Saturday, 4 May 2013

ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှု၊ လူထုအကျိုးစီးပွားနှင့် အစိုးရ၏ အခန်းကဏ္ဍ (Private Property, Public Interest and the Role of Government)

ယခင်အပါတ်က ဆောင်းပါးမှာ တင်ပြခဲ့တဲ့ ဂျွန်လော့(ခ)ရဲ့ အဆိုအရ အစိုးရတရပ်ဟာ ဘယ်လို အကြောင်းနဲ့မှ လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို မချိုးဖေါက်ရဘူး၊ မချိုးဖေါက်နိုင်ဘူးလို့ဆိုပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျွန်လော့(ခ)ရဲ့သီအိုရီနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့  အများပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အစိုးရကချိုးဖေါက်နိုင်တယ်၊ ချိုးဖေါက်သင့်တယ်လို့ဆိုတဲ့ အင်္ဂလိပ် တွေးခေါ်ပညာရှင်နောက်တဦးဖြစ်တဲ့ ဂျရမီဘင်သမ်(မ) (၁၇၄၈-၁၈၃၂)ရဲ့ သီအိုရီကို တင်ပြပါမယ်။ဂျွန်လော့(ခ)ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ ဘုရားသခင်က ဆင်းသက်လာတယ်ဆိုတဲ့ သီအိုရီနဲ့ လုံးလုံးဆန့်ကျင်တဲ့ သီအိုရီကတော့ ဂျရမီဘင်သမ်(မ) (Jeremy Bentham)ရဲ့ ပိုင်ဆိုင်မှုဟာ နိုင်ငံတော် (State) ထံမှ ဆင်းသက်လာတယ်ဆိုတဲ့ သီအိုရီပါ။  ဂျရမီဘင်သမ်(မ)က ဂျွန်လော့(ခ)ရဲ့ သဘာဝအရပိုင်ဆိုင်မှုနဲ့ လူမှုရေးသဘောတူညီချက် (Social Contract) ဆိုတဲ့ အယူအဆတွေဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ရေးသားခဲ့ပါတယ်။ ဂျရမီဘင်သမ်(မ)ရဲ့ အမြင်အရတော့ ဘုရားသခင်က ဘယ်သူ့ကိုမှ သဘာဝအရ ပိုင်ဆိုင်ခွင့်တွေ မပေးခဲ့ပါဘူး။ ဒါ့အပြင် ခေတ်မှီတဲ့ အတွေးအခေါ်ရှိသူတွေအနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတာအယူအဆဟာ လက်ခံနိုင်စရာမရှိတဲ့အပြင် ဒီအယူပေါ်မှာ အခြေခံပြီး ကျိုးကြောင်းဆီလျော်မှုရှိတဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ဖို့ မလွယ်ကူဘူးလို့ ဂျရမီဘင်သမ်(မ)က ငြင်းချက်ထုတ်ခဲ့ပါတယ်။ ၁၇၉၁ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလအတွင်းမှာ ထုတ်ဝေခဲ့တဲ့ ဂျရမီဘင်သမ်(မ)ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ နိုင်ငံတော်ဆိုင်ရာ သီအိုရီ (Theory of property and state)ဆိုတဲ့ စာအုပ်မှာ ဘုရားသခင်ရဲ့ အခန်းကဏ္ဍ မပါရှိပါဘူး။ ယေဘူယျအားဖြင့်ဆိုလျှင် သဘာဝတရားက ဒါမှမဟုတ် ဘုရားသခင်က လူတွေကို ရပိုင်ခွင့်တွေပေးခဲ့တယ်ဆိုတာကို ဂျရမီဘင်သမ်(မ)ရဲ့ သီအိုရီကလက်မခံပါဘူး။

Jeremy Bentham (1748-1832)
ဂျရမီဘင်သမ်(မ)ရဲ့ အဆိုအရ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ နိုင်ငံတော် (State) ထံက ဆင်းသက်လာတာ ဖြစ်ပါတယ်။ အချုပ်အချာပိုင်နိုင်ငံရဲ့ အသိအမှတ်ပြုမှု၊ ကာကွယ်ပေးမှု မပါဘဲနဲ့  မည်သူမျှ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အသုံးပြုပိုင်ခွင့်၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို တခြားသူတွေက ခွင့်ပြုချက်မရှိဘဲ အသုံးပြုတာကို ထိမ်းချုပ်ပိုင်ခွင့်တွေ ရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒီသီအိုရီအရ မည့်သည့် ပိုင်ဆိုင်ခွင့်ကိုအသိအမှတ်ပြုမယ်၊ မည့်သည့် ပိုင်ဆိုင်ခွင့်ကို ငြင်းပယ်မယ်ဆိုတာ နိုင်ငံတော်ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်တယ်လို့ဆိုပါတယ်။ 

အရင်ပေးခဲ့တဲ့ဥပမာအရဆိုရင်တော့ လယ်ကွက်ကို ကျွန်တော်ပိုင်ကြောင်းသက်သေခံ စာရွက်စာတမ်း အထောက်အထားတွေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုတဲ့ ဥပဒေတွေကို နိုင်ငံတော်ကဘဲ ပြဌါန်းနိုင်တာဖြစ်ပြီး၊ ကျွန်တော်ပိုင်တဲ့ လယ်ကွက်ကို တခြားသူတွေ မတရားလုမယူနိုင်အောင် နိုင်ငံတော်ကဘဲ အကာအကွယ်ပေးနိုင်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 

သူ့အဆိုအရ ပြည်သူတွေရဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုဆိုတာ နိုင်ငံတော်က သဘောတူ သတ်မှတ်ပြဌါန်းထားတဲ့ ရပိုင်ခွင့်တွေမျှသာ ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်ပိုင်ဆိုင်တဲ့ လယ်ကွက်ကို အဖွဲ့အစည်းတခုက သူ့ရဲ့အကျိုးစီးပွားအတွက် အသုံးပြုဖို့ သိမ်းပိုက်သွားတယ်ဆိုပါစို့။ တကယ်လို့ နိုင်ငံတော်က အဆိုပါ ကျွန်တော်ပိုင်ဆိုင်တဲ့ လယ်ကွက်ကို တခြားလူက မတရားသိမ်းပိုက်သွားတယ် ဆိုတဲ့အချက်ကို လက်ခံပြီး သိမ်းယူသူကို သူကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ဖမ်းဆီးအပြစ်ပေးအရေးယူမှု မလုပ်ခဲ့ရင် ကျွန်တော့်ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ ဘာမှတန်ဘိုး မရှိပါဘူး။ ကျွန်တော်က ကျွန်တော်ပိုင်ဆိုင်တဲ့လယ်ကွက်ကို သူတပါးက မတရား သိမ်းယူသွားတယ်လို့ ယုံကြည်ပေမယ့် နိုင်ငံတော်ရဲ့ ဥပဒေအရ လယ်ကွက်ကို ကျွန်တော်ပိုင်ဆိုင်ခွင့်မရှိဘဲ ယူသွားတဲ့သူမှာ အဲဒီလို ယူပိုင်ခွင့်ရှိတယ်လို့ ပြဆိုထားရင် နိုင်ငံတော်အနေနဲ့ လယ်ကွက်ကို သိမ်းယူသွားတဲ့သူကို အရေးယူမှုပြုမှာ မဟုတ်ပါဘူး။ အဲဒီအခြေအနေမျိုးမှာ ကျွန်တော်မှာ အဆိုပါ လယ်ကွက်ကို ပိုင်ဆိုင်ခွင့်ရှိခဲ့ တယ်လို့ ပြောဖို့တောင် ခက်ပါလိမ့်မယ်။ အထက်ပါ အခြေအနေမျိုးမှာ လူတစ်ဦးစီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ နိုင်ငံတော်ရဲ့ အသိအမှတ်ပြုမှုပေါ်မှာ မူတည်တယ်ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ပုဂ္ဂလိကပစ္စည်း ပိုင်ဆိုင်မှုကို နိုင်ငံတော်က ဖန်တီးတယ်လို့ ဂျရမီဘင်သမ်(မ)က ဆိုပါတယ်။ 

ဒါ့အပြင် ဂျရမီဘင်သမ်(မ)ကဆက်ပြောတာက ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို နိုင်ငံတော်က ရည်ရွယ်ချက်မဲ့ အလျဉ်းသင့်သလို ဖန်တီးခဲ့တာမဟုတ်သလို အုပ်စိုးသူ၊ ဥပဒေပြုသူတစုရဲ့ အလိုဆန္ဒပြည့်ဖို့ ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ တိကျတဲ့ရည်ရွယ်ချက်တခုနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို သတ်မှတ်တာလို့ ဆိုပါတယ်။ အဲဒီရည်ရွယ်ချက်ကတော့ ဂျရမီဘင်သမ်(မ)ရဲ့ကျော်ကြားတဲ့ အဆိုတရပ်ဖြစ်တဲ့ လူအများစုအတွက် အမြင့်ဆုံးကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေး (The greatest happiness for the greatest number) ဖြစ်ပါတယ်။ တကယ်တော့ ဂျရမီဘင်သမ်(မ)ဟာ utilitarianism လို့လူသိများတဲ့ အမြင့်ဆုံးကောင်းကျိုးချမ်းသာ အတွေးအခေါ်ကို အစပြုခဲ့သူဖြစ်ပါတယ်။ ဒီအတွေးအခေါ်အရဆိုရင် နိုင်ငံတော်အနေနဲ့ လူမှုရေး စီးပွားရေးဆိုင်ရာမူဝါဒတွေ၊ ဥပဒေတွေချမှတ်ရာမှာ လူသားအားလုံးရဲ့ ကောင်းကျိုးချမ်းသာကို အမြင့်ဆုံးရရှိဘို့ ဦးတည်ရမယ်လို့ဆိုပါတယ်။ ဒီလို မူဝါဒတွေချမှတ်ရာမှာ လူအနည်းစုအနေနဲ့တော့ နစ်နာမှုရှိကောင်း ရှိနိုင်ပါတယ်။ 

ဂျရမီဘင်သမ်(မ)ရဲ့ အဆိုအရ ချမ်းသာတဲ့လူတစ်ယောက်ဆီမှာရှိတဲ့ ငွေ တစ်ထောင်ကျပ်ကို ယူလိုက်ရင် ဒီငွေပမာဏဟာ ချမ်းသာသူတစ်ဦးရဲ့ ပျော်ရွင်ချမ်းမြေ့မှု အတွက် ဘာမှမပြောပလောက်ပါဘူး။ ဒီငွေတစ်ထောင်ကျပ်ကို အလွန်ဆင်းရဲတဲ့သူတယောက်ကို ပေးလိုက်ရင်တော့ ဒီငွေပမာဏဟာ ဆင်းရဲတဲ့သူရဲ့ပျော်ရွင်ချမ်းမြေ့မှုအတွက် အလွန်တာသွားအသုံးဝင်ပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ရယူသူခံစားရတဲ့ ပျော်ရွင်ချမ်းမြေ့မှုဟာ လှုဒါန်းပေးအပ်သူရဲ့ခံစားရတာထက် ပိုတဲ့အတွက် ချမ်းသာသူပိုင်တဲ့ ငွေတစ်ထောင်ကိုယူပြီး ဆင်းရဲတဲ့သူတစ်ယောက်ဆီကို လွှဲပြောင်းပေးလိုက်ခြင်းက အသားတင် လူမှုရေးပျော်ရွင်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။  ဒါကြောင့် အစိုးရအနေနဲ့ ချမ်းသာတဲ့သူတွေဆီက ပိုင်ဆိုင်မှုအချို့ကိုယူပြီး (ဆိုလိုတာက အခွန်ကောက်ခံပြီး) သင့်တော်တဲ့လူတွေထံကို လွှဲပြောင်းပေးဖို့ တာဝန်ရှိတယ်လို့ ဂျရမီဘင်သမ်(မ)က ဆိုပါတယ်။

ဂျွန်လော့(ခ)ရဲ့ သီအိုရီလိုဘဲ ဂျရမီဘင်သမ်(မ)သီအိုရီမှာ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုနဲ့ နိုင်ငံတော်အကြားဆက်နွယ်မှု၊ အဲဒီကမှတဆင့် လူတစ်ဦးချင်းစီနဲ့ နိုင်ငံတော်အကြား ဆက်ဆံရေးတွေအပေါ်မှာ  အရေးကြီးတဲ့ အကျိုးသက်ရောက်မှု (၃)ချက် ရှိပါတယ်။ ပထမအချက်ကတော့ နိုင်ငံတော်က မဖန်တီးခင်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာ မရှိပါဘူး။ ဆိုလိုတာကတော့ နိုင်ငံတော်က အသိအမှတ်မပြုရင် လူတစ်ဦးချင်းစီမှာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဆိုတာမရှိပါ။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေကို ဈေးကွက်မှာ အရောင်းအဝယ်လုပ် လွှဲပြောင်းခွင့် မရှိခင် အစကနဦးမှာ ပစ္စည်းတခုကို ဘယ်လိုလူတွေက ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာကို ဆုံးဖြတ်တဲ့ အဆုံးစွန်သော အာဏာဟာ နိုင်ငံတော်ရဲ့ လက်ထဲမှာသာရှိပါတယ်။ 

ဒုတိယအချက်ကတော့ နိုင်ငံတော်က ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေကို ခွဲဝေချထားရတဲ့အတွက် ဒီလိုခွဲဝေရာမှာ နိုင်ငံတော်အနေနဲ့ ဦးတည်ချက်တရပ်ရှိရမယ်လို့ ဆိုပါတယ်။ ဂျရမီဘင်သမ်(မ)အတွက်ကတော့ အဆိုပါ ဦးတည်ချက်ဟာ လူအများစုအတွက် အမြင့်ဆုံးကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေးဖြစ်ပါတယ်။ ဒီလို အများပြည်သူကောင်းကျိုးအတွက်ဆိုတဲ့ ဦးတည်ချက်ဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကအကျိုးစီးပွားတွေဖြစ်တဲ့  ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကိုတောင် လွှမ်းမိုးတယ်လို့ ဆိုပါတယ်။ ဂျရမီဘင်သမ်(မ)ရဲ့ သီအိုရီအရ နိုင်ငံတော်ဆိုတာ အများပြည်သူရဲ့သက်သာဖူလုံရေး (public welfare)ကို ဖြည့်ဆည်းပေးဖို့၊ လူမှုရေးကျေနပ်ပျော်ရွင်မှု (Social Happiness) တွေကို အမြင့်ဆုံးရအောင်စွမ်းဆောင်ပေးဖို့  ကိရိယာတန်ဆာပလာ တခုပါဘဲ။ 

တတိယအချက်ကတော့ ဒီလိုဦးတည်ချက်တွေ ပြည့်မြောက်ဖို့ဆိုရင် နိုင်ငံတော်အနေနဲ့ လူတစ်ဦးတယောက်ရဲ့ လွတ်လပ်မှု၊ ပိုင်ဆိုင်မှုတွေကို ရယူနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားဟာ လူတစ်ဦးချင်းစီရဲ့ အကျိုးစီးပွားထက် သာလွန်ပါတယ်။ ဒီလို လူမှုရေးကျေနပ်ပျော်ရွင်မှုတွေကို အမြင့်ဆုံးရအောင် စွမ်းဆောင်ပေးဖို့အတွက် နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေကို ပြဌါန်းပိုင်ခွင့်ကို ကိုင်စွဲပြီး လူတစ်စုရဲ့ ဓနစီးပွားကို အခြားလူတစ်စုထံ လွှဲပြောင်းပေးနိုင်တယ်လို့ ဂျရမီဘင်သမ်(မ)က ဆိုပါတယ်။ 

အရင်အပါတ်က တင်ပြခဲ့တဲ့ ဂျွန်လော့(ခ)ရဲ့ အစိုးရတရပ်ဟာ ဘယ်လို အကြောင်းနဲ့မှ လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို မချိုးဖေါက်ရဘူး၊ မချိုးဖေါက်နိုင်ဘူးဆိုတဲ့ သီအိုရီနဲ့ ခုတင်ပြခဲ့တဲ့ တကယ်လို့ အများပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အစိုးရကချိုးဖေါက်နိုင်တယ်ဆိုတဲ့ ဂျရမီဘင်သမ်(မ)ရဲ့ သီအိုရီတွေဟာ ကျွန်တော်တို့နိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ လက်ပန်းတောင်ပြဿနာက အစ အခြား ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့နေရာမှာ အရေးပါတဲ့ သီအိုရီတွေဖြစ်ပါတယ်။ အုပ်ချုပ်ခံ လူတန်းစားတွေ အတွက်ကတော့ ဂျွန်လော့(ခ)ရဲ့သီအိုရီကို သဘောတူကြမှာပါ။ ဒါပေမယ့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုက အစိုးရတွေကတော့ လူမှုရေး၊ စီးပွားရေးဆိုင်ရာမူဝါဒတွေချမှတ်ရာမှာ ဂျရမီဘင်သမ်(မ)ရဲ့ ဦးတည်ချက်ဖြစ်တဲ့ လူအများစုအတွက် အမြင့်ဆုံးကောင်းကျိုးချမ်းသာပျော်ရွင်မှု ရရှိရေးဆိုတဲ့ ဦးတည်ချက်ကို အခြေခံကြတာကို တွေ့ရပါတယ်။ 

ဒီမိုကရေစီရဲ့ဖခင်နိုင်ငံကြီးလို့ ဆိုကြတဲ့ အမေရိကန်နိုင်ငံမှာ ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှုဆိုတာ မြေအောက် ကမ္ဘာမြေကြီးရဲ့ ဗဟိုချက်နဲ့ မြေပေါ် စကြာဝဠာအဆုံးထိ ပိုင်ဆိုင်မှုလို့ တချိန်က အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဘူးပါတယ်။ အဲဒီလို ပိုင်ဆိုင်ခွင့်ရှိတဲ့အတွက် ကြက်ခြံပိုင်ရှင်တစ်ဦးက အနီးရှိ စစ်လေယာဉ်ကွင်းမှာ အတက်အဆင်းလုပ်ဖို့ သူရဲ့ကြက်ခြံအပေါ်မှာ စစ်လေယာဉ်တွေ ဖြတ်ပျံလို့ ကြက်တွေလန့်ပြီး ကောင်းကောင်းမဥနိုင်တဲ့အတွက် ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်အစိုးရကို လျော်ကြေးရလိုမှုနဲ့ တရားစွဲခဲ့ဘူးပါတယ် [United States v. Causby 328 U.S. 256 (1946)]။ တရားရုံးက ဒီအမှုမှာ ကြက်ခြံပိုင်ရှင်ကို အနိုင်ပေးခဲ့ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က ဒီလိုလျော်ကြေးပေးတာ ကြက်တွေကောင်းကောင်းမဥလို့ နစ်နာကြေးအနေနဲ့ ပေးတာမဟုတ်ပါဘူး။ တရားရုံးရဲ့ အဆုံးအဖြတ်အရ  ကြက်ခြံပိုင်ရှင်ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်တဲ့ သူ့ရဲ့ ကြက်ခြံအထက်က ဝေဟင်ပိုင်နက်ကို အမေရိကန်အစိုးရက ကျုးကျော်ခဲ့တဲ့အတွက်  လျော်ကြေးပေးခြင်းဖြစ်တယ် လို့ဆိုပါတယ်။

ဒီတရားရုံး ဆုံးဖြတ်ချက်ကတဆင့် မေးခွန်းထုတ်စရာရှိတာက ကြက်ခြံပိုင်ရှင်ရဲ့ ပုဂ္ဂလိကအကျိုးစီးပွားနဲ့ ဒုတိယကမ္ဘာစစ်ကြီး အောင်နိုင်ရေးဆိုတဲ့ အများအကျိုးစီးပွား ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာပါဘဲ။ ဂျွန်လော့(ခ)ရဲ့ အစိုးရတရပ်ဟာ ဘယ်လို အကြောင်းနဲ့မှ လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို မချိုးဖေါက်ရဘူးဆိုတဲ့ သီအိုရီကို သဘောတူလက်ခံတဲ့သူတွေတောင်၊ အများအကျိုးဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကြီး အောင်နိုင်ရေးအတွက် ကြက်ခြံပိုင်ရှင်ရဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်ကို ချိုးဖေါက်သင့်တယ်၊ ကြက်ခြံပိုင်ရှင်ရဲ့ နစ်နာမှုဟာ ရရှိလာမယ့် လူအများစုရဲ့ အကျိုးစီးပွားနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ဘူးလို့ ဆိုကြမှာပါ။ ဒါဟာ အများပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အစိုးရကချိုးဖေါက်နိုင်တယ်ဆိုတဲ့ ဂျရမီဘင်သမ်(မ)ရဲ့အဆိုကို သဘောတူခြင်းပါဘဲ။

ဒီလို လူအများစုရဲ့ အကျိုးစီးပွားကို ထိရောက်စွာ ဖေါ်ဆောင်နိုင်ဖို့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်ကို နိုင်ငံတော်က ဥပဒေတွေပြဌါန်းပြီး အသိအမှတ်ပြုပေးရမယ်လို့ဂျရမီဘင်သမ်(မ)ရဲ့နောက်လိုက်တွေက ဆိုပါတယ်။ ပါလီမန်ဒီမိုကရေစီရဲ့မိခင်နိုင်ငံလို့ အသိအမှတ်ပြုကြတဲ့ အင်္ဂလန်လိုနိုင်ငံမျိုးမှာတောင် မရွှေ့ပြောင်းနိုင်တဲ့ မြေယာ၊ မြစ်၊ချောင်းအင်းအိုင် အားလုံးကို နိုင်ငံတော်ကပိုင်ဆိုင်ပါတယ်။ နိုင်ငံတော်ကမှ ဥပဒေပြဌါန်းပြီး ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အသိအမှတ်ပြုထားခြင်းဖြစ်ပါတယ််။ ဒါပေမယ့် အင်္ဂလိပ်ဥပဒေအရ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုဆိုတာ အလုံးစုံပိုင်ဆိုင်မှု မဟုတ်ပါဘူး။ ပစ္စည်းကို အသုံးပြုပိုင်ခွင့် သတ်မှတ်ပေးခြင်းသာ ဖြစ်ပါတယ်။ ဥပမာ မြေကွက်တကွက်ပေါ်မှာ အိမ်ဆောက်ပြီးနေပိုင်ခွင့်ရှိပေမယ့် ဒီမြေကွက်ရဲ့အောက်မှာရှိတဲ့ သယံဇာတပစ္စည်းတွေကိုတော့ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ တကယ်လို့ မရွှေ့ပြောင်းနိုင်တဲ့ မြေယာပစ္စည်းပိုင်ဆိုင်သူ ကွယ်လွန်သွားတဲ့အချိန်မှာ အမွေဆက်ခံသူ မကျန်ခဲ့ရင် အဆိုပါပစ္စည်းကို အသုံးပြုပိုင်ခွင့်ဟာ နိုင်ငံပိုင်ပြန်ဖြစ်သွားပါတယ်။  

ဒါပေမယ့် ဂျရမီဘင်သမ်(မ)ရဲ့သီအိုရီရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လူအများစုအတွက် အမြင့်ဆုံး ကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေးကို ဦးတည် ဆောင်ရွက်ရမယ်၊ ဒီလိုလုပ်ဆောင်ခြင်းဟာ တရားမျှတတယ် ဆိုတဲ့အယူအဆကို အတိုင်းအဆမဲ့ ကျင့်သုံးရင်တော့ ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ရောမခေတ်တုံးက စစ်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ ခရစ်ယာန်တွေကို ခြင်္သေ့တွေရှိတဲ့ သားရဲတွင်းထဲ ပစ်ချပြီး ရောမဘုရင်နဲ့ ရိုမန်တွေ အပန်းဖြေကြပါတယ်။ ဂျရမီဘင်သမ်(မ)ရဲ့သီအိုရီအရ ဒီသတ်ပွဲကို ကြည့်ရှုကြတဲ့ ပရိတ်သတ်ထောင်သောင်းရဲ့ ပျော်ရွင်မှုနဲ့ နှိုင်းယှဉ်ရင် ခရစ်ယာန် တစ်ယောက်ရဲ့ ပုဂ္ဂလိကနာကျင်ခံစားရမှုဟာ မပြောပလောက်တဲ့အတွက် ဒီအပြုအမူဟာ တရားမျှတပါတယ်လို့ ဆိုနိုင်စရာရှိပါတယ်။ 

မျက်မှောက်ခေတ်မှာလဲ ဂျရမီဘင်သမ်(မ)ရဲ့ အမြင့်ဆုံးကောင်းကျိုးချမ်းသာ အတွေးအခေါ်ကို တဖက်စွန်းရောက်အောင် ကျင့်သုံးလို့ ပြဿနာဖြစ်ရတာတွေရှိပါတယ်။ အကောင်းဆုံးဥပမာတခုကတော့ မာလ်ဘိုရိုနဲ့ တခြားနာမည်ကြီးဆေးလိပ်တွေထုတ်တဲ့ ဖိလစ်မောရစ်ကုမ္ပဏီက ချက်ရီပတ်ဘလစ် (Czech Republic)နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆေးလိပ်သောက်ခြင်းက နိုင်ငံတနိုင်ငံရဲ့ရသုံးငွေဘတ်ဂျက်ပေါ်မှာ ဘယ်လို အကျိုးနဲ့အပြစ်တွေသက်ရောက်စေတယ်ဆိုတာကို ဆန်းစစ်ထားတဲ့ လေ့လာချက်ပါဘဲ။ အဲဒီလေ့လာချက်အရ ဆေးလိပ်သောက်ခြင်းက အစိုးရအတွက် ငွေကြေးအကျိုးအမြတ် ရရှိစေတယ်လို့ဆိုပါတယ်။ ဆေးလိပ်သောက်သူတွေဟာ သူတို့အသက်ရှင်နေစဉ်မှာ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံနစ်အတွက် ဝန်ထုပ်ဝန်ပိုးတခုဖြစ်သော်လည်း ဆေးလိပ်မသောက်သူတွေနဲ့စာရင် အသက်တိုတဲ့အတွက် အစိုးရအနေနဲ့ အသက်အရွယ်ကြီးသူတွေကို ထောက်ပံ့ပေးရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်၊ နေထိုင်စရာ စတာတွေ ဖြည့်ဆည်းပေးဖို့ အကုန်ခံစရာမလိုဘဲ  အများကြီးသက်သာတယ်လို့ အဆိုပါလေ့လာချက်ကဆိုပါတယ်။ အဲဒီလို ဆေးလိပ်သောက်သူတွေ အရွယ်မတိုင်ခင်သေဆုံးလို့ သက်သာတဲ့ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အသုံးစားရိတ်တွေနဲ့ ဆေးလိပ်ကရတဲ့ အခွန်အကောက်တွေ ပေါင်းလိုက်ရင် တနှစ်ကို တိုင်းပြည်ရဲ့ဘဏ္ဍာ ဒေါ်လာ ၁၄၇ သန်းလောက်တိုးလာမယ်လို့ ဆိုပါတယ်။ တိတိကျကျပြောရရင် ဆေးလိပ်သောက်သူ တယောက် အရွယ်မတိုင်ခင်သေဆုံးရင် တိုင်းပြည်ဝင်ငွေကို ၁၂၂၇ ဒေါ်လာ တိုးစေတယ်လို့ ဆိုပါတယ်။ ဒီအစီအရင်ခံစာလဲ ထွက်လာရော သတင်းစာတွေ၊ ဆေးလိပ်၊ ဆေးရွက်ကြီးဆန့်ကျင်သူတွေက ဖိလစ်မောရစ်ကို ဝိုင်းပြီး ရှုံ့ချကြပါတယ်။

တကယ်တော့ ဒီအစီအရင်ခံစာက ဂျရမီဘင်သမ်(မ)ရဲ့သီအိုရီရဲ့ အဓိက အားနည်းချက်ကို မီးမောင်းထိုးပြလိုက်တာပါဘဲ။ အဲဒီအားနည်းချက်ကတော့ လူတစ်ဦးရဲ့ နာကျင်ခံစားမှုနဲ့ အခြားလူတစ်ဦးရဲ့ပျော်ရွင်မှုတွေဟာ အရည်အသွေးတန်ဘိုးအားဖြင့် ဘာမှ ခြားနားမှု မရှိဘူးဆိုတဲ့ ယူဆချက်ပါဘဲ။ ရှိတ်(စ)ပီးယား၊ ဦးပုည၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့စာဆိုပညာရှင်တွေရေးတဲ့ ကဗျာ၊ပြဇာတ်တွေကို ဖတ်ရှုခံစားရာက ရရှိတဲ့ စိတ်ကျေနပ်မှုနဲ့ ကာတွန်းမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ တင်အောင်နီရဲ့ ပြာလောင် အစရှိတဲ့ ကာတွန်းတွေကို ဖတ်ရာကရတဲ့ ကျေနပ်မှုတွေဟာ ဂျရမီဘင်သမ်(မ)ရဲ့အဆိုအရ အတူတူပါဘဲ။ ဒီအားနည်းချက်ကို ကျော်လွှားနိုင်ဘို့ ဂျရမီဘင်သမ်(မ)ရဲ့ နာမည်ကျော်နောက်လိုက်တဦးဖြစ်တဲ့ ဂျွန်စတူးဝပ်မေးလ်က သူရေးသားခဲ့တဲ့ Essay on Utilitiarianism ဆိုတဲ့စာစုမှာ ပျော်ရွင်မှု၊ နာကျင်ခံစားရမှုတွေကို အရည်အသွေး ခွဲခြားသတ်မှတ်ရမယ်လို့ဆိုခဲ့ပါတယ်။ စာရှည်သွားမှာစိုးလို့ ဂျွန်စတူးဝပ်မေးလ်ရဲ့ အဆိုတွေကို အသေးစိတ် မတင်ပြတော့ပါဘူး။  ဂျရမီဘင်သမ်(မ)ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူတခုကို ဝေမျှရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ 

Jeremy Bentham Auto-Icon
၁၈၃၂ ခုနှစ် အသက် ၈၄ နှစ်အရွယ်မှာ ဂျရမီဘင်သမ်(မ) ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့ စာဖတ်သူ လန်ဒန်ကို ရောက်ခဲ့ရင် ဂျရမီဘင်သမ်(မ)ဆီ အလည်အပါတ်သွားနိုင်ပါသေးတယ်။ ဂျရမီဘင်သမ်(မ)က သူမသေခင်မှာ အချိန်ပိုင်းလေးမှာ လူအများစုအတွက် အမြင့်ဆုံး ကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေးဆိုတဲ့ သူယုံကြည်တဲ့မူအရ ကွယ်လွန်သွားတဲ့လူတယောက်က ရှင်ကျန်ရစ်တဲ့သူတွေအကျိုးအတွက် ဘာတွေလုပ်ပေးနိုင်မလဲလို့ သူ့ကိုယ်သူ မေးခွန်းထုတ်ခဲ့တယ်။ သူကောက်ချက်ချတာကတော့ လူတဦးအနေနဲ့ သူ့ရဲ့ ကျွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို ခန္ဓာဗေဒပညာလေ့လာရာမှာ အသုံးပြုဖို့ လှုဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့လို အကျော်အမော်တွေးခေါ်ပညာရှင်တဦးအနေနဲ့တော့ နောင်လာနောက်သား တွေးခေါ်ပညာရှင် မျိုးဆက်တွေ အားကျဂုဏ်ယူနိုင်စေဖို့အတွက် သူ့ရဲ့ ရုပ်ခန္ဓာကို ချန်ထားရစ်ခဲ့တာက ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ဂျရမီဘင်သမ်(မ)က ဆိုခဲ့ပြီး သူ့ရဲ့သေတမ်းစာမှာ သူသေသွားတဲ့အခါ ကျွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို ဆေးစိမ်ရုပ်လုံးသွင်းထားဖို့မှာကြားခဲ့ပါတယ်။ အဲဒီလိုမှာကြားချက်အရ ဂျရမီဘင်သမ်(မ)ရဲ့ ဆေးစိမ်ရုပ်လုံးသွင်းထားတဲ့ ခန္ဓာကိုယ် (Auto-Icon) ကို လန်ဒန်တက္ကသိုလ်ကောလိပ် (University College London) မှာ ယနေ့တိုင် မှန်လုံအိမ်ထဲမှာထဲ့ပြီး ပြသထားပါတယ်။ ၁၉၇၅ ခုနှစ်မှာ ကျောင်းသားတစုက ဂျရမီဘင်သမ်(မ)ရဲ့ ဆေးစိမ်ခန္ဓာကိုယ်က ဦးခေါင်းကိုခိုးယူပြီး ပြန်လည်ရွေးယူဖို့အတွက် ကုသိုလ်ဖြစ်အဖွဲ့အစည်းတခုကို စတာလင်ပေါင်ငွေ ၁၀၀ လှုဒါန်းဖို့  လန်ဒန်တက္ကသိုလ်ကောလိပ်အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ တက္ကသိုလ်က နောက်ဆုံးမှာ ၁၀ ပေါင်ပေးပြီး ရွေးယူခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးပြီးတဲ့နောက်မှာတောင်  ဂျရမီဘင်သမ်(မ)အနေနဲ့ သူ့ရဲ့ လူအများစုအတွက် အမြင့်ဆုံး ကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေး ဆိုတဲ့မူကို စွဲကိုင်လျက်ရှိကြောင်းတင်ပြလိုက်ရပါတယ်။ 

နောက်ဆောင်းပါးမှာတော့  အမေရိကန် နိုင်ငံရေးဒဿန ပညာရှင် လွတ်လပ်မှုအဓိကဝါဒီ (libertarian) ပါမောက္ခ ရောဘတ်နိုဇစ်(က)(Robert Nozick; 1938-2002)ရဲ့  ပုဂ္ဂလိကပိုင်ဆိုင်မှုကို ခွဲဝေတဲ့နေရာမှာ နိုင်ငံတော်နဲ့ ဈေးကွက်ရဲ့ အခန်းကဏ္ဍနဲ့ပါတ်သက်တဲ့ အမြင်ကို တင်ပြလိုပါတယ်။ (စကားစပ်မိလို့ ပြောရရင် libertarian ကို မြန်မာ့အလင်းသတင်းစာက စိတ်ကြိုက်လွတ်လပ်စွာလုပ်နိုင်ခွင့်လို့ ဘာသာပြန်ဆိုပါတယ်။ ဒီနေ့ (၂၀၁၃ ခုမေလ ၄ ရက်နေ့) မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၇ မှာ ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က စိတ်ကြိုက်လွတ်လပ်စွာလုပ်နိုင်ခွင့်ပုံစံ (libertarian model) ဟာ မြန်မာနိုင်ငံလို ဒီမိုကရေစီသက်တမ်းအားဖြင့် နုနယ်သေးတဲ့  မခိုင်မာသေးတဲ့ နိုင်ငံအတွက် ကိုက်ညီမှုရှိမရှိ မသေချာသေးဘူးလို့ဆိုပါတယ်။ တကယ်တမ်းတော့ libertarian ဝါဒကို စိတ်ကြိုက်လွတ်လပ်စွာလုပ်နိုင်ခွင့်လို့ မဆိုနိုင်ပါဘူး။ သူတပါးအကျိုးမထိခိုက်ရင်၊ သူတပါးရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်ရင် လွတ်လပ်စွာ ပြောဆိုနေထိုင်ပြုမှုနိုင်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် စာရေးသူက libertarianism ကို လွတ်လပ်မှုအဓိကဝါဒလို့ ပြန်ဆိုခြင်းဖြစ်ပါတယ်။ ဒီဝါဒအရ မိမိရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကျင့်သုံးရာမှာ တခြားသူတွေရဲ့ လွတ်လပ်ပိုင်ခွင့်ကိုလည်း လေးစားရပါမယ်။)

Image Credit:

Jeremy Bentham: 
http://commons.wikimedia.org/wiki/File%3AJeremy_Bentham_by_Henry_William_Pickersgill_detail.jpg Henry William Pickersgill [Public domain or Public domain], via Wikimedia Commons

Jeremy Bentham "Auto-Icon":
http://commons.wikimedia.org/wiki/File%3AJeremy_Bentham_Auto-Icon.jpg
MykReeve at the English language Wikipedia [GFDL (http://www.gnu.org/copyleft/fdl.html) or CC-BY-SA-3.0 (http://creativecommons.org/licenses/by-sa/3.0/)], via Wikimedia Commons

ရည်ညွှန်းကိုးကား။



Creative Commons License
ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှု၊ လူထုအကျိုးစီးပွားနှင့် အစိုးရ၏ အခန်းကဏ္ဍ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

No comments:

Post a comment