Saturday, 1 June 2013

လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေနဲ့ ဆရာဇော်ဂျီရဲ့ ကဗျာ (၂)ပုဒ်

သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်နိုင်ငံခရီးစဉ်၊ အခု (၂၀၁၃) ဇွန်လဆန်းမှာ မြန်မာနိုင်ငံမှာ ပထမဆုံးကျဉ်းပမယ့် ကမ္ဘာ့စီးပွားရေးရာ ဆွေးနွေးပွဲ (World Economic Forum)တွေနဲ့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံအကြောင်းဟာ ကမ္ဘာ့စာနယ်ဇင်းတွေပေါ်မှာ ပြန်လည် ရေပန်းစားလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပါတ်ထုတ် ဘောဂဗေဒပညာရှင်စာစောင် (The Economist)မှာ မြန်မာနိုင်ငံအကြောင်းကို အထူးအစီအရင်ခံစာ အနေနဲ့ ဆောင်းပါး (၆)ပုဒ်အပြင် အပါတ်စဉ် ကမ္ဘာအရပ်ရပ်က အထူးသတင်းတွေကိုဖေါ်ပြတဲ့ ခေါင်းဆောင်များ (Leaders) ကဏ္ဍမှာ သမ္မတ ဦးသိန်းစိန်နဲ့ အိုဘားမားလက်ထက် ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံဆက်ဆံရေးကို သုံးသပ်တင်ပြထားပါတယ်။ 

ဒီဆောင်းပါးတွေ အားလုံးလိုလိုမှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ မြန်ဆန်မှု၊ ၂၀၁၀ နှစ်ဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံပွဲရဲ့ အရေးပါမှု၊ မြန်မာ စစ်ခေါင်းဆောင်ဟောင်းများအနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်လိုစိတ်၊ သမ္မတဦးသိန်းစိန်နဲ့ စစ်ခေါင်းဆောင်ဟောင်းများစတင်ခဲ့တဲ့ ခေါင်မှစတဲ့ ပြုပြင်ပြောင်းလဲရေး (Top down transformation)၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့အလားအလာ၊ လူဦးရေ ၆၄ သန်းရှိတဲ့စျေးကွက်နဲ့ သယံဇာတပေါကြွယ်ဝမှု၊ အရှေ့တောင်အာရှပထဝီနိုင်ငံရေးမှာ မြန်မာနိုင်ငံရဲ့အရေးပါမှု၊ ပွင့်လင်းလာတဲ့မြန်မာနိုင်ငံမှာ ဆောင်ရွက်ဖို့တာစူနေတဲ့ သီလဝါစက်မှုဇုံ၊ ထားဝယ်စက်မှုဇုံ စတဲ့ စီမံကိန်းတွေအောင်မြင်လာရင် အရှေ့တောင်အာရှ ဒေသသာမက ကမ္ဘာ့စီးပွားရေးမှာ တနေ့တခြားအရေးပါလာတဲ့ အာရှတိုက်တတိုက်လုံးပါ အသွင်ပြောင်းလဲသွားနိုင်တဲ့ အကြောင်းတွေကို တင်ပြထားတာကို ဖတ်ရှုရပါတယ်။ ဒီလို အားကျစရာ၊ စိတ်တက်ကြွစရာ သုံးသပ်ချက်တွေအပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံဆိုင်ရာလိုအပ်ချက်တွေ မပြည့်စုံမှု၊ ခုတလော ကြားနေရတဲ့ လူမျိုးရေး၊ ဘာသာရေးဋိပက္ခတွေစတဲ့ ကြုံတွေ့ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုလည်း သုံးသပ်ထားပါတယ်။ ကျွန်တော့် အမြင်ကိုပြောရရင် မြန်မာနိုင်ငံက စာအုပ်ဆိုင်တွေမှာ ၁၉၅၀ နှစ်များဆီက ထုတ်ဝေခဲ့တဲ့ တက္ကသိုလ်သုံးပြဌါန်းစာအုပ်တွေကို ရောင်းနေဆဲပဲဆိုတဲ့ အချက်ကလွဲရင် ကျန်တာတွေကတော့ လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ အလားအလာကို နိုင်ငံခြားသားပညာရှင်တွေသုံးသပ်နေကြ၊ ရေးသားနေကြဆောင်းပါးတွေထဲက အချက်တွေဘဲဖြစ်ပြီး ဘာမှထူးထူးခြားခြား သိပ်မပါပါဘူး။

ဒါပေမယ့် မေလ (၃၀)ရက်နေ့ထုတ် နိုင်ငံခြားရေးရာပေါ်လစီ (Foreign Policy) စာစောင်မှာ ဖေါ်ပြထားတဲ့ မြန်မာ့ခေတ်ရောက်ပြီလား (Myanmar's Moment?) ဆိုတဲ့ ဆောင်းပါးမှာ သုံးသပ်တင်ပြထားချက်တွေကတော့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဒီနေရာကနေ မျှဝေချင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေကို သုံးသပ်ထားတဲ့ ဒီဆောင်းပါးပါ အချက်အလက်တွေဟာ ကျွန်တော်တို့ သိတန်သလောက်၊ သိထားပြီးသားအချက်တွေဖြစ်တဲ့ အတွက် သိပ်ထူးဆန်းတဲ့အချက်တွေလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် တင်ပြထားတဲ့ပုံစံက ကျွန်တော်တို့တတွေ ဘယ်လောက်တောင် ကြိုးစားဖို့လိုသေးတယ်ဆိုတာကို တပ်လှန့်ပေးလိုက်သလိုခံစားရပါတယ်။

ဒီနိုင်ငံခြားရေးရာပေါ်လစီ (Foreign Policy)မဂ္ဂဇင်းက ဆောင်းပါးမှာ ဆောင်းပါးရှင်က မြန်မာနိုင်ငံကလက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ၊ အခွင့်အလမ်းတွေနဲ့ပါတ်သက်ပြီး ပြင်ပလောကမှာ စိတ်လှုပ်ရှားနေကြတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအနေအထားနဲ့ အလှမ်းကွာနေတယ် လို့ဆိုပါတယ်။ သူတင်ပြထားတာကတော့ ၁၉၀၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် တိုးတက်မှုနှုံးဟာ တနှစ်ကို ၁.၆ ရာခိုင်နှုံးထက်မပိုဘူးလို့ ဆိုပါတယ်။ ဒီတိုးတက်နှုံးဟာ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပျမ်းမျှ စီးပွားရေးတိုးတက်မှုနှုံးရဲ့ တဝက်ဘဲရှိတယ်လို့ ဆိုပါတယ်။ ပိုပြီးစိုးရိမ်စရာ ကောင်းတဲ့အချက်ကတော့ တနှစ်ကို ထုတ်ကုန် ၁.၆ ရာခိုင်နှုံးတိုးတက်သလို၊ လူဦးရေကလည်း တိုးလာတဲ့အတွက် လူတဦးကျဝင်ငွေနဲ့တွက်မယ်ဆိုရင် အဆိုပါ နှစ် ၉၀ ကာလအတွင်းမှာ တိုးတက်မှု လုံးဝ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီကာလအတောအတွင်းမှာ တကမ္ဘာလုံးရဲ့ တဦးကျဝင်ငွေဟာ လေးဆ (၄၀၀ ရာခိုုင်နှုံး)တိုးတက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအတွက် ဒီနေ့ ကျွန်တော်တို မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်ဟာ အာရှတိုက်တတိုက်လုံး ထုတ်ကုန်ရဲ့ ၁၀၀၀ ပုံ ၂ ပုံ (၀.၂ ရာခိုင်နှုံး)ဘဲ ရှိတယ်လိုဆောင်းပါးရှင်က ပြောပါတယ်။ ဒီပမာဏဟာ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်က လူဦးရေ (၅) သိန်းကျော်ကျော်ရှိတဲ့ ဖရီ(စ)နို (Fresno)ဆိုတဲ့ မြို့ရဲ့ စီးပွားရေးထုတ်ကုန် ပမာဏနဲ့ တူညီတယ်လို့ နှိုင်းယှဉ်ပြပါသေးတယ်။ မြန်မာနိုင်ငံ လူဦးရေ ရဲ့ (၄)ရာခိုင်နှုံး (၂.၅ သန်း)ဘဲ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းမဟုတ်တဲ့ ရေခဲသေတ္တာ၊ မော်တော်ကား၊ စတဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့ ဝင်ငွေရှိတယ်လို့ဆိုပါတယ် တကမ္ဘာလုံးပျမ်းမျှကတော့ ၃၅ ရာခိုင်နှုံးဖြစ်ပါတယ်။ 

တခြားအာရှတိုက် နိုင်ငံတွေနဲ့မတူတဲ့ နောက်အချက်တချက်ကတော့  လယ်ယာစိုက်ပျိုးရေးကဏ္ဍရဲ့ အရေးပါမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လျော့ကျမသွားဘဲ၊ စိုက်ပျိုးရေးအပေါ်မှာ ပိုပြီးမှီခိုလာရတဲ့ အချက်ပါဘဲ။ မြန်မာနိုင်ငံရဲ့ စုစုပေါင်းတိုင်းပြည် ထုတ်ကုန်မှာ လယ်ယာစိုုက်ပျိုးရေးကဏ္ဍရဲ့ အရေးပါမှုဟာ ၁၉၆၅ ခုနှစ်မှာ(၃၅)ရာခိုင်နှုံးဘဲရှိရာကနေ ၂၀၁၀ ခုနှစ်မှာ (၄၄) ရာခိုင်နှုံးထိ တိုးတက်လာတယ်လို့ဆိုပါတယ်။ ဒီကာလအတွင်းမှာ အခြား အာရှနိုင်ငံတွေရဲ့ လယ်ယာကဏ္ဍအပေါ်မှီခိုမှုဟာ သိသိသာသာ လျော့ကျသွားပြီး ပျမ်းမျှ (၁၂) ရာခိုင်နှုံးဘဲရှိတော့တယ်လို့ဆိုပါတယ်။ တခြား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အညွှန်းကိန်းတွေကို ကြည့်မယ်ဆိုရင်လည်း အားရစရာ မကောင်းပါဘူး။ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ရဲ့ ခန့်မှန်းချက်အရ ပျမ်းမျှမြန်မာနိုင်ငံသားတယောက်အနေနဲ့ စာသင်ကျောင်းတက်ခဲ့တဲ့နှစ် (၄)နှစ်  (four years of schooling) ဘဲ ရှိတယ်လို့ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတယောက်ရဲ့ ပျမ်းမျှပညာအရည်အချင်းဟာ လေးတန်းအောင်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတယောက်ဟာ (၄)နှစ်ကျောင်းတက်ပြီး ဒုတိယတန်းနဲ့ ကျောင်းထွက်ခဲ့ရတာလည်း ရှိနိုင်ပါတယ်။ ဒီလို ပညာရေးစံနစ်နိမ့်ကျတဲ့အတွက် မြန်မာနိုင်ငံက လုပ်သားထုရဲ့ ကုန်ထုတ်စွမ်းအား (Labour Productivity)ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် (၃၀) ရာခိုင်နှုံးဘဲ ရှိတယ်လို့ဆိုပါတယ်။ တနည်းအားဖြင့် သူများနိုင်ငံမှာ အလုပ်သမား တစ်ယောက် လုပ်ရတဲ့အလုပ်ကို ကျွန်တော်တို့နိုင်ငံက အလုပ်သမား (၃) ယောက်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံ ဘယ်လောက်တောင် နောက်ကျကျန်ရစ်ခဲ့ပြီ၊ ကျွန်တော်တို့တတွေ ဘယ်လောက်တောင် ကြိုးစားဖို့လိုသေးတယ် ဆိုတာ အလွန်ထင်ရှားပါတယ်။

ဒီဆောင်းပါးမှာဘဲ ဆောင်းပါးရှင်က အခြားမြန်မာနိုင်ငံအကြောင်းဆောင်းပါးတွေလို မြန်မာနိုင်ငံ အလားအလာကောင်းတဲ့အကြောင်း ဆက်ရေးထားပါတယ်။ ကျွန်တော်ကို အဆိုးမြင်သူလို့ထင်ရင်ထင်ပါ။ ဒါပေမယ့် ဒီအလားအလာကောင်းတွေဟာ ပဒေသာပင်ကြီးမြေကပေါက်လာသလို ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော် အမြဲတမ်းယုုံကြည်ထားတဲ့ အချက်ကတော့ ကျွန်တော်တို့ နိုင်ငံသားတွေ တဦးခြင်း တယောက်ခြင်း ကြိုးစားအားထုတ်မှုမရှိရင်၊ ကြိုးစားချင်ပါရက်နဲ့ ကြိုးစားအားထုတ်နိုင်ဖို့ အခြအနေ အခွင့်အလမ်းမရှိရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွ ဘယ်လောက်ဝင်ဝင်၊ ပြည်ပအကူအညီတွေ ဘယ်လောက်ရရ၊ တိုးတက်ဖွံ့ဖြိုးလာမှာမဟုတ်ပါဘူး။ တကယ်တမ်း ကမ္ဘာပေါ်မှာ ကြည့်ရင်လဲ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ (Developing countries) ကနေ ဖွံ့ဖြိုးပြီးနိုင်ငံ (Developed countries)အဖြစ်အသွင်ပြောင်းသွားတာ၊ ပြည်ပအကူအညီအထောက်အပံ့ကြောင့် ဆင်းရဲမွဲတေမှုတွေပပျောက်သွားတဲ့နိုင်ငံရယ်လို့ မရှိသေးပါဘူး။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် တဟုန်ထိုးတိုးတက်လာတယ်ဆိုတဲ့ ကျွန်တော်တို့ အာရှက တရုတ်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေလည်း အခုတော့ ဝင်ငွေအလယ်အလတ်ထောင်ချောက် (Middle Income Trap)လို့ခေါ်တဲ့ တဦးကျ ဝင်ငွေအလယ်အလတ်အဆင့်နိုင်ငံ (Middle Income countries)ကနေ ဝင်ငွေမြင့်နိုင်ငံ (High Income countries)အဖြစ် ကူးပြောင်းဖို့ရာမှာ မလွယ်ကူတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ထို့အတူ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ နိုင်ငံခြားအကူအညီတွေ ပုံအောရရှိခဲ့ပေမယ့် ဆင်းရဲမွဲတေမြဲဖြစ်တဲ့ အာဖရိကတိုက်ကနိုင်ငံတွေရဲ့  ဥပမာအရ ဆင်းရဲမွဲတေမှုတွေ ပပျောက်အောင်ကြိုးပမ်းရာမှာ နိုင်ငံခြား အကူအညီ အထောက်အပံ့တွေရဲ့ အရေးပါမှုကို မေးခွန်းထုတ်လာကြပါတယ်။

ဒါကြောင့် နိုင်ငံသားတဦးချင်းတယောက်ချင်းစီက မိမိကိုယ်မိမိ တိုးတက်အောင်၊ တခြားနိုင်ငံက လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်း တခုချင်းစီက ကိုယ်လုပ်ငန်းကို အစဉ်အမြဲတိုးတက်နေအောင်၊ တခြားနိုင်ငံက လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ကြိုးပမ်းနိုင်မှ၊ ကြိုးပမ်းနေမှ၊ ကြိုးပမ်းနိုင်ဖို့၊ ကြိုးပမ်းနေဖို့ အခွင့်အလမ်းတွေကိုလည်း နိုင်ငံတော်က ဖန်တီးပေးနိုင်မှ လက်ရှိ စီးပွားရေး၊ နိုင်ငံရေး ပွင့်လင်းလာမှုက ပေးလာတဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတဲ့ အချက်တချက်ကတော့ အဆိုပါ နိုင်ငံခြားရေးရာမူဝါဒ ဆောင်းပါးမှာ တင်ပြထားတဲ့ စာရင်းဇယား အချက်အလက်တွေရဲ့ ခိုင်လုံမှုပါ။ စာရင်းအင်းပညာကို သင်ကြားပိုု့ချနေတဲ့သူတယောက်အနေနဲ့၊ ကမ္ဘာ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကို အသုံးပြုပြီး သုတေသနလုပ်နေတဲ့သူတယောက်အနေနဲ့ စာရင်းအင်းအချက်အလက်တွေရဲ့ ခိုင်လုံမှု၊ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေက စာရင်းအင်းအချက်အလက်တွေ ရယူနိုင်ဖို့ ခဲယဉ်းမှု တွေကို သဘောပေါက်တဲ့အတွက် ဒီအချက်အလက်တွေကို လုံးဝအမှန်တရားတွေလို့ မယူဆပါဘူး။ ဒါပေမယ့် ဒီကာလအတောအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှင်သန်နေထိုင်သွားခဲ့တဲ့ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ (၁၉၀၇ - ၁၉၉၀) ရဲ့ "တိုံတိုင်းပြည်" ကဗျာအရဆိုရင်တော့ ဒီအချက်တွေဟာ မှန်ကန်ဖိုံများပြီး၊ ယနေ့တိုင် မှန်ကန်ဆဲလိုတောင် ဆိုနိုင်ပါတယ်။ ဒီကဗျာဟာ ကျွန်တော်တို့ ကျောင်းနေစဉ်က အထက်တန်းမှာ ကျောင်းသုံးအဖြစ်ပြဌါန်းခဲ့တဲ့ ပင်ရင်းမြန်မာကဗျာများထဲမှာ အကြိုက်ဆုံး ဆရာဇော်ဂျီ့ ကဗျာ (၂)ပုဒ်ထဲက တပုဒ်ဖြစ်ပြီး အခုအချိန်ထိ ပြန်ဖတ်တိုင်း မချိတင်ကဲနဲ့ မျက်ရည်ဝဲရတဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာကို မဖတ်ဘူးတဲ့ လူငယ်တွေလည်း အလွယ်တကူ ဖတ်ရအောင်၊ ဖတ်ဖူးတဲ့သူတွေလည်း ပြန်လည်ခံစားရအောင် ကူးယူဖေါ်ပြလိုက်ပါတယ်။

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။

ဇော်ဂျီ (၁၉၃၅ ခုနှစ် သြဂုတ်လ ကြီးပွားရေးမဂ္ဂဇင်း၊ အတွဲ (၃) အမှတ် (၁၁))

မစိုးရိမ်ဆရာတော် နှင့် စာရေးသူ (လန်ဒန်၊ ၀၈၊ ၀၇၊ ၂၀၀၉ )

ဒီကဗျာအပါအဝင် ဆရာဇော်ဂျီရဲ့ ကဗျာတွေကို ၁၉၈၈ နောက်ပိုင်းမှာ ကျောင်းသုံးအဖြစ်ပြဌါန်းရာကနေ ပယ်ဖျက်ခဲ့တယ်လို့ထင်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဆရာဇော်ဂျီရဲ့ ကျော်ကြားတဲ့ အခြားကဗျာတပုဒ်ဖြစ်တဲ့ "သင်သေသွားသော်" ကဗျာကိုတော့ ကျောင်းသုံးအဖြစ်ပြန်လည် ပြဌါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီသင်သေသွားသော် ကဗျာကလည်း ကျွန်တော့ရဲ့ အကြိုက်ဆုံးကဗျာတပုဒ်ဖြစ်ပြီး ယခု ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မန္တလေး မစိုးရိမ်ဆရာတော်ဘုရားကြီး ၂၀၀၉ ခုနှစ်က လန်ဒန်ကို ကြွလာတုန်း အိမ်မှာ ဆွမ်းဖိတ်ကျွေးစဥ်က သြဝါဒပေးရာမှာ ရွတ်ဆိုပြခဲ့တဲ့ ကဗျာလည်းဖြစ်ပါတယ်။ ဒီကဗျာကိုလည်း စာဖတ်သူတွေ တလက်စတည်း ပြန်လည်ဖတ်ရှုခံစားနိုင်အောင်၊ စိတ်ဓါတ်ခွန်အားတွေ တိုးပွားလာအောင် ကူးယူဖေါ်ပြ လိုက်ပါတယ်။

သင်သေသွားသော်

သြော်.. လူ့ပြည်လောက၊ လူ့ဘဝကား၊
အိုရနာရ၊ သေရဦးမည်၊
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်၏အမျိုးသား၊ စာစကားလည်း၊
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊ အမျှဝေရာ၊
စေတီသာနှင့်၊ သစ္စာအရောင်၊
ဉာဏ်တန်ဆောင်လည်း၊
ပြောင်လျက် ဝင်းလျက်၊ ကျန်စေသတည်း။
ဇော်ဂျီ


မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သြဝါဒ တရား ဗီဒီယို

ဒီကဗျာ (၂) ပုဒ်နဲ့ ဆရာကြီးဇော်ဂျီ မှာကြားတဲ့အတိုင်း၊ ကျွန်တော်တို့ အားလုံး တစိတ်တဝမ်းတည်း၊ ထကြွလုံ့လရှိရှိ၊ လက်ရုံးများမြာင်၊ ဉာဏ်များမြောင်နဲ့ ကြိုးစားစွမ်းဆောင်ကြမယ်ဆိုရင် ကျွန်တော်တို့ မွေးဖွားရာမြေ အခြေတိုးမြင့်လာမှာ မလွဲဧကန်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆောင်းပါးတွေမှာတော့ စီးပွားရေးလုပ်ငန်းတွေ စတင်ရာမှာ အရေးကြီးတဲ့ စွန့်ဦးတီထွင် စိတ်ဓါတ်အကြောင်းကို တင်ပြဖို့ စိတ်ကူးထားပါတယ်။

ရည်ညွန်းကိုးကား။
  • Special Reports on Myanmar (The Economist, May 23, 2013)
  • Myanmar's moment? (By Heang Chhor and Richard Dobbs, Foreign Policy, May 30, 2013)
  • အထက်တန်း ပင်ရင်းမြန်မာကဗျာများ

Creative Commons License  
လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေနဲ့ ဆရာဇော်ဂျီရဲ့ ကဗျာ (၂)ပုဒ် by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

No comments:

Post a comment