါးတပုဒ်ရေးပါဦး မယ်။ လောလောဆယ်မှာတော့ ယခင် လုပ်ခဲ့တဲ့ Middlesex University ကသုတေသီတွေ နဲ့ပေါင်းပြီး ဒီငွေကြေးခိုင်မာမှုအဆင့်သတ်မှတ် မှုတွေက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက ကုမ္ပဏီတွေရဲ့ ငွေချေးယူမှုပုံစံတွေကို ဘယ်လိုအကျိုး သက်ရောက်သလဲဆိုတာကို သုတေသနစာတမ်း တစောင်ရေးသားနေပါတယ်။)  

ဒီလိုဘဏ်တွေအချင်းချင်းငွေချေးယူရာမှာ ပေးရတဲ့အတိုးနှုံးတွေမတူတဲ့အတွက်၊ လန်ဒန်မှာရှိတဲ့ ဗြိတိသျှဘဏ်လုပ်ငန်းရှင်များအသင်း (British Bankers Association)ဝင် ဘဏ်ကြီးတွေက သူတို့တဘဏ်ချင်းစီအနေနဲ့ တခြားဘဏ်တွေကနေ နေ့စဉ်မနက် ၁၁ နာရီမှာ ငွေချေးရင်အတိုး ဘယ်လောက်ပေးရမယ်ဆိုတဲ့ ခန့်မှန်းချက်ကိုအခြေခံပြီး နေ့စဉ် လန်ဒန်ဘဏ်အချင်းချင်းငွေချေးရာတွင် ကမ်းလှမ်းတဲ့အတိုးနှုံး ကိုသတ်မှတ်ပါတယ်။ ဒီလို စံအတိုးနှုံးသတ်မှတ်ဖို့အတွက် လန်ဒန်ဘဏ်ကြီး ၁၆ ဘဏ်က ငွေကြေးအမျိုးအစား ၁၀ မျိုးကို ချေးငွေသက်တမ်း ၁၅ မျိုး အတွက်ချေးယူရာမှာ သူတို့ တဘဏ်ချင်း အနေနဲ့ ပေးရမယ့် ခန့်မှန်းအတိုးနှုံးကိုတင်သွင်းရပါတယ်။ အဲဒီအတိုးနှုံးတင်သွင်းလွှာ ၁၆ စောင်ထဲကမှ အမြင့်ဆုံး (၄)ခုနဲ့ အနိမ့်ဆုံး (၄)ခုကိုပယ်ပြီး ကျန် ၈ ခုရဲ့ ပျမ်းမျှကို အဲဒီနေ့အတွက် လန်ဒန်ဘဏ်အချင်းချင်းငွေချေးရာတွင်ကမ်းလှမ်းတဲ့အတိုးနှုံး LIBOR လို့သတ်မှတ်ပြီး ထုတ်ပြန်ပေးပါတယ်။ အဲဒီ စံအတိုးနှုံးကိုအခြေခံပြီး တခြားဘဏ္ဍာရေးဆိုင်ရာငွေပေးငွေယူ ရှင်းတမ်းတွေပေးချေတာ၊ ဘဏ္ဍာရေးဆိုင်ရာဆင့်ပွားပစ္စည်း (financial derivatives) တွေ ကို ဈေးသတ်မှတ်ငွေရှင်း တာတွေပြုလုပ်ကြပါ တယ်။

ခုဖြစ်နေတဲ့ပြဿနာကတော့ ခန့်မှန်းအတိုးနှုံးတင်သွင်းရာမှာပါတဲ့ ဘာကလေဘဏ်နဲ့ တခြားနာမည်ကြီးဘဏ်တချို့  (အမေရိကန်က စီတီဘဏ် (Citi)၊ ဂျေပီမော်ဂန်ဘဏ် (JP Morgan)၊ ဗြိတိန်အခြေစိုက် ဟောင်ကောင် နဲ့ရှန်ဟဲဘဏ် (HSBC) တွေလဲပါဝင်တယ်ဆိုပြီး အစစ်ဆေးခံနေရတယ်လို့ဆိုပါတယ်။)က သူတို့ ဘဏ္ဍာရေးဈေးကွက်မှာ သူတို့ရင်းနှီးမြုပ်နှံထားတာတွေ အကျိုးအမြတ်ပိုမိုရရှိစေဖို့ (ဒါမှမဟုတ် အရှုံးသက်သာစေဖို့)အတွက် LIBOR စံအတိုးနှုံးကို သူတို့လို သလိုဖြစ်အောင် တဘဏ်ချင်းငွေချေးရာမှာပေးရမယ့် ခန့်မှန်းအတိုးနှုံး တင်သွင်းရာမှာ မမှန်မကန်တင်သွင်းခဲ့ကြတယ်ဆိုတဲ့အချက်ပါပဲ။ တကယ်လဲ ဒီ LIBOR စံအတိုးနှုံးအပြောင်းအလဲက ဘဏ်တွေရဲ့ အရှုံးအမြတ်ကို အများကြီး အကျိုးသက်ရောက်စေပါတယ်။ ဥပမာ ၂၀၀၇ ခုနှစ်အတွင်း နေ့စဉ် LIBOR စံအတိုးနှုံးအပြောင်းအလဲက ဘာကလေဘဏ်အတွက် တရက်ကို ဒေါ်လာသန်း ၄၀ အရှုံး(သို့)အမြတ် ပေါ်စေတယ်လို့ဆိုပါတယ်။

ဒီလို ဘဏ်ကြီးတွေက   LIBOR စံအတိုးနှုံးကို သတ်မှတ်ရာမှာ မသမာမှုတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာအပြီးမှာတော့ ဒီဘဏ်တွေရဲ့ဖေါက်သည်တွေဖြစ်တဲ့ ကုမ္ပဏီကြီးတွေ၊ ရှေ့နေတွေက ဘာကလေဘဏ်နဲ့ တခြားနာမည်ကြီးဘဏ်တွေကို သူတို့ဆုံးရှုံးခဲ့သမျှတွေအတွက် တရားစွဲဆိုဖို့ဖြစ်နိုင်ချေတွေကို စဉ်းစားနေကြပြီဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတွေအဆို အရတော့ ဒီပြဿနာမှာ ပါဝင်ပါတ်သက်နေတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဘဏ်ကြီးတွေ အနေနဲ့  ဒေါ်လာဘီလီယံရာပေါင်းများစွာ လျှော်ကြေးပေးရနိုင်တယ်လို ဆိုပါတယ်။ ငွေကြေး အရဆုံးရှုံးမှုအပြင် ၂၀၀၇ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကို စတင်ဖြစ်ပေါ်စေခဲ့သူတွေလို့ အစွပ်စွဲခံနေရတဲ့ ဘဏ်တွေအနေနဲ့ကတော့ အများပြည်သူတွေရဲ့ ပိုမိုအမြင်မကြည်လင်မှုကို ခံနေရပြီဖြစ်ပါတယ်။

အခုလောလောဆယ် အနောက်နိုင်ငံတွေအတွက် အခက်အခဲဖြစ်နေတဲ့ ဥရောပကြွေးမြီပြဿနာ နဲ့စာရင် နှစ်ပေါင်း ၃၀၀ သက်တမ်းရှိတဲ့ ဗြိတိသျှဘဏ်တခုက ဝန်ထမ်းအချို့ ကိန်းဂဏန်းတွေ ကိုမသမာလုပ်တာ မပြောပလောက်ဘူးလို့ထင်ကြမှာပါ။ ဒါပေမယ့် ဒီဘာကလေဘဏ်နဲ့ တခြားနာမည်ကြီးဘဏ်တချို့မသမာမှုတွေလုပ်ခဲ့တဲ့ အတိုးနှုံးဟာ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ သာမာန်အိမ်ဝယ်ဖို့ငွေချေးတာကအစ အလွန်ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးဆင့်ပွား ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်တဲ့နေရာအထိ အခြေခံအဖြစ် အသုံးပြုတဲ့အတွက် ဒေါ်လာ ၈၀၀ ထရီလီယံ (၁ ထရီလီယံ = ၁၀၀၀ ဘီလီလျံ) လောက်တန်ဘိုးရှိတဲ့ ဘဏ္ဍာရေး ဆိုင်ရာငွေပေးချေမှုတွေကို ဈေးဖြတ်ရာ မှာ အလွန်အရေးပါတဲ့ အတိုးနှုံးဖြစ်နေတာပါဘဲ။ နှိုင်းယှဉ်ပြရမယ်ဆိုရင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ၂၀၁၁ ခုနှစ်ပြည်တွင်းထုတ်ကုန်တန်ဖိုးက ဒေါ်လာ ၁၈ ထရီလီယံလောက်ဘဲ ရှိပါတယ်။ ၂၀၀၇ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းရဲ့ ရိုက်ခတ်မှုတွေကနေ နလံထူကာစ အနောက်နိုင်ငံတွေက ဘဏ္ဍာရေးစံနစ်အနေနဲ့ ဒီပြဿနာကိုဘယ်လောက်တောင့်ခံနိုင်မယ်၊ ဒါမှမဟုတ် ပြဿနာ ဘယ်လောက်ထိ ဆက်လက်ကြီးထွားလာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦး မှာဖြစ်ကြောင်းပါ။  

© Myint Moe Chit, 2012.

စီးပွားရေးလုပ်ငန်းအသစ်တခုစတင်ရန် ပြင်ဆင်ခြင်း

စီးပွားရေးလုပ်ငန်းအားလုံး အရင်းအနှီးလိုအပ်ပါသည်။ အောင်မြင်သောစီးပွားရေးလုပ်ငန်းတခု အစပြုရန် အရေးပါသောလိုအပ်ချက်မှာ လုံလောက်သော ရင်းနှီးမြုပ်နှံငွေရရှိအောင် ရှာဖွေခြင်းဖြစ်ပါသည်။

လုပ်ငန်းစရန်လိုအပ်သောအသုံးစားရိတ်များ

 စီးပွားရေးလုပ်ငန်းအမျိုးအစားများ မတူညီသည့်အတွက် လုပ်ငန်းစရန်အသုံးစားရိတ်လိုအပ်ချက်မှာလည်း မတူညီပါ။ တချို့လုပ်ငန်းများကို အရင်းအနှီးအနည်းငယ်ဖြင့် စတင်နိုင်သော်လည်း တချို့လုပ်ငန်းများစတင်ရန် လိုအပ်သော ကုန်ကြမ်း၊ စက်ပစ္စည်းများဝယ်ယူရန် ရင်းနှီးမြုပ်နှံငွေ အမြောက်အများ လိုအပ်နိုင်ပါသည့်အတွက် မိမိ၏စီးပွားရေးလုပ်ငန်းသစ်ကိုစတင်ရန် လုံလောက်သောငွေကြေးရှိမရှိသိထားရန် အလွန်အရေးပါပါသည်။ လုပ်ငန်းစတင်ရန် အရင်းအနှီးလိုအပ်ချက်သိရှိရန်အတွက် လုပ်ငန်းအစပျိုးချိန်အတွင်း လိုအပ်မည့်အသုံးစားရိတ်များကို တွက်ချက်ထားရန်လိုအပ်ပါသည်။ ဤသို့တွက်ချက်ရာတွင် လုပ်ငန်းအတွက် မသုံးမဖြစ်လိုအပ်သည့် အသုံးစားရိတ်များကိုသာတွက်ချက်ရပါမည်။ အသုံးစားရိတ်များကို တကြိမ်သာကုန်ကျမည့်အသုံးစားရိတ် (ဥပမာ လုပ်ငန်းနာမည်မှတ်ပုံတင်ခ)၊ နောင်တွင်လည်းဆက်လက်ကုန်ကျမည့်အသုံးစားရိတ် (ဥပမာ မီးအာမခံ၊ ကုန်ကြမ်းပစ္စည်း) စသည်ဖြင့်ခွဲခြားသတ်မှတ်၍ စာရင်းပြုစုထားသင့်ပါသည်။

အရင်းကျေအမှတ်တွက်ချက်ခြင်း

အရင်းကျေအမှတ်ဆိုသည်မှာ ကုန်ကျထားသည့် စားရိတ်များ မည်သည့်အချိန်တွင်၊ ပစ္စည်းအရေအတွက် မည်မျှရောင်းရလျှင် ပြန်လည်ရရှိပြီး အမြတ်စပေါ်မည်ကို တွက်ချက်ခြင်းဖြစ်ပါသည်။ လုပ်ငန်းစတင်ကာစ စီးပွားရေးလုပ်ငန်းတခုအနေဖြင့် လုပ်ငန်းစတင်ရန် အသုံးစားရိတ်လိုအပ်ချက် နေ့စဉ်လုပ်ငန်းလည်ပါတ် စားရိတ်ကိုသိရှိရန် အလွန်အရေးကြီးပါသည်။ အရင်းကျေအမှတ်ကိုတွက်ချက်ရန်အတွက် လုပ်ငန်းလည်ပါတ်ရန်ကုန်ကျသောစားရိတ်များကို ပုံသေစားရိတ် (fixed costs) နှင့် ကုန်စည်ထုတ်လုပ်မှုကိုလိုက်၍ပြောင်းလဲနေသော စားရိတ်ရှင် (variable costs) ဟု၍ခွဲခြား သတ်မှတ်ရပါမည်။  ပုံသေစားရိတ် (fixed costs) ဆိုသည်မှာ ကုန်ပစ္စည်းအရေအတွက် မည်မျှထုတ်လုပ်သည်ဖြစ်စေ မပြောင်းလဲသောစားရိတ်များ (ဥပမာ၊ မြေငှားခ၊ စက်ရုံတည်ဆောက်စားရိတ်၊ မန်နေဂျာလစာ)စသည့်စားရိတ်များဖြစ်ပါသည်။ ကုန်စည်ထုတ်လုပ်မှုကိုလိုက်၍ပြောင်းလဲနေသော စားရိတ်ရှင် (variable costs) များတွင် ကုန်ကြမ်းပစ္စည်း ဝယ်ယူခြင်း၊ အလုပ်သမားခ၊ သယ်ယူပို့ဆောင်ခ စသည်များပါဝင်ပါသည်။ အဆိုပါစားရိတ်များကို အခြေခံပြီး အရင်းကျေအမှတ်ကို အောက်ပါပုံသေနည်းကို အသုံးပြု၍ တွက်ချက်နိုင်ပါသည်။




 
Creative Commons License
စီးပွားရေးလုပ်ငန်းအသစ်တခုစတင်ရန် ပြင်ဆင်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Saturday 7 July 2012

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် မြန်မာနိုင်ငံရှိအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (Foreign Direct Investments and SMEs in Myanmar)

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုသည်မှာ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ(Multinational Corporations) က ဈေးကွက်ချဲ့ထွင်ရန် (market seeking)၊ လုပ်ငန်းအတွက်အကျိုးရှိမည့် အခြေပစ္စည်းရရှိရန် (asset seeking)၊ လိုအပ်သောသယံဇာတပစ္စည်းများရရှိရန် (resource seeking)၊ ကုန်ထုတ်လုပ်မှု စားရိတ် လျှော့ချနိုင်ရန် (efficiency seeking) စသည့်ရည်ရွယ်ချက်များဖြင့် အခြားနိုင်ငံတနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြုပ်နှံခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်းစီးပွားရေးပြုပြင်ပြောင်းလဲရန်ကြိုးပမ်းမှုများနှင့်အတူ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ယခုလအတွင်း အတည်ပြုပြဌာန်းရန် ပြင်ဆင်နေသည်ဟုကြားသိရပါသည်။ နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု တိုးတက်လာခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အကြောင်းရင်းတခုဖြစ်လာနိုင်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရန် မက်လုံးများပေး ဆွဲဆောင်နေကြပါသည်။ ဥပမာ အလုပ်အကိုင် ၂၀၀၀ ခန့်ဖန်တည်းပေးမည့် Nissan ကားမော်ဒယ် အသစ်ထုတ်လုပ်မည့်စက်ရုံကို အင်္ဂလန်နိုင်ငံအလယ်ပိုင်းတွင်တည်ဆောက်ရေးအတွက် ဗြိတိန်အစိုးရက နစ်ဆန်းကုမ္ပဏီသို့ ထောက်ပံ့ငွေ စတာလင်ပေါင် ၉.၃ သန်းပေး၍ ဆွဲဆောင်ခဲ့ပါသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟုဆိုလိုက်ပါက နိုင်ငံစုံကော်ပိုရေးရှင်းကြီးများက လုပ်အားခဈေးချိုသော ဝင်ငွေနိမ့်နိုင်ငံများတွင်ရင်းနှီးမြုပ်နှံမှုဟု မြင်လေ့ရှိသော်လည်း  ကမ္ဘာ့ဘဏ်မှ နောက်ဆုံးထုတ်ပြန်လိုက်သည့် ကိန်းဂဏန်းများအရ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများစုမှာ ဖွံ့ဖြိုးပြီးနိုင်ငံတခုမှ အခြားဖွံ့ဖြိုးပြီးနိုင်ငံတခုတွင် ဈေးကွက်ချဲ့ထွင်ရန်၊ လုပ်ငန်းအတွက် အကျိုးရှိမည့် အခြေပစ္စည်းများ ရရှိရန်အတွက် ဦးတည်မြုပ်နှံခြင်းကများပါသည်။


၂၀၁၀ ခုနှစ် နိုင်ငံအလိုက် နိုင်ငံခြားအရင်းအနှီးဝင်ရောက်မှု (ဘီလီယံဒေါ်လာ)
Source: World Development Indicators (2012)

ဖွံ့ဖြိုးဆဲဝင်ငွေနိမ့်နိုင်ငံများသို့ ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုမှာ အဓိကအားဖြင့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ လိုအပ်သည့် သယံဇာတပစ္စည်းများထုတ်လုပ်ရန် သို့မဟုတ် လုပ်သားအင်အားများများလိုသည့် နည်းပညာနိမ့်ပစ္စည်းများ ထုတ်လုပ်ရန်စသည့် ရင်းနှီးမြုပ်နှံမှုများ သာဖြစ်ပါသည်။ ထိုကဲ့သို့သောရင်းနှီးမြုပ်နှံမှုများမှာ သယံဇာတပစ္စည်းများကုန်ခမ်းသွားသည့်အခါ၊ လုပ်အားခပိုမိုဈေးချိုသောနိုင်ငံတခုတွေ့လာသော အခါ ပြန်လည်ရုတ်သိမ်းသွားမည့် ရေတိုရင်းနှီးမြုပ်နှံ မှုများသာဖြစ်ပါသည်။ ဥပမာအားဖြင့်  မကြာမှီနှစ်များအတွင်းမှစ၍ တရုတ်နိုင်ငံ၏လုပ်အားခမှာ တနှစ်လျှင် ၂၀% ခန့်တိုးလာသောကြောင့် အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းအစရှိသော လုပ်သားအင်အား များများလိုသည့် နည်းပညာနိမ့်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများသည် ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံများသို့ ပြောင်းရွှေ့သွားကြပါသည်။ လက်ရှိပြုလုပ်နေသော စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံသည်လည်း ထိုကဲ့သို့ ရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာရန် အလားအလာရှိသော နိုင်ငံတခု ဖြစ်သည်ဟု လေ့လာသူ များကသုံးသပ်ကြပါသည် (ရည်ညွှန်း၊ The Economists 21/04/2012)။

ဤကဲ့သို့  အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းအစရှိသောလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများ တရုတ်နိုင်ငံမှ လုပ်အားခဈေးချိုသော ဒေသတွင်းနိုင်ငံများသို့ပြောင်းရွှေ့သွားသော်လည်း၊ လုပ်သားအင်အားများများလိုသည့် အဆင့်မြင့်လျှပ်စစ်ပစ္စည်းများ တပ်ဆင်သည့်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများမှာ တရုတ်နိုင်ငံတွင် ဆက်လက်အခြေပြုလျှက်ရှိနေသေး သည်ကိုတွေ့ရပါသည်။ မကြာသေးခင်ကထုတ်ပြန်လိုက်သည့် သုတေသနအစီအရင်ခံစာတခုက အဆင့်မြင့်လျှပ်စစ်ပစ္စည်းများ တပ်ဆင်သည့်လုပ်ငန်းများ တွင်ရင်းနှီးမြုပ်နှံမှုများ တရုတ်နိုင်ငံတွင် ဆက်လက်အခြေပြုနေခြင်းမှာ တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကုန်ထုတ်လုပ်မှုယှဉ်ပြိုင်နိုင်စွမ်း (international competence in manufacturing) တွင် အရေးပါသည့် အောင်မြင်နေသော စက်မှုလုပ်ငန်းအစုအဖွဲ့များ (industrial clusters)၏ အခန်းကဏ္ဍကြောင့်ဟု ဆိုပါသည်။ ဤစက်မှုလုပ်ငန်းအစုအဖွဲ့များက အဆင့်မြင့်လျှပ်စစ်ပစ္စည်းများဖြစ်သည့် အိုင်ဖုန်း၊ အိုင်ပက်၊ လက်(ပ)တော့ကွန်ပျူတာ စသည်တို့ထုတ်လုပ်ရာတွင်လိုအပ်သော အစိတ်အပိုင်းများဖြစ်သည့် အီလက်ထရောနစ်ပစ္စည်းများကို ထုတ်လုပ်ပေးပါသည်။ တရုတ်နိုင်ငံတွင် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများထောင်ချီပါဝင် သည့် စက်မှုလုပ်ငန်းအစုအဖွဲ့များ ၁၀၀ ကျော်ခန့်ရှိသည်ဟုဆိုပါသည်။ အဆိုပါ စက်မှုလုပ်ငန်းအစုအဖွဲ့ များ အောင်မြင်နေသမျှ၊ နိုင်ငံတကာတွင်ယှဉ်ပြိုင်နိုင်စွမ်းရှိနေသမျှ ကာလပါတ်လုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဆက်လက်ဝင်ရောက်နေမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနေအုံးမည်ဟု ဆိုပါသည်။ (အသွင်ကူးပြောင်းဆဲနိုင်ငံတခု၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံတကာတွင်ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတွင် စက်မှုလုပ်ငန်းအစုအဖွဲ့များ၏အရေးပါမှုကို လာမည့်ဆောင်းပါးများတွင် ဆက်လက်ဖေါ်ပြသွားပါမည်။)  

စာရေးသူ၏ အမြင်အရပြောရလျှင် လက်ရှိအနေအထားအရ မြန်မာနိုင်ငံသို့ ဝင်ရောက်လာဖွယ် ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုမှာ အထက်တွင်ဖေါ်ပြထားသကဲ့သို့ သယံဇာတပစ္စည်းများ ထုတ်လုပ်ရန် သို့မဟုတ် လုပ်သားအင်အားများများလိုသည့် နည်းပညာနိမ့်ပစ္စည်းများ ထုတ်လုပ်ရန်စသည့် ရင်းနှီးမြုပ်နှံမှုများသာဖြစ်ပါလိမ့်မည်။ သတိပြုစရာတခုရှိသည်မှာ ဤရင်းနှီးမြုပ်နှံမှုများသည် ရေတို သဘောဆောင်ပြီး မြန်မာနိုင်ငံသားများ လိုအပ်နေသည့် နည်းပညာအထောက်အပံ့များ၊ နည်းပညာ လွှဲပြောင်းမှုများ ပါဝင်နိုင်စရာ အခွင့်အလမ်းနည်းပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း လာရောက်ရင်းနှီးမြုပ်နှံ သည့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ လိုအပ်သည့် တဝက်ကုန်ချောပစ္စည်းများ၊ ဝန်ဆောင်မှုများ ထုတ်လုပ်ထောက်ပံ့ခြင်းဖြင့် အတွေ့အကြုံရယူပြီး မိမိတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများ၊ စက်မှုလုပ်ငန်းအစုအဖွဲ့များ ထူထောင်နိုင်မည့်အခွင့်အလမ်းများလည်း ရရှိနိုင်မည်မဟုတ်ပါ။ တာဝန်ရှိသူများအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်ပါတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများရေးဆွဲရာတွင် ဤအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ အထူးသဖြင့် နည်းပညာမြင့်ပစ္စည်းများထုတ်လုပ်မည့် ရင်းနှီးမြုပ်နှံ မှုများ၊ ပြည်တွင်း အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ပြည်ပရင်းနှီးမြုပ်နှံမှုများကို ပိုမိုဦးစားပေးရန်လိုအပ်ပါသည်။ တချိန်တည်းမှာပင် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်မည့် ရေတိုရေရှည်စီမံကိန်းများချမှတ်ဆောင်ရွက်ရပါမည်။ အသေးစား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအနေနှင့်လည်း မိမိတို့၏ စွမ်းဆောင်ရည်၊ နည်းပညာ၊ စီမံခန့်ခွဲမှုစံနစ်များကို အစဉ်တိုးတက်နေစေရန် နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြေမပြတ်ဘဲ လေ့လာဆည်းပူးနေသင့်ကြောင်းတင်ပြလိုက်ပါသည်။

Creative Commons License
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် မြန်မာနိုင်ငံရှိအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Sunday 1 July 2012

ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ (၂)

ကျွန်တော်တို့  မြန်မာနိုင်ငံမှာ ငွေကြေးနှင့်ဘဏ္ဍာရေးဈေးကွက်ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပြီဖြစ်ပြီး စတော့ရှယ်ယာရောင်း၀ယ်ရေးဈေးကွက်တခု မကြာခင်ပေါ်ပေါက်လာတော့ မယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးမှာ ဘဏ္ဍာရေးဆိုင်ရာ ေ၀ါဟာရများကို ဆက်လက် ဖေါ်ပြသွားပါမယ်။ ယခင်ဆောင်းပါး ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ(၁) နဲ့ဆက်စပ်ဖတ်ရှုနိုင်ပါတယ်။

စတော့ဈေးကွက်အညွှန်းကိန်းများ (Stock Market Indexes)

စတော့ဈေးကွက်အညွှန်းကိန်းဆိုတာ စတော့ရှယ်ယာရောင်း၀ယ်ရေးဈေးကွက် တခုရဲ့စွမ်းဆောင်နိုင်ရည်ကို တိုင်းတာတဲ့ အညွှန်းကိန်းတခုဖြစ်ပါတယ်။ အဓိကအားဖြင့် နိုင်ငံတနိုင်ငံရဲ့စတော့ဈေးကွက်ကို ကိုယ်စားပြုလေ့ရှိပြီး ရင်းနှီးမြုပ်နှံသူတွေက အဲဒီဈေးကွက်အပေါ်မှာထားရှိတဲ့ သဘောထားကို ထင်ဟပ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် လန်ဒန်စတော့အိပ်(က)ချိန်းရဲ့ စွမ်းဆောင်နိုင်ရည် ဈေးကွက် အတက်အကျကို အဲဒီအိပ်(က)ချိန်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာဈေး အတက်အကျနဲ့ တိုင်းတာခြင်းဖြစ်ပါတယ်။

အောက်မှာဖေါ်ပြထားတဲ့ FTSE100 (ဖွတ်(တ)စီ Footsie/ˈfʊtsiː/ လို့အသံထွက်ပါတယ်) ဆိုတာ  လန်ဒန် စတော့အိပ်(က)ချိန်းမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေထဲက ဈေးကွက်တန်ဖိုး (Market Capitalisation = Price of Stock ရှယ်ယာတခုဈေးနှုံး X Number of Shares issuesd ထုတ်ရောင်းထားသောရှယ်ယာ အရေအတွက်) အရ အကြီးဆုံးကုမ္ပဏီ ၁၀၀ ရဲ့ ရှယ်ယာဈေး အတက်အကျတွေကို အခြေခံပြီး တွက်ချက်ထားတာဖြစ်ပါတယ်။

BBC စီးပွားရေးသတင်းမှာ ဖေါ်ပြထားတဲ့ စတော့ဈေးကွက်အညွှန်းကိန်းများ


ဒီလိုတွက်ချက်ရာမှာလည်း ကုမ္ပဏီတွေရဲ့ဈေးကွက်တန်ဖိုးကိုမူတည်ပြီး တွက်ချက်တာဖြစ်ပါတယ်။ အကြီးဆုံးကုမ္ပဏီ ၁၀၀ ထဲမှာပါပေမယ့် ပိုပြီးကြီးတဲ့ကုမ္ပဏီတွေရဲ့ရှယ်ယာဈေးအတက်အကျက အညွှန်းကိန်းတွက်ချက်ရာမှာ ပိုပြီးအရေးပါပါတယ်။ ဥပမာ ၂၀၁၁ခုနှစ်မတ်လမှာ သတ္ထုတူးဖေါ်ရေးကုမ္ပဏီ BHP Billiton က ဈေးကွက်တန်ဖိုး ပေါင် ၁၄၈ ဘီလီယံနဲ့ လန်ဒန်စတော့အိပ်(က)ချိန်းမှာ အကြီးဆုံးဖြစ်ပြီး၊ နဝမအကြီးဆုံးဖြစ်တဲ့ British American Tobacco ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက ပေါင် ၄၉ ဘီလီယံ ဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင် FTSE100 အညွှန်းကိန်းတွက်ချက်ရာမှာ BHP Billiton ရဲ့ရှယ်ယာ ဈေးအတက်အကျက British American Tobacco ကုမ္ပဏီရဲ့ရှယ်ယာဈေးအတက်အကျထက် သုံးဆပိုပြီး အရေးပါပါတယ်။ ဒီလိုနိင်ငံတကာစတော့အိပ်(က)ချိန်းတွေရဲ့စတော့ဈေးကွက် အညွှန်းကိန်းတွေဟာ အညွှန်းကိန်းတွက်ချက်ရာမှာပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေး အတက်အကျပေါ်မူတည်ပြီး အောက်မှာ ဖေါ်ပြထားသလို စက္ကန့်နဲ့အမျှပြောင်းလဲနေတာဖြစ်ပါတယ်။

၂၀၁၂ ဇွန်လ ၂၉ ရက် FTSE100 အညွှန်းကိန်းအတက်အကျ

တကယ်တော့ စတော့ဈေးကွက်အညွှန်းကိန်းတွေဟာ ဈေးကွက်တခုရဲ့ စွမ်းဆောင်နိုင်ရည်ဈေးကွက် အတက်အကျကိုတိုင်းတာရာမှာ အသုံးဝင်တဲ့အပြင် ဘဏ္ဍာရေးဆိုင်ရာဆင့်ပွားပစ္စည်း (Financial derivative) အဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။ ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ကုမ္ပဏီတခုထဲရဲ့ရှယ်ယာပေါ်မှာရှိသမျှ အားလုံးပုံပြီးမြုပ်နှံလေ့ မရှိကြပါဘူး။ အဲဒီလို ရင်းနှီးမြုပ်နှံခြင်းဟာ စွန့်စားရမှုသိပ်ကြီးတဲ့အတွက် တတ်နိုင်သမျှလုပ်ငန်းသဘာဝခြင်းမတူတဲ့ကုမ္ပဏီတွေမှာ ဖြန့်ခွဲပြီး မြုပ်နှံလေ့ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ ကြက်ဥတွေကို ခြင်းတလုံးထဲမှာစုပြီးထည့်မထားနဲ့လို့ တင်စားပြောဆို လေ့ရှိပါတယ်။ ဒါပေမယ့် သာမာန်ရင်းနှီးမြုပ်နှံသူများအတွက် စတော့ဈေးကွက်တခုလုံး မှာရှိတဲ့ ရာနဲ့ချီတဲ့ ကုမ္ပဏီကြီးတွေအားလုံးမှာဖြန့်ခွဲပြီးမြုပ်နှံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုရင်းနှီးမြုပ်နှံသူတွေအတွက်ကတော့ စတော့ဈေးကွက်အညွှန်းကိန်းတွေကို အခြေခံထားတဲ့ဘဏ္ဍာရေးဆိုင်ရာဆင့်ပွားပစ္စည်းတွေကို ဝယ်ယူ မြုပ်နှံခြင်းဖြင့် ဈေးကွက်အညွှန်းကိန်းတွက်ချက်ရာမှာပါဝင်တဲ့ ကုမ္ပဏီကြီးတွေအားလုံးမှာ ဖြန့်ခွဲပြီး မြုပ်နှံထားသလို အကျိုးကျေးဇူးရှိမှာဖြစ်ပါတယ်။

ယခုအခါမှာဆိုရင် ဈေးကွက်အညွှန်းကိန်းတွေကို စတော့ဈေးကွက်တွေကိုအခြေခံပြီးသာမက တခြားဈေးကွက်တွေကိုပါ အခြေခံတွက်ချက်ပြီး ဘဏ္ဍာရေးဆိုင်ရာဆင့်ပွားပစ္စည်းတွေအဖြစ် အသုံးပြုလာကြပါတယ်။ အထင်ရှားဆုံးကတော့ အိမ်ခြံမြေဈေးကွက်ကို အခြေခံပြီးတွက်ချက်ထားတဲ့ REIT (Real Estate Investment Trust) အညွှန်းကိန်းတွေဖြစ်ပါတယ်။ ဒီအညွှန်းကိန်းတွေမှာ ရင်းနှီးမြုပ်နှံခြင်းဖြင့် တကယ်တမ်း အိမ်ခြံမြေတွေဝယ်ယူစရာမလိုဘဲနဲ့ အိမ်ခြံမြေဈေးကွက်မှာ ဝင်ရောက်မြုပ်နှံ ဈေးကစားနိုင်ပါတယ်။ အိမ်ခြံမြေတွေဝယ်ယူရာမှာကုန်ကျမယ့် အကျိုးဆောင်ခ၊ ရှေ့နေခ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခတွေလည်း ကုန်ကျစရာမလိုတော့ပါဘူး။

စကားစပ်မိလို့တင်ပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ တချိန်ကခေတ်စားခဲ့တဲ့ နှစ်လုံးထီဆိုတာ ထိုင်းနိုင်ငံ စတော့ဈေးကွက် ဈေးပိတ်ချိန်အညွှန်းကိန်းရဲ့နောက်ဆုံး ဂဏန်းနှစ်လုံးကို ပေါက်ဂဏန်းအဖြစ်ယူတာလို့ မှတ်သားခဲ့ရဘူးပါတယ်။ တကယ်တော့ စတော့ဈေးကွက်အညွှန်းကိန်းတွေရဲ့ အတက်အကျ အပြောင်းအလဲဟာ အညွှန်းကိန်းတွက်ချက်ရာမှာပါဝင်တဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးအတက်အကျပေါ် မူတည်ပြီး ဒီလိုဈေးအတက်အကျကလည်း အရေအတွက်သိန်းသန်းချီတဲ့ ရှယ်ယာရောင်းဝယ်မှုတွေ အပေါ်မှာ မူတည်နေတာဖြစ်တဲ့အတွက် လူတဦးတယောက်၊ အဖွဲ့အစည်းတခုတလေရဲ့လွှမ်းမိုးမှု မရှိနိုင်သလောက်ပါဘဲ။ ဒါပေမယ့် မကြာသေးခင်ကတရုတ်နိုင်ငံ ရှန်ဟဲစတော့ဈေးကွက်မှာ ဈေးကွက်ဖွင့်ချိန်စတင်ခဲ့တဲ့အညွှန်းကိန်းက  စတော့ဈေးကွက်အညွှန်းကိန်းတွေရဲ့ အတက်အကျ အပြောင်းအလဲကို ချုပ်ကိုင်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့အယူအဆကို မေးခွန်းထုတ်လာကြပါတယ်။ တရုတ်နိုင်ငံမှာ ၁၉၈၉ ခု ဇွန်လ ၄ ရက် (၄၊၆၊၈၉) နေ့မှာဖြစ်ပေါ်ခဲ့တဲ့ တိန်ယန်မင်ရင်ပြင်အရေးအခင်းရဲ့  ၂၃ နှစ်မြောက် နှစ်ပါတ်လည်မတိုင်ခင်၂၀၁၂ ခုနှစ် ဇွန်လမှာ တရုတ်အစိုးရက အရေးအခင်းနှင့်ပါတ်သက်သမျှ (အထူးသဖြင့် နံပါတ် ၂၃၊ ၄၊ ၆၊ ၈၊ ၉ အပါအဝင်)ကို အင်တာနက်နဲ့ တခြားမီဒီယာတွေမှာရှာဖွေတာ၊ ရည်ညွှန်းတာတွေကို ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဇွန်လ ၄ ရက်နေ့ ဈေးကွက်အဖွင့်မှာ  ရှန်ဟဲစတော့ဈေးကွက် အညွှန်းကိန်းက ၂၃၄၆.၉၈ နဲ့စတင်ခဲ့ပြီး ဈေးကွက်ပိတ်ချိန်မှာ ၆၄.၈၉ ပွိုင့်ကျဆင်းသွားခဲ့ပါတယ်။ တိုက်ဆိုင်မှုလို့ပြောဖို့ခက်ပေမယ့် တမင်တကာဖြစ်အောင်လုပ်ဖို့ဆိုတာကလဲ အညွှန်းကိန်းက ရာနဲ့ချီတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ရှယ်ယာဈေးပေါ်မူတည်နေလို့ မဖြစ်နိုင်သလောက်ပါဘဲဆိုတာတင်ပြလိုက်ရပါတယ်။

Creative Commons License
ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ (၂) by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.