Saturday 25 May 2013

ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ် နှင့် တရားမျှတမှု (Property Rights, Transaction Costs and Justice)

Professor Ronald Coase
(29/12/1910-Age 102)
အရင်အပါတ်ဆောင်းပါးတွေမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ သီအိုရီအမျိုးမျိုးကို တင်ပြခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ဈေးကွက်မှာလွဲပြောင်းရောင်းဝယ်ခြင်း၊ ဈေးနှုံးသတ်မှတ်ခြင်း စတာတွေနဲ့ ပါတ်သက်တဲ့ သီအိုရီ အချို့ကို တင်ပြလိုပါတယ်။ ပထမ သီအိုရီကတော့ ၁၉၆၀ ခုနှစ် တရားဥပဒေနဲ့ဘောဂဗေဒဂျာနယ် (Journal of Law and Economy)မှာ ရှီကာဂိုတက္ကသိုလ်က ဘောဂဗေဒပါမောက္ခ ရော်နယ်(လ်)ကို့(စ) (Ronald H Coase)ရေးသားခဲ့တဲ့ လူမှုရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုပြဿနာ (Problem of Social Cost)ဆောင်းပါးကို အခြေခံထားတဲ့ ကို့(စ)သီအိုရီပါ။ ဒီသီအိုရီဟာ ဘောဂဗေဒနဲ့စီးပွားရေး ဘာသာရပ်မှာ ရည်ညွှန်းကိုးကားခံရဆုံး သီအိုရီတရပ်ဖြစ်ပြီး ဒီသီအိုရီကို ဖေါ်ထုတ်ခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ် ဘောဂဗေဒပညာဆိုင်ရာ နိုဘယ်(လ်)ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ကို့(စ)က သူ့ရဲ့ဆောင်းပါးမှာ အများပြည်သူကို ထိခိုက်စေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပါတ်သက်ပြီး တင်ပြခဲ့တာဖြစ်ပါတယ်။ ဥပမာ စက်ရုံတရုံက ထွက်တဲ့ မီးခိုးတွေကြောင့် အနီးအနားပါတ်ဝန်းကျင်မှာ နေတဲ့သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ် ဆိုကြပါစို့။ သမရိုးကျ အတိုင်းဆိုရင်ကတော့ မီးခိုးကြောင့် ကျန်းမာရေးထိခိုက်သူတွေကို စက်ရုံပိုင်ရှင်က လျော်ကြေးပေးစေတာ၊ ဒါမှမဟုတ် ထိခိုက်နစ်နာဆုံးရှုံးမှုကို ငွေကြေးနဲ့တန်ဖိုးဖြတ်ပြီး စက်ရုံပိုင်ရှင်ကို အခွန်ကောက်ခံတာ၊ နောက်ဆုံး စက်ရုံကို လူနေရပ်ကွက်တွေနဲ့ ဝေးတဲ့နေရာ ရွှေ့ပြောင်းစေတာ၊ စတဲ့ ဖြေရှင်းနည်းတွေကို အသုံးပြုနိုင်ပါတယ်။ ကို့(စ)ရဲ့အဆိုအရ အဆိုပါနည်းလမ်းတွေဟာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်မလာနိုင်တဲ့အတွက် သင့်တော်တဲ့ဖြေရှင်းနည်းတွေမဟုတ်ပါဘူး။ ဒီသမရိုးကျဖြေရှင်းနည်းတွေက ရွေးချယ်စရာတွေကို ကန့်သတ်ရာရောက်တယ်လို့ ကို့(စ)ကဆိုပါတယ်။ လူတဦးက အခြားသူတဦးရဲ့အကျိုးစီးပွားကို ထိခိုက်အောင်လုပ်တယ်ဆိုပါစို့။ သမရိုးကျဖြေရှင်းနည်းတွေက ကိုယ့်အကျိုးစီးပွားကို ထိခိုက်အောင်လုပ်တဲ့သူကို ဘယ်လိုတားဆီးထိမ်းချုပ်မလဲဆိုတဲ့မေးခွန်းပေါ်မှာ အခြေခံတဲ့ လက်တုန့်ပြန်မှုကို ဦးစားပေးစဉ်းစားတဲ့ ဖြေရှင်းနည်းတွေသာဖြစ်တယ်လို့ ကို့(စ)ကဆိုပါတယ်။ တကယ်တမ်းအဖြေရှာရမှာကတော့ လူတဦးက အခြားသူတဦးရဲ့ အကျိုးစီးပွားကိုထိခိုက်အောင်ပြုလုပ်ဖို့ ခွင့်ပြုသင့်သလား ဆိုတဲ့မေးခွန်းဖြစ်တယ်။ ဖြေရှင်းရမယ့်အဓိကပြဿနာက ပိုပြီးဆိုးရွားတဲ့ အကျိုးစီးပွားထိခိုက်မှုကို ရှောင်လွှားနိုင်ဖို့ဖြစ်တယ်လို့ ကို့(စ)ကဆိုပါတယ်။

ဥပမာအနေနဲ့ စာဖတ်သူပိုင်တဲ့ လယ်ကွက်ရဲ့အနီးမှာ တခြားသူယောက်က နွားမွေးမြူရေးလာလုပ်ရာက အဆိုပါခြံကနွားတွေကို ခြံထဲမှာလှောင်မထားဘဲ လွှတ်ကျောင်းတဲ့အတွက် စာဖတ်သူရဲ့ လယ်ကွက်ထဲက သီးနှံတွေပျက်ဆီးကုန်တယ်ဆိုပါစို့။ စာရေးသူရဲ့တုန့်ပြန်မှုက အဆိုပါနွားခြံကိုပိတ်ပေးဖို့၊ ဒါမှမဟုတ် တခြားကိုရွှေ့ပေးဖို့ တောင်းဆိုမယ်ဆိုရင် ဒါဟာကို့(စ)အဆိုအရ သမရိုးကျဖြေရှင်းနည်းကို အသုံးပြုခြင်းပါဘဲ။ ဒီနေရာမှာ စဉ်းစားသင့်တာက စာဖတ်သူရဲ့ စိုက်ပျိုးရေး(သီးနှံထုတ်လုပ်မှု) နဲ့ နွားမွေးမြူရေး (အသားထုတ်လုပ်မှု) လုပ်ငန်း(၂)ခုအနက်က ဘယ်လုပ်ငန်းက စီးပွားရေးအရ အစွန်းထွက်တန်ဘိုး ပိုဖန်တီးနိုင်သလဲဆိုတာပါဘဲ။ တကယ်လို့ စာဖတ်သူရဲ့ စိုက်ပျိုးရေးလုပ်ငန်းက တနှစ်ဝင်ငွေ (၃)သိန်းရှိပြီး နွားမွေးမြူရေးခြံပိုင်ရှင်အနေနဲ့ ၊နွားတွေကို လွတ်လွတ်လပ်လပ် လွှတ်ကျောင်းခွင့်ရရင် အသားပိုတိုးတဲ့အတွက် အမြတ်ငွေ(၅)သိန်းပိုရတယ်လို့ဆိုပါစို့။ ဒီအခြေအနေမျိုးမှာ စာဖတ်သူရဲ့ သီးနှံတွေပျက်ဆီးတဲ့အတွက် နွားမွေးမြူရေးခြံကိုပိတ်ခိုင်းခြင်းဟာ ပိုမိုဆိုးရွားတဲ့ အကျိုးစီးပွားထိခိုက်ပျက်ဆီးမှုကို ဖြစ်ပေါ်စေတယ်လို့ ကို့(စ)ကဆိုပါတယ်။ သင့်တော်တဲ့ ဖြေရှင်းနည်းကတော့ သင့်ပိုင်ဆိုင်တဲ့ လယ်ကွက်ထဲမှာ သင့်ရဲ့ စိုက်ပျိုးပိုင်ခွင့်ကို မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူထံ သင့်တော်တဲ့ဈေးနှုံးနဲ့လွှဲပြောင်းပေးခြင်းပါဘဲ။ စာဖတ်သူအနေနဲ့ သင်ပိုင်ဆိုင်တဲ့လယ်ကွက်မှာ စိုက်ပျိုးပိုင်ခွင့်ကို နွားမွေးမြူရေးခြံပိုင်ရှင်က (၃)သိန်းထက်ပိုပေးရင် လွှဲပြောင်းရောင်းချသင့်ပြီး နွားမွေးမြူရေးခြံပိုင်ရှင်အနေနဲ့လဲ သင်ရဲ့စိုက်ပျိုးပိုင်ခွင့်က (၅)သိန်းထက်မပိုရင် လွှဲပြောင်းရယူသင့်ပါတယ်။ ဒီလိုဖြေရှင်းခြင်းအားဖြင့် နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိစေမှာဖြစ်တယ်လို့ ကို့(စ)ကဆိုပါတယ်။

ကို့(စ)ရဲ့ဆောင်းပါးမှာတော့ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ၊ ပိုင်ဆိုင်ခွင့်လွှဲပြောင်းတဲ့နေရာမှာ ဈေးနှုံးသတ်မှတ်မှုတွေကို အသေးစိတ်တင်ပြထားပါတယ်။ ဒီနေရာမှာ အကျဉ်းချုပ်တင်ပြရရင်တော့ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ်တွေ (Transaction Costs) မမြင့်မားဘူးဆိုရင် အစကနဦးမှာ မည်သူပိုင်ဆိုင်သည်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင်တွေဟာ အဆိုပါပိုင်ဆိုင်ခွင့်ကို ပိုမိုတန်ဘိုးထားတဲ့သူတွေထံကို ဈေးကွက်မှာလွှဲပြောင်းရောင်းဝယ်ခြင်း (Market Transaction) ဖြင့် ရောက်ရှိသွားမယ်ဆိုတဲ့အချက်ပါဘဲ။ အထက်ပါဥပမာအရ လယ်ကွက်မှာ စိုက်ပျိုးပိုင်ခွင့်ရဲ့ မူလပထမပိုင်ရှင်ဟာ စာဖတ်သူဖြစ်သော်လည်း အဆိုပါပိုင်ဆိုင်ခွင့်ကနေ တန်ဘိုးပိုမို ထုတ်လုပ်နိုင်သူ ဖြစ်တဲ့ မွေးမြူရေးလုပ်ကိုင်သူထံ လွဲပြောင်းရောက်ရှိသွားတာဖြစ်ပါတယ်။

ကို့(စ)ရဲ့ သီအိုရီမှာ အရေးပါတဲ့အချက်ကတော့ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ် ဖြစ်ပါတယ်။ စာဖတ်သူရဲ့ လယ်ကွက်မှာ စိုက်ပျိုးပိုင်ခွင့်ကို မွေးမြူရေးလုပ်ငန်းရှင်ထံ လွှဲပြောင်းပေးရာမှာ အစိုးရဥပဒေအရ အခွန်ပေးဆောင်ရန်လိုပြီး ပေးဆောင်ရမယ့် အခွန်ငွေက (၃)သိန်းဆိုပါစို့။ ဒီအခြေအနေမျိုးမှာ စာဖတ်သူကလဲ သင်ရဲ့စိုက်ပျိုးပိုင်ခွင့်ရဲ့တန်ဘိုးဖြစ်တဲ့ (၃)သိန်းလိုချင်တယ်ဆိုရင်၊ မွေးမြူရေးလုပ်ငန်းရှင်အနေနဲ့ စာဖတ်သူကို သင့်ရဲ့စိုက်ပျိုးပိုင်ခွင့်အတွက်(၃)သိန်း၊ အစိုးရကို အခွန်အနေနဲ့ (၃)သိန်း၊ စုစုပေါင်းကုနကျမယ့် (၆)သိန်းဟာ နွားတွေကို လွတ်လွတ်လပ်လပ် လွှတ်ကျောင်းရာက ရရှိမယ့် အမြတ် (၅)သိန်းထက်ပိုနေတဲ့အတွက် ပေးနိုင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုးရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှု ဆိုင်ရာ ကုန်ကျစားရိတ်တွေ မြင့်မားတယ်ဆိုရင် ပိုင်ဆိုင်ခွင့်တွေကို ဈေးကွက်မှာလွှဲပြောင်းရောင်းချနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရောင်းဝယ်ဖေါက်ကား လွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ်တွေ မြင့်မားခြင်းဟာ ဈေးကွက်စံနစ်ချို့ယွင်းမှု (Market failure)ကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီအချက်ကို ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ် သီအိုရီ (Transaction Costs Economic Theory)လို့ခေါ်တွင်ပြီး စီးပွားရေးဆိုင်ရာဘောဂဗေဒ (Business Economics)၊ စီမံခန့်ခွဲမှုဆိုင်ရာ ဘောဂဗေဒ (Managerial Economics)၊ နိုင်ငံတကာစီးပွားရေး မဟာဗျူဟာ (International Business Strategy) စတဲ့ဘာသာရပ်တွေရဲ့မှာ အရေးပါတဲ့ သီအိုရီ တခုဖြစ်ပါတယ်။ ဒီသီအိုရီပေါ်မှာ အခြေခံပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ ဖြစ်တည်မှုကို လေ့လာခဲ့တဲ့ ဘောဂဗေဒပညာရှင် ဝီလျံဆင် (O. E. Williamson) ဟာ ၂၀၀၉ ခုနှစ် ဘောဂဗေဒဆိုင်ရာ နိုဘယ်(လ်)ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

Professor Richard Posner

January 11, 1939 (age 74)
ကို့(စ)ရဲ့သီအိုရီကို ဝေဖန်သူတချို့ကတော့ ဒီသီအိုရီမှာ တင်ပြချက်တွေဟာ တကယ်တမ်းတော့ အရင်ကရှိခဲ့တဲ့ လူမှုဖူလုံရေးဆိုင်ရာသီအိုရီ (Social Welfare Theory)ရဲ့ အခြေခံဖြစ်တဲ့ ပိုင်ဆိုင်မှု အရင်းအမြစ်များကို ထိရောက်စွာခွဲဝေရမယ်ဆိုတဲ့အယူအဆနဲ့ ဘာမှမကွာခြားဘူးလို့  ဆိုကြပါတယ်။ တခြားအရေးပါတဲ့ အချက်ကတော့ ရောင်းဝယ်ဖေါက်ကား လွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ်တွေ မြင့်မားတဲ့ အခြေအနေမျိုးမှာ ပိုင်ဆိုင်မှုတွေကိုဘယ်လိုလွှဲပြောင်းသင့်သလဲ ဆိုတဲ့မေးခွန်းပါဘဲ။ ဒီမေးခွန်းရဲ့အဖြေကို ရှာဖွေဖို့ ကြိုးစားသူကတော့ အမေရိကန်နိုင်ငံက ထင်ရှားတဲ့ ဥပဒေပညာရှင်နဲ့ အမေရိကန်ပြည်ထောင်စု သတ္တမအယူခံရုံးတရားသူကြီး (Judge on the United States Court of Appeals for the Seventh Circuit) ရစ်ချတ်ပို(စ)နာ  (Richard Posner) ဖြစ်ပါတယ်။ ပို(စ)နာဟာ ရှီကာဂိုတက္ကသိုလ်က ဥပဒေပါမောက္ခတဦးဖြစ်ပြီး ကိုh(စ)နဲ့လုပ်ဖေါ်ကိုင်ဖက်လဲ ဖြစ်ပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ဥပမာအတိုင်း ရောင်းဝယ်ဖေါက်ကား လွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ်တွေမြင့်မားရင် ပုဂ္ဂလိကပိုင်ဆိုင်မှု (စာဖတ်သူရဲ့လယ်ကွက်မှာ စိုက်ပျိုးပိုင်ခွင့်)ကို ပိုမိုတန်ဘိုးထားတဲ့သူ (မွေးမြူရေးလုပ်ငန်းရှင်)ထံ ဈေးကွက်ကတဆင့် လွှဲပြောင်းဖို့ မဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့် ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ်တွေ မြင့်မားခြင်းက ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ဈေးကွက်ကတဆင့် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့လွှဲပြောင်းမှု မဖြစ်အောင် တားဆီးထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကို့(စ)ရဲ့ သီအိုရီရဲ့လိုအပ်ချက်ကို ပို(စ)နာက ဖြည့်စွက်အဆိုပြုချက်တခု တင်ပြခဲ့ပါတယ်။ အဆိုပါဖြည့်စွက်အဆိုပြုချက် (Posner's Corollary) ကတော့ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ်တွေ မြင့်မားတဲ့ အခြေအနေမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို တန်ဘိုးပိုထားတဲ့သူရဲ့ လက်ထဲရောက်ရှိအောင် ဥပဒေကို အသုံးပြုပြီး ခွဲဝေပေးဖို့ဖြစ်ပါတယ်။ ဒီလိုခွဲဝေပေးခြင်းအားဖြင့် ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ဈေးကွက်က တဆင့် ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းဖို့မလိုအပ်တော့ပါဘူး။ ပိုင်ဆိုင်ခွင့်တွေကို ခွဲဝေပေးတဲ့ တရားသူကြီးက အသိဥာဏ်ပညာနဲ့ ပြည့်စုံပြီး သမာသမတ်ကျစွာနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို တန်ဘိုးအများဆုံးထားတဲ့သူတွေရဲ့ လက်ထဲရောက်ရှိအောင် ခွဲဝေပေးခြင်းအားဖြင့် ပိုင်ဆိုင်မှုတွေပေါ်ကနေ လူ့ဘောင်လောကကြီးအတွက် တန်ဘိုးအများဆုံး ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ (ဒီဖြည့်စွက်အဆိုပြုချက်ဟာ မူဝါဒတွေချမှတ်ရာမှာ လူအများစုအတွက်အမြင့်ဆုံးကောင်းကျိုးချမ်းသာရရှိရေးကို ဦးတည်ရမယ်ဆိုတဲ့ ဂျရယ်မီဘင်သမ် (Jeremy Bentham)ရဲ့ Utilitarianism ကိုအခြေခံထားတဲ့ အဆိုပြုချက်ပါဘဲ။) ဒီအဆိုအရ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကိုခွဲဝေရာမှာ တမ်းတူညီမျှမှု(equity)ထက် ပိုမိုထိရောက်မှု (efficiency)ပေါ်မှာ အခြေခံဖို့ဖြစ်ပါတယ်။

ပို(စ)နာရဲ့ ဖြည့်စွက်အဆိုပြုချက်ကို ဝေဖန်သူတွေကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို စီးပွားရေးအရ တန်ဘိုးထုတ်ယူနိုင်မှုအပေါ်မှာမူတည်ပြီး ခွဲဝေခြင်းဟာ တရားမျှတမှုမရှိဘူးလို့ ဆိုကြပါတယ်။ ဥပဒေပါမောက္ခတဦးဖြစ်တဲ့ ပို(စ)နာရဲ့ တုန့်ပြန်ချက်ကျတော့ တရားမျှတမှုနဲ့ တရားမျှတတယ်ဆိုတဲ့ အတွေးအခေါ်ဟာ လူတဦးချင်းစီရဲ့ ပုဂ္ဂလိကဓိဌါန်အမြင်ဖြစ်ပြီး ဓမ္မဓိဌါန်ကျကျ ဆုံးဖြတ်လို့ မရဘူးလို့ ဆိုပါတယ်။ လူတိုင်းလူတိုင်းမှာ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ပါတ်သက်ပြီး ကိုယ်ပိုင်အမြင်တွေရှိကြပြီး ဆင်ခြင်တုံတရားရှိတဲ့လူအားလုံးလက်ခံနိုင်မယ့် ကျိုးကြောင်းညီညွတ်မှုရှိတဲ့ တရားမျှတမှုရဲ့ အဓိပ္ပါယ်ကို မဖေါ်ထုတ်နိုင်သေးဘူးလို့ ပို(စ)နာက ဆိုပါတယ်။ အဲဒါကြောင့် တရားသူကြီးမှာလည်း သူ့ရဲ့ကိုယ်ပိုင်အမြင်၊ ခံစားမှုရှိမှာဖြစ်တဲ့အတွက် ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးဖို့ ဆုံးဖြတ်ရာမှာ တရားမျှတမှုနဲ့ပါတ်သက်ပြီး သူ့ရဲ့ပုဂ္ဂလိကဓိဌါန်အမြင်ပေါ်မှာ မူတည်ပြီးဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။

ပို(စ)နာရဲ့အမြင်ကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ခွဲဝေရာမှာ အကျိုးရှိထိရောက်တဲ့ ခွဲဝေမှုဖြစ်ရေးကသာ ဓမ္မဓိဌါန်ကျတဲ့ ဦးတည်ချက်ဖြစ်တယ်။ ဆင်ခြင်တုံတရားရှိတဲ့လူအားလုံး ပိုမိုအကျိုးရှိထိရောက်တဲ့ ခွဲဝေမှုရဲ့ ရလဒ်ကို သဘောတူကြမှာဖြစ်ပြီး၊ တရားမျှတမှုနဲ့ပါတ်သက်လို့ကတော့ လူတိုင်းလူတိုင်းမှာ မတူကွဲပြားတဲ့ အမြင်တွေရှိတဲ့အတွက် တရားမျှတပြီး သာတူညီမျှရှိတယ်ဆိုတဲ့ရလဒ်ကို လူအားလုံးက သဘောတူလက်ခံနိုင်ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားမျှတမှုရှိအောင်ပြုလုုပ်ဖို့ဆိုတာ နိုင်ငံရေးအလုပ်ဖြစ်ပြီး တရားသူကြီးတွေဟာ ရွေးချယ်တင်မြောက်ခံ နိုင်ငံရေးသမားတွေမဟုတ်တဲ့အတွက် နိုင်ငံရေးမလုပ်သင့်ဘူးလို့ ပို(စ)နာကဆိုပါတယ်။
စာဖတ်သူမြင်တဲ့အတိုင်း ပို(စ)နာရဲ့ ဖြည့်စွက်အဆိုပြုချက်အရဆိုရင် တရားသူကြီးရဲ့အဓိကအလုပ်ဟာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကနေ တန်ဘိုးအများဆုံး ထုတ်ယူနိုင်သူကို ဆုံးဖြတ်ပေးရမှာ ဖြစ်ပြီး ဒီဖြည့်စွက် အဆိုပြုချက်ကို အများလက်ခံအောင်တင်ပြဖို့၊ လက်တွေ့အသုံးချဖို့ ခဲယဉ်းပါတယ်။ ပထမပြဿနာကတော့ တရားရုံးအနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကနေ တန်ဘိုးအများဆုံး ထုတ်ယူနိုင်သူကို ဆုံးဖြတ်ပေးဖို့ရာ မလွယ်ကူပါဘူး။ ဒုတိယနဲ့ ပိုအရေးကြီးတဲ့အချက်ကတော့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကနေ တန်ဘိုးထုတ်ယူရာမှာ ကနဦးဥစ္စာဓနခွဲဝေမှုရဲ့ အရေးပါမှုပါဘဲ။ ကျွန်တော်တို့ရဲ့ ဥပမာအရဆိုရင် မွေးမြူရေးခြံပိုင်ရှင်က ပိုချမ်းသာပြီး အရင်းအနှီးပိုစိုက်ထုတ်နိုင်တဲ့အတွက် စာဖတ်သူပိုင်တဲ့ လယ်ကွက်ကနေ စီးပွားရေးအရ တန်ဘိုး ပိုမိုထုတ်လုပ်နိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပို(စ)နာရဲ့ ဖြည့်စွက်အဆိုပြုချက်အတိုင်းသာဆိုရင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေဟာ ပိုင်ဆိုင်ခွင့်ကနေ စီးပွားရေးတန်ဘိုး ပိုမိုထုတ်ယူနိုင်စွမ်းရှိတဲ့ ကနဦးချမ်းသာတဲ့သူတွေရဲ့ လက်ထဲကိုရောက်ရှိသွားမှာ သေချာသလောက်ပါဘဲ။ ပို(စ)နာရဲ့ ဖြည့်စွက်အဆိုပြုချက်ကို ဝေဖန်တဲ့သူတွေကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို တရားမျှတစွာ ခွဲဝေရာမှာ ရှောင်လွှဲလို့မရနိုင်တဲ့ နိုင်ငံရေးပါတ်သက်တဲ့အချက်တွေကို ပိုမိုထိရောက်စွာခွဲဝေခြင်းဆိုတဲ့ လွဲမှားတဲ့ ဦးတည်ချက်အောက်မှာ ဖုံးကွယ်မထားသင့်ဘူးလို့ ဆိုကြပါတယ်။

ဒီဆန့်ကျင်ဘက်အဆို (၂)ခုအပေါ်အခြေခံပြီး ကောက်ချက်ချနိုင်တာကတော့ တရားသူကြီးတွေအနေနဲ့ လက်ရှိ ရှိရင်းစွဲ တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေအရ ရှင်းလင်းမြင်သာစွာ၊ ဘက်လိုက်မှုကင်းစွာ ဆုံးဖြတ်နိုုင်တဲ့ အမှုကိစ္စမျိုးကိုသာ တာဝန်ယူ ဆုံးဖြတ်သင့်ပြီး၊ ဝိဝါဒကွဲပြားစရာရှိတဲ့၊ ဓမ္မဒိဌါန်ကျကျ ဆုံးဖြတ်လို့ မဖြစ်နိုင်တဲ့ ပြဿနာမျိုးတွေကိုတော အများသဘောတူညီမှုနဲ့ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ (နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်း)က ဆုံးဖြတ်သင့်တယ်ဆိုတဲ့ အချက်ပါဘဲ။ ဒီလိုဆုံးဖြတ်ရာမှာ ဦးတည်ချက်က အများပြည်သူရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ သက်သာချောင်ချိရေးနဲ့ အကျင့်စာရိတ္တ စတာတွေကိုကာကွယ်ဖို့၊ မြှင့်တင်ဖို့အတွက်ဆိုရင် ဒီလိုဦးတည်ချက်တွေ ပြည့်မြောက်ဖို့အတွက် အစိုးရတရပ်အနေနဲ့ လူတဦးချင်းစီရဲ့ ရပိုင်ခွင့်တွေကို လျစ်လျူရှုပြီး ထိမ်းကျောင်းအုပ်ချုပ်မှုအာဏာ (Police Power)ကို အသုံးပြသင့်တယ်လိုဆိုပါတယ်။ ဒါဟာ လူအများစုအတွက်အမြင့်ဆုံး ကောင်းကျိုးချမ်းသာ ရရှိရေးကို ဦးတည်ရမယ်ဆိုတဲ့ ဂျရယ်မီဘင်သမ်ရဲ့သီအိုရီပေါ်မှာ အခြေခံထားတဲ့ အဆိုပြုချက်ပါဘဲ။ ဒီအဆိုပြုချက်နဲ့ ဆန့်ကျင်ဘက်ကတော့ ယခင်ဆောင်းပါးတွေမှာ တင်ပြခဲ့တဲ့ ဂျွန်လော့(ခ)ရဲ့ ချိုးဖေါက်လို့မရတဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်အပေါ်မှာ အခြေခံတဲ့ အဆိုပြုချက်ပါ။ အစိုးရတရပ်အနေနဲ့ လူတဦးချင်းစီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အများအကျိုးအတွက်သိမ်းယူတယ်ဆိုပြီး လူတွေရဲ့ အသက်မွေးမှုဘဝကို မဖျက်ဆီးနိုင်ပါဘူး။ ဒါကြောင့် အများအကျိုးအတွက် လူတဦးချင်းစီရဲ့ တရားနည်းလမ်းကျစွာ ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို သိမ်းယူမယ်ဆိုရင် အစိုးရတရပ်အနေနဲ့ သင့်တင့်မျှတတဲ့ လျော်ကြေးပေးရမယ်လို့ဆိုပါတယ်။ ဥပမာ သင်ပိုင်ဆိုင်တဲ့ မြေကွက်ကို အများအကျိုးအတွက်အသုံးပြုဖို့၊ ဒါမှမဟုတ် စီးပွားရေးအရ တန်ဘိုးပိုမိုထွက်ရှိအောင် ပြုလုပ်နိုင်တဲ့သူထံလွှဲအပ်ဖို့ အစိုးရတရပ်က သိမ်းယူတယ်ဆိုပါစို့။ ဒီလိုသိမ်းယူတဲ့အတွက် အစိုးရက လျော်ကြေးအနေနဲ့ သင့်မြေကွက်ရဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း ကာလတန်ဘိုး အပြည့်အဝကို ပေးရမှာဖြစ်ပါတယ်။ ဒါမှ သင့်အနေနဲ့ တခြားနေရာမှာ မြေကွက်တကွက် ပြန်ဝယ်ပြီး သင်ရဲ့ဘဝကို အမှီအခိုကင်းစွာ ဆောက်တည်နိုင်မှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးအပါအဝင် ပြီးခဲ့တဲ့ဆောင်းပါးတွေမှာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ တရားမျှတမှု၊ ဈေးကွက်စီးပွားရေးစံနစ်နဲ့ အစိုးရရဲ့အခန်းကဏ္ဍတွေကို တင်ပြခဲ့ပါတယ်။ ဒီဆောင်းပါးတွေရဲ့အစမှာ စာရေးသူတင်ပြခဲ့သလိုပါဘဲ ဒီဆောင်းပါးတွေရေးသားရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စာဖတ်သူကို ပုဂ္ဂလိကပိုင်ဆိုင်မှု၊ တရားမျှတမှုနဲ့ ပါတ်သက်တဲ့ အခြေခံသီအိုရီတွေ၊ အတွေးအခေါ်တွေကို မိတ်ဆက်ပေးဖို့ပါဘဲ။ ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ လက်ပန်းတောင်းတောင်ပြဿနာလို ကိစ္စမျိုးတွေကို ဖြေရှင်းဘို့၊ ဒီထက်ပိုပြီးပြောရရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အာမခံနိုင်ဘို့ဆိုရင် ပိုင်ဆိုင်ခွင့်နဲ့ တရားမျှတမှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ဒီဆောင်းပါးတွေမှာ တင်ပြခဲ့သလို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နဲ့ တရားမျှတမှုဆိုတာ ရေးသားထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေပေါ်မှာဘဲ မူတည်တာမဟုတ်ပါဘူး၊ ဒီဥပဒေတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရေးဆွဲထားတယ်၊ ဒီဥပဒေတွေကို အကောင်အထည်ဖေါ်ရတဲ့သူတွေက ဘယ်လိုကျင့်သုံးတယ်၊ လူတဦးချင်းစီကလဲ ပိုင်ဆိုင်မှုနဲ့ တရားမျှတမှုကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုတယ်၊ စတဲ့အချက်တွေပေါ်မှာလဲ မူတည်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Image Credit:
ပါမောက္ခ ရော်နယ်လ်ကို့(စ) (Professor Ronald Coase)
http://commons.wikimedia.org/wiki/File%3ACoase.png
Attribution: By .Tivki at en.wikipedia [CC-BY-SA-3.0 (http://creativecommons.org/licenses/by-sa/3.0)], from Wikimedia Commons

ပါမောက္ခ ရစ်ချတ် ပို(စ)နာ (Professor Richard Posner)
http://commons.wikimedia.org/wiki/File%3ARichard_posner_harvardz.JPG
Attribution: By chensiyuan (chensiyuan) [GFDL (http://www.gnu.org/copyleft/fdl.html) or CC-BY-SA-3.0-2.5-2.0-1.0 (http://creativecommons.org/licenses/by-sa/3.0)], via Wikimedia Commons

ရည်ညွှန်းကိုးကား။

Adelstein, R. (2013) Property and Liability: An Introduction to Law and Economics, Online lecture at Coursea.
Coase, R. (1960) Problem Social Cost, Journal of Law and Economics Vol (3) pp. 1-44.


Creative Commons License
ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ်နှင့်တရားမျှတမှု (Property Rights, Transaction Costs and Justice) by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

No comments:

Post a Comment