Saturday, 11 May 2013

ပုဂ္ဂလိကပိုင်ဆိုင်မှု၊ လွတ်လပ်ခွင့်၊ ဈေးကွက်စံနစ် နှင့် အစိုးရ၏ အခန်းကဏ္ဍ (Private Property, Liberty, Market Mechanism and the Role of Government)


Justice by Edward Onslow Ford
ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ပါတ်သက်ပြီး အင်္ဂလိပ် တွေးခေါ်ပညာရှင် ဂျွန်လော့(ခ) (John Locke)နဲ့ ဂျရမီဘင်သမ်(မ) (Jeremy Bentham)တို့ ဖေါ်ထုတ်ခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို တင်ပြပြီးတဲ့နောက်မှာ အမေရိကန် နိုင်ငံရေးဒဿန ပညာရှင် လွတ်လပ်မှုအဓိကဝါဒီ (libertarian) ပါမောက္ခ ရောဘတ်နိုဇစ်(က)(Robert Nozick; 1938-2002)ရဲ့  ပုဂ္ဂလိကပိုင်ဆိုင်မှုကို ခွဲဝေတဲ့နေရာမှာ နိုင်ငံတော်နဲ့ ဈေးကွက်ရဲ့ အခန်းကဏ္ဍနဲ့ပါတ်သက်တဲ့ အမြင်ကို တင်ပြလိုပါတယ်။ 

ရောဘတ်နိုဇစ်(က)ရဲ့ကျော်ကြားတဲ့ မင်းမဲ့စရိုက်၊ နိုင်ငံတော် နဲ့ သုခဘုံ (Anarchy, State and Utopia, 1974) ဆိုတဲ့စာအုပ်မှာ ဂျရမီဘင်သမ်(မ) အဆိုပြုခဲ့တဲ့ အစိုးရတရပ်အနေနဲ့ ချမ်းသာတဲ့သူတွေဆီက ပိုင်ဆိုင်မှုအချို့ကိုယူပြီး ဆင်းရဲတဲ့သူတွေထံကို လွှဲပြောင်းပေးဖို့ တာဝန်ရှိတယ်၊ ဆင်းရဲချမ်းသာညီမျှအောင် ပြုလုပ်ပေးရမယ် (distributive justice) ဆိုတဲ့အချက်ကို စိန်ခေါ်ခဲ့ပါတယ်။ ရောဘတ်နိုဇစ်(က)က လူတစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့်နဲ့ အခွင့်အရေးဟာ အလွန်အရေးပါပြီး ချိုးဖေါက်လို့ မရနိုင်အောင် ခိုင်မာတဲ့အတွက် နိုင်ငံတော်အနေနဲ့ လုပ်ပိုင်ခွင့် ဘာမှသိပ်မရှိပါဘူးလို့ ဆိုပါတယ်။ သူ့ရဲ့အဆိုအရ နိုင်ငံတော်ရဲ့အခန်းကဏ္ဍဟာ သဘောတူညီချက်ပဍိဉာဏ် တွေကို မချိုးဖေါက်အောင်တားဆီးဖို့နဲ့ ပြည်သူလူထုကို မတရားအနိုင်အထက်ပြုမှု၊ ခိုးဝှက်လုယူမှု၊ လိမ်လည်လှည့်ဖျားမှုစတဲ့ ဘေးရန်တွေက ကာကွယ်ပေးဖို့ထက် မပိုသင့်ပါဘူး။ တကယ်လို့ နိုင်ငံတော်ရဲ့အခန်းကဏ္ဍက ပြည်သူလူထုကို ကာကွယ်ပေးတဲ့အဆင့်ထက်ပိုလာရင် နိုင်ငံသားတွေရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ချိုးဖေါက်ရာရောက်တဲ့အတွက် မလျှော်ကန်ဘူး၊ နိုင်ငံတော်အနေနဲ့ လူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို မချိုးဖေါက်သင့်ဘူးလို့ဆိုပါတယ်။ ရောဘတ်နိုဇစ်(က)ရဲ့အတွေးအခေါ်အရ     လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဟာ လွတ်လပ်တဲ့ ဈေးကွက်ကတဆင့် ဖြစ်တည်လာတာလို့ဆိုပါတယ်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဟာ ဘုရားသခင်ထံက ဆင်းသက်လာတာဆိုတဲ့ ခေတ်နဲ့မလျော်ညီတဲ့ ဂျွန်လော့(ခ)ရဲ့ အယူအဆပေါ်မှာ အခြေခံတာမဟုတ်ပါဘူး။ 

ရောဘတ်နိုဇစ်(က)က မည်သူတစ်ဦးတယောက်ကိုမျှ သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒမပါဘဲ တခြားသူတွေကို ကူညီဖို့ အတင်းအကျပ် မစေခိုင်းသင့်ဘူလို့ ဆိုပါတယ်။ ဆင်းရဲတဲ့သူတွေကို ကူညီဖို့ ချမ်းသာသူတွေကို အခွန်ကောက်တာဟာ ချမ်းသာသူတွေကို အကျပ်ကိုင်တာဖြစ်တယ်၊ ဒါဟာ ချမ်းသာတဲ့သူတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းကို သူတို့စိတ်တိုင်းကျစီမံခန့်ခွဲခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကို ချိုးဖေါက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရောဘတ်နိုဇစ်(က)ရဲ့အဆိုအရ လူတစ်ဦးနဲ့တစ်ဦး စီးပွားရေးအရ ဆင်းရဲချမ်းသာ မညီမျှတာဟာ ပြဿနာ မဟုတ်ပါဘူး။ လူတချို့က ဒေါ်လာဘီလီယံချီချမ်းသာပြီး တချို့သူတွေ တစ်ပြားမှမရှိအောင်ဆင်းရဲနေတာကို မြင်ရုံနဲ့ စံနစ်တခုလုံးကို တရားတယ်၊ မတရားဘူး ကောက်ချက်ချလို့မရဘူးလို့ ဆိုပါတယ်။  တရားမျှတတဲ့ ပစ္စည်းဥစ္စာခွဲဝေမှုဆိုတာ ဝင်ငွေညီမျှမှု၊ တန်းတူညီမျှပျော်ရွင်မှု၊ လူတစ်ဦးစီရဲ့အခြေခံလိုအပ်ချက်တွေကို မျှတအောင်ခွဲဝေမှု စတာတွေပေါ်မှာ မူတည်တယ်ဆိုတဲ့ အယူအဆကို ရောဘတ်နိုဇစ်(က)လက်မခံဘဲ တကယ်တမ်းအရေးကြီးတာက ဒီဥစ္စာဓန ခွဲဝေမှု ဘယ်လိုဖြစ်တည်လာသလဲဆိုတဲ့အချက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူ့ရဲ့အဆိုအရ ဥစ္စာဓနခွဲဝေမှုဆိုတာ လွတ်လပ်တဲ့ဈေးကွက်စံနစ်အတွင်းမှာ လူတွေရဲ. လွတ်လပ်စွာရွေးချယ်မှုကနေ ဖြစ်တည်လာတာဖြစ်ပြီး၊ တရားမျှတတဲ့ခွဲဝေမှုဖြစ်ဖို့အတွက် လိုအပ်ချက် (၂)ရပ်ရှိပါတယ်။ ပထမလိုအပ်ချက်ကတော့ လူတစ်ဦးအနေနဲ့ သူစီးပွားရှာရာမှာ အသုံးပြုတဲ့ သွင်းအားစုတွေကို တရားဝင်ပိုင်ဆိုင်ခြင်းဆိုတဲ့ ကနဦး တရားမျှတမှုဖြစ်ပြီး၊ ဒုတိယလိုအပ်ချက်ကတော့ လူတဦး ချမ်းသာတဲ့ စီးပွားဥစ္စာတွေဟာ လွတ်လပ်တဲ့ဈေးကွက်မှာ တရားမျှတစွာ ရောင်းဝယ်ဖေါက်ကားခြင်းကတဆင့်၊ ဒါမှမဟုတ် တခြားသူတစ်ယောက်က မေတ္တာဖြင့်လက်ဆောင်အဖြစ်ပေးကမ်းခြင်းကတဆင့် ရရှိလာခြင်းဆိုတဲ့ ပစ္စည်းဥစ္စာလွဲပြောင်းတဲ့နေရာမှာ တရားမျှတမှုဖြစ်ပါတယ်။ ဒီအချက်(၂)ရပ်နဲ့ ပြည့်စုံတယ်ဆိုရင် လူတစ်ဦးအနေနဲဲ့ သူမှာရှိတဲ့ ဥစ္စာဓနတွေကို တရားမျှတစွာ ပိုင်ဆိုင်တာဖြစ်တဲ့အတွက် သူ့ရဲ့သဘောတူခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အနေနဲ့ အခွန်ကောက်ခွင့်၊ သိမ်းပိုက်ခွင့်မရှိပါဘူးလို့ ရောဘတ်နိုဇစ်(က)ကဆိုပါတယ်။ ဆိုလိုတာကတော့ လူတစ်ယောက်အနေနဲ့ မတရား ခိုးဝှက်ရယူထားတဲ့ ပစ္စည်းတွေပေါ်မှာ အခြေခံပြီး ချမ်းသာလာတာမဟုတ်ရင်၊ လိမ်လည်လှည့်ဖြားမတရားစီးပွားရှာပြီး ကြွယ်ဝလာတာမဟုတ်ရင် လွတ်လပ်တဲ့ဈေးကွက်မှာ တရားမျှတစွာ ရောင်းဝယ်ဖေါက်ကားရင်းနဲ့ ချမ်းသာကြွယ်ဝလာမှုမှန်သမျှဟာ ညီမျှသည်ဖြစ်စေ၊ မညီမျှသည်ဖြစ်စေ တရားမျှတတဲ့ ခွဲဝေမှုဖြစ်ပါတယ်။  

ဒါပေမယ့် လူတစ်ယောက်ရဲ့ လက်ရှိချမ်းသာကြွယ်ဝမှုကို အစပြုခဲ့တဲ့ ကနဦး သွင်းအားစုတွေကို သူ့အနေနဲ့ တရားမျှတစွာ ပိုင်ဆိုင်ခဲ့သလားဆိုတဲ့အချက်ကို ဆုံးဖြတ်ဖို့က မလွယ်ကူဘူးဆိုတာ ရောဘတ်နိုဇစ်(က)က ဝန်ခံပါတယ်။ လူတစ်ဦးရဲ့ ယခုပဉ္စက္ခကာလ ချမ်းသာကြွယ်ဝမှုဟာ အဆိုပါလူရဲ့ လွန်ခဲ့တဲ့ မျိုးဆက်တွေက သူတပါး ပိုင်ဆိုင်တဲ့ မြေယာ၊ အခြေပစ္စည်းစတာတွေကို အနိုင်အထက်သိမ်းယူ၊ ခိုးဝှက် လိမ်လည် လှည့်ဖြားပြီး ရယူထားတာတွေပေါ်မှာ အခြေမတည်ခဲ့ဘူးလို့ ဘယ်လိုလုပ်သိနိုင်မှာလဲလို့  ရောဘတ်နိုဇစ်(က)က ဆိုပါတယ်။ တကယ်လို့ လူတစ်ဦးရဲ့ လက်ရှိချမ်းသာကြွယ်ဝမှုဟာ အတိတ်ကာလက မတရားမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ရင်တော့ အခွန်ကောက်ခံခြင်း၊ နစ်နာခဲ့သူတွေကို လျော်ကြေးအဖြစ် ပေးစေခြင်း စတဲ့နည်းလမ်းတွေသုံးပြီး ဒီလိုမတရားမှုပြုလုပ်ခဲ့တာတွေကို ပြေပျောက်အောင် ပြုလုပ်ရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ရောဘတ်နိုဇစ်(က) အလေးအနက်ထားပြောတာကတော့ ဒီလို အခွန်ကောက်ခံတာ၊ လျော်ကြေးပေးစေတာတွေဟာ အတိတ်ကာလက မတရားမှုတွေကို ဖြေရှင်းဖို့အတွက် သက်သက်သာဖြစ်ပြီး၊ လက်ရှိကာလ ဆင်းရဲချမ်းသာ မညီမျှမှုကို ဖြေရှင်းဖို့အတွက် မဟုတ်ပါဘူး။ ရောဘတ်နိုဇစ်(က)ရဲ့ အဆိုအရ လူတယောက် ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ လူတဦးချင်းစီရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ ဈေးကွက်ရဲ့ ဆုံးဖြတ်ချက်အရဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ဆင်းရဲချမ်းသာ မညီမျှလို့ ဆိုပြီး ချမ်းသာသူထံမှ အခွန်ကောက်ပြီး ဆင်းရဲတဲ့သူထံ ခွဲဝေပေးခြင်းဟာ လူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ လွတ်လပ်တဲ့ ဈေးကွက်ကို ဝင်ရောက်စွက်ဖက်ခြင်းလို့ ဆိုပါတယ်။
              
သမာအာဇီဝနဲ့ ချမ်းသာလာတဲ့သူတွေဆီကနေ ဆင်းရဲတဲ့သူတွေအတွက် အခွန်ကောက်ခံတဲ့ ဥစ္စာဓန ပြန်လည်ခွဲဝေခြင်းရဲ့ အဓိပ္ပါယ်မဲ့မှုကို  ရောဘတ်နိုဇစ်(က)က ဝင်ငွေအလွန်ကောင်းတဲ့ အားကစားသမား တစ်ဦးကို ဥပမာပေးပြီး တင်ပြခဲ့ပါတယ်။ ဒီနေ့ခေတ် ဥပမာပေးရရင် ဒေါ်လာ ၁၇၅ သန်းချမ်းသာပြီး၊ တနှစ်ဝင်ငွေ ဒေါ်လာ ၂၇ သန်းရှိတဲ့ ဒေးဗစ်ဘက်ဟမ် ဆိုပါစို့။ သူရတဲ့ဝင်ငွေ၊ သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ သူဘောလုံး ကစားတာကို ကြည့်ချင်တဲ့ သူရဲ့ပရိတ်သတ်ရဲ့ အားပေးမှုကနေ ရရှိတာဖြစ်ပါတယ်။  ဒေးဗစ်ဘက်ဟမ် ဒီလို ဝင်ငွေရရှိတာဟာ လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကြောင့်ဖြစ်ပြီး ဘယ်သူမှ နစ်နာတယ်လို့ အပြစ်ပြောလို့ မရပါဘူး။ သူကစားတာကို ကြည့်ချင်တဲ့ ပရိတ်သတ်က သူတို့ဆန္ဒ၊ သူတို့ရဲ့လွတ်လပ်စွာရွေးချယ်ခွင့်အရ  လက်မှတ်ဝယ်တာဖြစ်ပြီး၊ မကြည့်ချင်တဲ့သူတွေအနေနဲ့ ပိုက်ဆံတပြားမှ အကုန်ခံစရာ မလိုပါဘူး။ ဒေးဗစ်ဘက်ဟမ် အနေနဲ့လည်း ဒီလို ဝင်ငွေအမြောက်အများ ရရှိတဲ့အတွက် ဒီဘောလုံးကစားနည်းကို ကစားဖို့ သူ့ရဲ့ကိုယ်ပိုင်ဆန္ဒအရ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ်ဘက်ဟမ်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ လူတွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ လွတ်လပ်တဲ့ဈေးကွက်စံနစ်ရဲ့ ရလဒ်ဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ဒီလို နာမည်ကြီး အားကစားသမားတစ်ဦး ချမ်းသာကြွယ်ဝလာတာကို  စီးပွားရေးအရ မညီမျှမှုဘူး တရားမျှတမှုမရှိဘူးလို့ ယုံကြည်ပြီး ဆင်းရဲတဲ့သူတွေကို ခွဲဝေပေးဖို့ အခွန်ကောက်ခံမယ်ဆိုရင် လွတ်လပ်တဲ့ဈေးကွက်ကို ဝင်ရောက်စွက်ဖက်ပြီး၊ လူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်က ပေါက်ဖွားလာတဲ့ အကျိုးဆက်ကို ပျက်ပြယ်အောင် လုပ်ဆောင်တာနဲ့ အလားသဏ္ဍန်တူတယ်လို့ ရောဘတ်နိုဇစ်(က) ယုံကြည်ပါတယ်။ ဒါ့အပြင် ဒီလို ဆင်းရဲတဲ့သူတွေကို အကူအညီပေးတဲ့နေရာမှာ အသုံးပြုဖို့ ဒေးဗစ်ဘက်ဟမ်ရဲ့ ဝင်ငွေအပေါ်မှာ အခွန်ကောက်ခံခြင်းဟာ လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကားရွေးချယ်မှုရဲ့ ရလဒ်ကို ဆန့်ကျင်ရာရောက်ရုံသာမက၊ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှုမှတဆင့်ရရှိတဲ့ ဝင်ငွေကို ဖြတ်တောက်ယူခြင်းဖြင့်  ဒေးဗစ်ဘက်ဟမ်ရဲ့ ပိုင်ဆိုင်မှု အခွင့်အရေးကို ချိုးဖေါက်ရာလည်းရောက်ပါတယ်။

ရောဘတ်နိုဇစ်(က)အဆိုအရ ဒီလို သမာအာဇီဝနဲ့ လူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကြောင့် ဖြစ်တည်လာတဲ့ ဥစ္စာဓနအပေါ်မှာ အခွန်ကောက်ခံခြင်းဟာ ငွေရေးကြေးရေး ပြဿနာသက်သက် မဟုတ်ပါဘူး။ လူတစ်ဦးရဲ့ အရေးကြီးတဲ့ ပိုင်ဆိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်မှုကို ထိခိုက်စေတဲ့ ပြဿနာတရပ်ဖြစ်တယ်လို့ ရောဘတ်နိုဇစ်(က)က ယုံကြည်ပါတယ်။ တကယ်လို့ နိုင်ငံတော် အနေနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ လုပ်အားအပေါ်ကရရှိတဲ့ ဝင်ငွေအပေါ်မှာ အခွန်ကောက်ခံခွင့်ရှိတယ်ဆိုရင်၊ အဆိုပါပုဂ္ဂိုလ်ရဲ့ အချိန် တစိတ်တပိုင်းကိုလည်း နိုင်ငံတော်က တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ ဆိုရာရောက်တယ်လို့ သူကဆိုပါတယ်။ ဆိုလိုတာက လူတယောက်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုံး ကို အခွန်အဖြစ်ယူမယ့်အစား၊ သူကိုယ်ပိုင်အချိန်ရဲ့ ၃၀ ရာခိုင်နှုံးကို နိုင်ငံတော်အတွက် အလုပ်လုပ်ပေးဖို့ ညွှန်ကြားလာနိုင်တယ်လို့ ဆိုတာပါဘဲ။ ဒီယူဆချက်အရ လူတယောက်ရဲ့လုပ်အားကရရှိတဲ့ ဝင်ငွေပေါ်မှာ အခွန်ကောက်ခံခြင်းဆိုတာ အတင်းအကြပ်အလုပ်စေခိုင်းခြင်း (forced labour)နဲ့ အလားတူတယ်လို့ ရောဘတ်နိုဇစ်(က)က ယုံကြည်ပါတယ်။ တကယ်လို့ နိုင်ငံတော်မှာ လူတစ်ဦးတစ်ယောက်ကို အတင်းအကြပ် အလုပ်စေခိုင်းနိုင်ခွင့်ရှိတယ်ဆိုရင်၊ နိုင်ငံတော်က အဆိုပါလူပုဂ္ဂိုလ်ကို တစိတ်တပိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုလိုရာရောက်ပါတယ်။ ရောဘတ်နိုဇစ်(က)ရဲ့ အမြင်အရတော့ အခွန်ကောက်ခံခြင်း (လူတဦးရဲ့ဝင်ငွေကို ဖြတ်ယူခြင်း)ဆိုတာ အတင်းအကြပ်အလုပ်စေခိုင်းခြင်း (လူတဦးရဲ့လုပ်အားကို ရယူခြင်း)ဖြစ်ပြီး ကျေးပိုင်ကျွန်ပိုင်စံနစ် (လူတဦးရဲ့မိမိကိုယ်မိမိပိုင်ဆိုင်ခွင့်ကို ငြင်းပယ်ခြင်း)နဲ့ အလားတူတယ်လို့ဆိုပါတယ်။   

ရောဘတ်နိုဇစ်(က)ရဲ့ အထက်ပါ လွတ်လပ်မှုအဓိကဝါဒကို အစိုးရတရပ်အနေနဲ့ ချမ်းသာတဲ့သူတွေထံက အခွန်ကောက်ခံပြီး ဆင်းရဲတဲ့သူတွေထံကို ခွဲဝေပေးရမယ်ဆိုတဲ့ အယူအဆကို လက်ခံသူတွေက ကန့်ကွက်ကြပါတယ်။ အဲဒီကန့်ကွက်ချက်အချို့နဲ့ လွတ်လပ်မှုအဓိကဝါဒီတွေရဲ့ တုန့်ပြန်ချက်တွေကို တင်ပြလိုပါတယ်။ ပထမ ကန့်ကွက်ချက်ကတော့ အခွန်ကောက်ခံခြင်းဆိုတာ အတင်းအကြပ် အလုပ်စေခိုင်းခြင်းလောက် မဆိုးဘူးဆိုတဲ့ အချက်ပါ။ တကယ်လို့ အခွန်ကောက်ခံရတာကို မကျေနပ်ရင် လူတယောက်အနေနဲ့ အခွန်လျှော့ပေးရအောင် အလုပ်ကို လျော့လုပ်ဖို့ရွေးချယ်နိုင်ပြီး၊ အတင်းအကြပ် အလုပ်စေခိုင်းခံရသူ အဖို့တော့ ရွေးချယ်စရာမရှိဘူးလို့ဆိုပါတယ်။ လွတ်လပ်မှုအဓိကဝါဒီတွေရဲ့ တုန့်ပြန်ချက်ကတော့ လူတယောက်က အစိုးရကကောက်ခံတဲ့ အခွန်မပေးချင်လို့ အလုပ်ကိုလျှော့လုပ်တယ် ဆိုကတဲက သူ့ရဲ့လွတ်လပ်ပိုင်ခွင့်ကို အစိုးရအနေနဲ့ဝင်ရောက်စွက်ဖက်ခြင်းပါဘဲလို့ ဆိုပါတယ်။

ဒုတိယကန့်ကွက်ချက်ကတော့ ချမ်းသာတဲ့သူတွေနဲ့စာရင် ဆင်းရဲတဲ့သူတွေက ပိုက်ဆံပိုလိုအပ်တယ်၊ ဒါကြောင့် အခွန်ကောက်ခံတာ တရားမျှတတယ်ဆိုတဲ့ အချက်ပါ။ လွတ်လပ်မှုအဓိကဝါဒီတွေ တုန့်ပြန်တာကတော့ ဆင်းရဲတဲ့သူတွေက ပိုက်ဆံပိုလိုအပ်တယ်ဆိုတာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအချက်ကို ချမ်းသာသူတွေ သူ့တို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ဆင်းရဲတဲ့သူတွေကို ထောက်ပံ့ချင်အောင် ဆွဲဆောင်တဲ့ အကြောင်းပြချက်အဖြစ်ဘဲ သုံးသင့်ပြီး ချမ်းသာတဲ့သူတွေဆီက အတင်းအကြပ် အခွန်ကောက်ခံတာကို တရားမျှတကြောင်းပြဖို့ မသုံးသင့်ဘူးလို့ ဆိုပါတယ်။ ချမ်းသာကြွယ်ဝသူတွေဆီက သူတို့ဆန္ဒမပါဘဲ အတင်းအကြပ်ယူပြီး ဆင်းရဲနွမ်းပါးသူတွေကို ခွဲဝေပေးခြင်းဟာ သူခိုးကြီး ငတက်ပြား လုပ်တာဘဲဖြစ်ဖြစ်၊ အစိုးရတရပ်က လုပ်တာဘဲဖြစ်ဖြစ် အဒိန္နာဒါနကံ ကျူးလွန်ခြင်းဘဲလို့ လွတ်လပ်မှုအဓိကဝါဒီတွေက တုန့်ပြန်ပါတယ်။ သူတို့ပေးတဲ့ ဥပမာကတော့ ကျောက်ကပ်အစားထိုးဖို့လိုအပ်တဲ့ ဝေဒနာရှင်တဦးအနေနဲ့ ကျန်းမာတဲ့သူတယောက်ရဲ့ ကျောက်ကပ်နှစ်လုံးထဲကတလုံးကို လိုအပ်တာမှန်ပေမယ့် ဒီဝေဒနာရှင်မှာ ကျန်းမာတဲ့သူရဲ့ ကျောက်ကပ်ကို ရပိုင်ခွင့်ရှိတယ်လို့ မဆိုလိုနိုင်သလို အစိုးရအနေနဲ့လည်း မည်မျှအရေးကြီးသည်ဖြစ်စေ လူနာကို ကုသဖို့ ကျန်းမာတဲ့သူရဲ့ ကျောက်ကပ်ကို အတင်းအကြပ်ထုတ်ယူခွင့် မရှိဘူးလို့ဆိုပါတယ်။ လိုအပ်ချက်ကို အကြောင်းပြပြီး လူတယောက်ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကို လွတ်လပ်စွာ စီမံခန့်ခွဲမှုပိုင်ခွင့်ကို မထိပါးနိုင်ဘူးလို့ လွတ်လပ်မှုအဓိကဝါဒီတွေက အကြောင်းပြပါတယ်။

တတိယကန့်ကွက်ချက်ကတော့ လူတစ်ဦးလုပ်ငန်းအောင်မြင်ပြီး ကြွယ်ဝချမ်းသာတာ သူတယောက်ထဲရဲ့ စွမ်းဆောင်မှုကြောင့် မဟုတ်ဘူး၊ ဒါကြောင့် ချမ်းသာတဲ့သူတွေအနေနဲ့ သူ့ရဲ့အောင်မြင်မှု အတွက် ပံ့ပိုးပေးတဲ့သူတွေကို ပြန်လည်ပေးဆပ်သင့်တယ်ဆိုတဲ့ အချက်ပါ။   ချမ်းသာတဲ့သူတွေရဲ့ အောင်မြင်မှုဟာ တခြားသူတွေပေါ်မှာလဲ မူတည်နေတယ်ဆိုတာကို လွတ်လပ်မှုအဓိကဝါဒီတွေက လက်ခံပါတယ်။ ဥပမာ ဒေးဗစ်ဘက်ဟမ် တစ်ယောက်ထဲ ဘောလုံးကန်နေတာကို ကြည့်ဖို့တော့ လူတွေက တနှစ်ကို  ဒေါ်လာ ၂၇ သန်းပေးကြမှာ မဟုတ်ပါဘူး။ တခြား ကစားဖက်တွေ၊ နည်းပြတွေ၊ အသင်းအုပ်ချုပ်သူတွေ၊ ဒိုင်လူကြီးတွေ၊ ရုပ်မြင်သံကြား ထုတ်လွင့်သူတွေ အစရှိတဲ့ သက်ဆိုင်သူတွေမပါဘဲ  ဒေးဗစ်ဘက်ဟမ်အနေနဲ့ ဒီလိုချမ်းသာကြွယ်ဝလာမှာ မဟုတ်ပါဘူး။ဒါပေမယ့်  လွတ်လပ်မှုအဓိကဝါဒီတွေက တုန့်ပြန်တာကတော့ ဒီလိုအထောက်အပံ့ပေးတဲ့ သက်ဆိုင်သူတွေအနေနဲ့လည်း သူတို့ရဲ့ ပံ့ပိုးပေးမှုတွေအတွက် ထိုက်သင့်တဲ့ ငွေကြေးရပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

စတုတ္ထကန့်ကွက်ချက်ကတော့ ချမ်းသာတဲ့သူတွေကို သူတို့ရဲ့ ဆန္ဒမပါဘဲ အစိုးရက အခွန်ကောက်တာ မဟုတ်ဘူး၊ ဒီမိုကရေစီစံနစ်အောက်က ပြည်သူတွေဖြစ်တဲ့ ချမ်းသာသူတွေအနေနဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေတွေကို ပြဌါန်းတဲ့နေရာမှာ သူတို့ရဲ့ ဆန္ဒသဘောထားတွေ ပါဝင်ပြီးဖြစ်တယ် ဆိုတဲ့အချက်ပါ။  လွတ်လပ်မှုအဓိကဝါဒီတွေက တုန့်ပြန်တာကတော့ ဒီမိုကရေစီအရ အများသဘောတူထားတဲ့ ဥပဒေတွေအရ အခွန်ကောက်ခံတယ်လို့ ဆိုရုံနဲ့ မပြည့်စုံဘူးလို့ ဆိုပါတယ်။ တကယ်လို့ ချမ်းသာသူအနည်းစုက ကန့်ကွက်တယ်ဆိုအုံးတော့ အများစုရဲ့ ဆန္ဒအရ  ဒီဥပဒေတွေ အတည်ဖြစ်လာမှာဘဲလို့ တုန့်ပြန်ပါတယ်။

အထက်ပါကန့်ကွက်ချက်တိုင်းကို လွတ်လပ်မှုအဓိကဝါဒီတွေက တုန့်ပြန်ချေပနိုင်ပေမယ့် နောက်ကန့်ကွက်ချက်ကတော့ အလွယ်တကူ တုန့်ပြန်ဖို့ ခဲယဉ်းပါတယ်။ အဲဒီကန့်ကွက်ချက်ကတော့ လူတဦးချမ်းသာကြွယ်ဝလာတာဟာ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုသာမက၊ ကံကောင်းလို့လဲဖြစ်တယ်။ ဘယ်လောက်ကြိုးစားကြိုးစား ကံမကောင်းရင် ချမ်းသာလာမှာမဟုတ်ဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဥပမာ ဒေးဗစ်ဘက်ဟမ် ဘယ်လောက်ကြိုးစားကြိုးစား ခုလို ဘောလုံးအားကစား တကမ္ဘာလုံးကို ပြန့်နှံ့ပြီး ဘောလုံးသမားတွေ ဝင်ငွေကောင်းတဲ့ အချိန်အခါမျိုးမှာ လူလာဖြစ်ရတာကတော့ သူ့ရဲ့စွမ်းဆောင်မှုလို့ မဆိုနိုင်ဘူး။ ဒါကြောင့် သူရရှိတဲ့ ဝင်ငွေအားလုံးကို သူပိုင်လို့ လိပ်ပြာသန့်သန့် မပြောနိုင်ဘူးလို့ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူ့အဖွဲ့အစည်းအတွက် အခွန်ကောက်ခံခြင်းဟာ မတရားလုပ်တာ မဟုတ်ဘူးလို့ဆိုပါတယ်။  လွတ်လပ်မှုအဓိကဝါဒီတွေတုန့်ပြန်တာကတော့ ဒီလိုကန့်ကွက်ချက်ဟာ ဒေးဗစ်ဘက်ဟမ်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါရမီကို သူပိုင်ဟုတ်မဟုတ် မေးခွန်းထုတ်တာဖြစ်ပြီး ဒီလိုယူဆခြင်းဟာ အန္တရာယ်ကြီးတယ်လို့ ဆိုပါတယ်။ တကယ်လို့ သူ့ရဲ့ ပါရမီ၊ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အသီးအပွင့်တွေကို အပြည့်အဝ ခံစားပိုင်ခွင့်ဒေးဗစ်ဘက်ဟမ်မှာ မရှိဘူးဆိုရင်၊ ဒေးဗစ်ဘက်ဟမ်အနေနဲ့ သူ့ကိုယ်သူ  မပိုင်ဆိုင်ဘူးလို့ ဆိုရာရောက်ပါတယ်။ တကယ်လို့ ဒေးဗစ်ဘက်ဟမ်အနေနဲ့သူ့ကိုယ်သူ  မပိုင်ဆိုင်ဘူးဆိုရင်  ဘယ်သူပိုင်သလဲလို့ လွတ်လပ်မှုအဓိကဝါဒီတွေက မေးခွန်းထုတ်ပါတယ်။

လွတ်လပ်မှုအဓိကဝါဒီတွေရဲ့ အဓိကယုံကြည်ချက်ဖြစ်တယ့် လူတိုင်း မိမိကိုယ်မိမိပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတယ်ဆိုတဲ့အချက်ဟာ လူတဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်အခြေခံကို ရှာဖွေနေသူတွေအတွက် ကတော့ အလွန်အရေးကြီးတဲ့ အချက်ပါဘဲ။ လူတဦးချင်းဆီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ ဘုရားသခင်ထံက ဆင်းသက်လာတာမဟုတ်သလို၊ နိုင်ငံတော်ကဖန်ဆင်းတာလဲမဟုတ်။ လူတိုင်း မိမိကိုယ်မိမိ ပိုင်ဆိုင်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ဈေးကွက်ကတဆင့် မိမိရဲ့ ကျွမ်းကျင်မှု ကြိုးစားအားထုတ်မှုနဲ့ တရားမျှတစွာ သမာအာဇီဝကျကျ ရှာထားတဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ဘယ်သူကမှ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ မချိုးဖေါက်နိုင်ဘူးလို့ လွတ်လပ်မှုအဓိကဝါဒီတွေက ဆိုပါတယ်။

ဒါပေမယ့် အဆိုပါ လွတ်လပ်မှုအဓိကဝါဒ (libertarian) ဆိုတာ မြန်မာ့အလင်းသတင်းစာက ဘာသာပြန်သလို စိတ်ကြိုက်လွတ်လပ်စွာလုပ်နိုင်ခွင့်လို့တော့ မဆိုလိုနိုင်ပါဘူး။ ၂၀၁၃ ခုမေလ ၄  ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၇ မှာ ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က စိတ်ကြိုက်လွတ်လပ်စွာ လုပ်နိုင်ခွင့်ပုံစံ (libertarian model) ဟာ မြန်မာနိုင်ငံလို ဒီမိုကရေစီသက်တမ်းအားဖြင့် နုနယ်သေးတဲ့  မခိုင်မာသေးတဲ့ နိုင်ငံအတွက် ကိုက်ညီမှုရှိမရှိ မသေချာသေးဘူးလို့ဆိုပါတယ်။ တကယ်တမ်းတော့ libertarian ဝါဒ ဆိုတာ  သူတပါးအကျိုးမထိခိုက်ရင်၊ သူတပါးရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်ရင် လွတ်လပ်စွာ ပြောဆိုနေထိုင်ပြုမှုနိုင်တယ်၊ လွတ်လပ်စွာ ရွေးချယ်နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် စာရေးသူက libertarianism ကို လွတ်လပ်မှုအဓိကဝါဒလို့ ပြန်ဆိုခြင်းဖြစ်ပါတယ်။ အခြားသူတွေကို မထိခိုက်သရွေ့ မိမိပိုင်ဆိုင်တဲ့ မိမိရဲ့ ရုပ်ခန္ဓာကိုယ်၊ မိမိရဲ့ အသက်ရှင်သန်မှုနဲ့ မိမိရဲ့ဖြစ်တည်မှုကို မိမိစိတ်တိုင်းကျ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှုရှိပါတယ်။ ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကျင့်သုံးရာမှာ တခြားသူတွေရဲ့ လွတ်လပ်ပိုင်ခွင့်ကိုလည်း လေးစားရမယ်လို့ လွတ်လပ်မှုအဓိကဝါဒီတွေက ဆိုပါတယ်။

ဒီဆောင်းပါးအပါအဝင် ပြီးခဲ့တဲ့ဆောင်းပါး (၂)ပုဒ်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခြေခံ သီအိုရီ (၃)ရပ်ကို တင်ပြခဲ့ပါတယ်။ ဒီသီအိုရီတွေကို အခြေခံထားတဲ့ ဆင့်ပွားသီအိုရီတွေလဲ အများကြီးရှိပါတယ်။ ဒီဆောင်းပါးတွေရဲ့အစမှာဆိုခဲ့တဲ့အတိုင်း ဒီသီအိုရီတွေကို တင်ပြဆွေးနွေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ တရားမျှတမှုရဲ့ အခြေခံအချက်တွေကို တွေးတောဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ ကျွန်တော်လုပ်ကိုင်နေတဲ့ လယ်ကွက်ကို နိုင်ငံတော်စီမံကိန်းအတွက် သိမ်းယူခံလိုက်ရရင် လျော်ကြေးကို ဘယ်လိုသတ်မှတ်သင့်ပါသလဲ။ တကယ်တော့ လျော်ကြေး မသတ်မှတ်ခင် ဒီလယ်ကွက်ကို ပိုင်ဆိုင်ခွင့် ဘယ်သူ့မှာ ရှိတယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။ ဂျွန်လော့(ခ)ရဲ့ သီအိုရီအရ ဒီလယ်ကွက်ဟာ ဘုရားသခင်ရဲ့ဖန်ဆင်းမှုနဲ့ ကျွန်တော့ရဲ့ လုပ်အားပေါင်းစပ်ထားတဲ့အတွက် ကျွန်တော်ပိုင်ပါတယ်။ ဂျရမီဘင်သမ်(မ)ရဲ့ သီအိုရီအရတော့ပုဂ္ဂလိက ပိုင်ဆိုင်မှုကို နိုင်ငံတော်က ဖန်တီးတာဖြစ်တဲ့အတွက် နိုင်ငံတော်က ကျွန်တော်ရဲ့ပိုင်ဆိုင်မှုကို အသိအမှတ်မပြုရင် ကျွန်တော်မပိုင်ပါဘူး။  ပါမောက္ခ ရောဘတ်နိုဇစ်(က)တို့လို လွတ်လပ်မှုအဓိကဝါဒီ (libertarian)တွေ အဆိုအရကတော့ ဒီလယ်ကွက်ကို လွတ်လပ်တဲ့ဈေးကွက်ကတဆင့် တရားမျှတစွာ ရယူပိုင်ဆိုင်ထားတာဆိုရင် ကျွန်တော့်ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်ပါတယ်။  ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ပြီးမှ ဈေးနှုံးကို သတ်မှတ်လို့ရမှာဖြစ်ပါတယ်။ နောက်ဆောင်းပါးတွေမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ဈေးကွက်မှာ ရောင်းဝယ်ဖေါက်ကားရာမှာ တရားမျှတမှုရှိဘို့ ဘယ်လိုဈေးနှုံးသတ်မှတ်သင့်တယ်ဆိုတဲ့ အချက်နဲ့ ပါတ်သက်တဲ့ သီအိုရီတွေကို တင်ပြပါမယ်။

Image credit:
Justice
http://commons.wikimedia.org/wiki/File%3AEdward_Onslow_Ford_-_Justice.jpg
By Edward Onslow Ford [Public domain], via Wikimedia Commons

ရည်ညွှန်းကိုးကား။

  • Adelstein, R. (2013) Property and Liability: An Introduction to Law and Economics, Online lecture at Coursea.
  • Sandel, M. J. (2010). Justice: What's the right thing to do?. New York: Farrar, Straus and Giroux.


Creative Commons License
ပုဂ္ဂလိကပိုင်ဆိုင်မှု၊ လွတ်လပ်ခွင့်၊ ဈေးကွက်စံနစ် နှင့် အစိုးရ၏ အခန်းကဏ္ဍ (Private Property, Liberty, Market Mechanism and the Role of Government) by  မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

No comments:

Post a comment