Sunday 24 June 2012

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

Human Resources Development, Capacity Building and Economic Development

နိုင်ငံတခု၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုက အရေးပါမှုကို မည်သူမျှ ငြင်းချက် ထုတ်ကြမည်မဟုတ်ပါ။ သို့သော် ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်မှုအဆင့်အတန်းကို မည်သို့တိုင်းတာမလဲ ဆိုသည့်အချက်ကတော့ အငြင်းပွားစရာတခုဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ပညာရေးအတွက် ဘတ်ဂျက် အသုံးစားရိတ် ဘယ်လောက်ခွဲဝေပေးသလဲဆိုတာနဲ့ အကဲဖြတ်ကြပါတယ်။ တကယ်တမ်းတော့ ပညာရေးဘက်မှာ များများသုံးတိုင်းလဲပညာရေးကဏ္ဍဖွံဖြိုးတိုးတက်လာမယ်လို့ ပုံသေကားချ တွက်ချက်လို့မရပါဘူး။ ဥပမာပြရရင်တော့ ထိုင်းနိုင်ငံရဲ့ ပညာရေးအသုံးစားရိတ်ဟာ တခြား ကာကွယ်ရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေထက်ပိုများပြီး ဘတ်ဂျက်ရဲ့ ၂၀% ခန့်ရှိပါတယ်။ ဒါပေမယ့် ပညာရေးဆိုင်ရာ မူဝါဒတွေက မှားယွင်းတဲ့အတွက် ပညာရေးအဆင့်အတန်းမှာတော့ အခြားအရှေ့တောင်အာရှနိုင်ငံတွေကို မမှီဘူးလို့ဆိုပါတယ်။ မကြာသေးခင်ကမှ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်မှုစစ်တမ်း (Global Competitiveness Report)က ထိုင်းနိုင်ငံရဲ့ အခြေခံပညာအဆင့်ဟာ အဆင့် ၈၃ နဲ့ ဒေသတွင်းက အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ရဲ့ အောက်မှာ ရောက်နေပါတယ်။

ကမ္ဘာဘဏ်လို အဖွဲ့အစည်းတွေကတော့ မူလတန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်တွေမှာ စာရင်းသွင်း တက်ရောက်တဲ့ ကျောင်းသားအရေအတွက်ကို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အညွှန်းကိန်း (Development Indicators) တွေအဖြစ် ထုတ်ပြန်လေ့ရှိပါတယ်။ ဒါပေမယ့်စာရင်းသွင်းတက်ရောက်တဲ့ ကျောင်းသားဦးရေ များတိုင်း ပညာရေးအဆင့်မြင့်တယ်လို့မဆိုနိုင်ပါဘူး။ ဒါကြောင့် သုတေသနပညာရှင်အချို့က အဆင့်တိုင်းမှာ တက်ရောက်တဲ့ ကျောင်းသားတွေထဲက ရာခိုင်နှုံးဘယ်လောက် ပြီးမြောက်တယ်ဆိုတာကိုပါ ထည့်သွင်းစဉ်းစားလာကြပါတယ်။ တကယ်တမ်းကျတော့ အောင်မြင်ပြီးမြောက်မှု ရာခိုင်နှုံးကလဲ တနိုင်ငံနဲ့ တနိုင်ငံ ပညာရေးအဆင့်ပြီးမြောက်မှု အကဲဖြတ်စစ်ဆေးတဲ့ပုံစံခြင်း မတူညီတာကြောင့် စံတခုအဖြစ် သတ်မှတ်ဖို့ခက်ခဲပါတယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံဖြိုးတိုးတက်မှုအဖွဲ့ (OECD) ကတော့ နှစ်စဉ်နိုင်ငံတကာကျောင်းသားများ အရည်အချင်းကို အကဲဖြတ်စစ်ဆေးတဲ့အစီအစဉ် (Programme for International Student Assessment) လုပ်ပြီး နိုင်ငံတွေကိုအဆင့်သတ်မှတ်ပေးလေ့ရှိပါတယ်။ ဒီလိုအဆင့်သတ်မှတ်ချက်တွေအရ ပညာရေးစံနစ်မှာ ရလဒ်ကိုဦးစားပေးလေ့ရှိတဲ့ အာရှတိုက်က စင်ကာပူ၊ ဟောင်ကောင် စတဲ့နိုင်ငံတွေက သင်္ချာ၊ သိပ္ပံစတဲ့ဘာသာရပ်တွေမှာ ထိပ်ဆုံးမှာ ရောက်နေတာကို တွေ့ရပါတယ်။

နိုင်ငံတနိုင်ငံအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးမှုအရှိန်အဟုန်ကိုထိမ်းသိမ်းပြီး ခေတ်မှီဖွံ့ဖြိုးပြီးနိုင်ငံ တနိုင်ငံ ဖြစ်လာဖို့ဆိုရင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုက အလွန်အရေးပါပါတယ်။ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုကို ဦးစားပေးမတည်ဆောက်နိုင်ပါက ယခုအချိန်မှာ အရှေ့တောင်အာရှနိုင်ငံ အတော်များများ ကြုံတွေ့နေရတဲ့ ဝင်ငွေအလယ်အလတ်ထောင်ချောက် (Middle income trap) လို့ခေါ်တဲ့ ထွန်းသစ်စနိုင်ငံအဆင့်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ မကူးပြောင်းနိုင်တဲ့ပြဿနာကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဝင်ငွေအလယ်အလတ်အဆင့်နိုင်ငံတနိုင်ငံအနေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ကို ကူးပြောင်းနိုင်ဖို့ တိုင်းပြည်ရဲ့စီးပွားရေးအဆောက်အအုံတခုလုံးကိုအသွင်ပြောင်းနိုင်ဖို့လိုအပ်ပါတယ်။ လာရောက် ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံစုံလုပ်ငန်းကြီးတွေလိုအပ်တဲ့ အခြေခံလုပ်အားနဲ့ သယံဇာတ အရင်းအမြစ်တွေကို ပံ့ပိုးပေးတဲ့အဆင့်ကနေ ပညာအခြေခံလူ့စွမ်းအားအရင်းအမြစ်တွေကို ပံ့ပိုးပေးတဲ့အဆင့်ကို ပြောင်းလဲနိုင်ဖို့၊   အဲဒီနိုင်ငံစုံလုပ်ငန်းကြီးတွေနဲ့ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်အနိုင်ယူနိုင်စွမ်းရှိတဲ့ ပြည်တွင်းကစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေပေါ်ပေါက် လာဖို့လိုအပ်ပါတယ်။ တနည်းအားဖြင့်  တိုင်းပြည်ရဲ့စီးပွားရေးအဆောက်အအုံတခုလုံးကို အရင်းအမြစ်အခြေခံမှ ပညာအခြေခံ စီးပွားရေးပုံစံ အဖြစ် အသွင်ပြောင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တခုတော့ မဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေထဲက စင်ကာပူနိုင်ငံတနိုင်ငံဘဲ အောင်အောင်မြင်မြင် အသွင်ကူးပြောင်းနိုင်ခဲ့တာပါ။ ကျန်တဲ့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကတော့ စီးပွားရေး အဆောက်အအုံတခုလုံးကို အသွင်ပြောင်းနိုင်ဖို့ကြိုးစားရာမှာ ပညာရေးကဏ္ဍက လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို ဆောင်ကျဉ်းမပေးနိုင်တဲ့အတွက် ဖန်သားမျက်နှာကျက် (Glass ceiling) လို့ တင်စားခေါ်ဝေါ်ကြတဲ့ အတားအဆီးနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

ခုလက်ရှိမြန်မာနိုင်ငံလို ဒေသတွင်းနိုင်ငံတွေကို အမှီလိုက်ဖို့ကြိုးစားနေတဲ့နိုင်ငံတနိုင်ငံအဖို့တော့ ပညာအခြေခံလူ့စွမ်းအားအရင်းအမြစ်တွေကိုတည်ဆောက်နိုင်ဖို့က ပိုလို့တောင်အရေးကြီးပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုမရှိပါက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့အတူပါလာမယ့် နည်းပညာတွေကို လွဲပြောင်းရယူနိုင်မှာမဟုတ်ဘဲ လုပ်အားခဈေးချိုတဲ့နိုင်ငံ၊ အလုပ်သမားတဦးချင်းရဲ့ကုန်ထုတ်စွမ်းအားမှာ အခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့နိုင်ငံ တနိုင်ငံအဆင့်က လွတ်မြောက်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒီနေရာမှာ တခုပြောချင်တာက ပညာအခြေခံလူ့စွမ်းအားအရင်းအမြစ်တွေကိုတည်ဆောက်နိုင်ဖို့ဆိုတာ အစိုးရမှာသာ တာဝန်ရှိတာမဟုတ်ပါဘူး။ ခုကြုံတွေ့ကြားသိနေရတာတွေကတော့ ပညာရေးစံနစ် ခေတ်မမှီတာကိုဘဲ လက်ညှိုးထိုးနေကြတာတွေ့ရပါတယ်။ တကယ်တမ်းတော့ လူတိုင်းမှာတာဝန်ရှိပါတယ်။ အပြောင်းအလဲစီမံခန့်ခွဲမှုရဲ့ အခြေခံဖြစ်တဲ့ ကိုယ်ကျင်လည်နေရတဲ့ပါတ်ဝန်းကျင်၊ စံနစ်တခုကို မပြောင်းလဲနိုင်ရင်၊ ပြောင်းလဲဖို့ခက်ခဲရင် ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ပါဘဲ။ အထူးသဖြင့် လူငယ်တွေ အနေနဲ့ ပညာလိုလားတဲ့စိတ်၊ သင်ယူလိုတဲ့စိတ်ရှိလို့ကတော့ ယခုအချိန်မှာ အခွင့်အရေးတွေအများကြီးပါ။ ဒီနေရာမှာ စာရေးသူရည်ညွှန်းတဲ့ပညာဆိုတာ ဘွဲ့တွေ၊ ဒီဂရီတွေရဖို့ချည်းဘဲ မဟုတ်ပါဘူး၊

တနေ့ကဘဲ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီး ၂ ခုဖြစ်တဲ့ ဟားဗတ်တက္ကသိုလ် (Harvard University) နဲ့ မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (Massachusetts Institute of Technology) တို့ပူးပေါင်းပြီး အင်တာနက်ကတဆင့် အဝေးရောက်သင်တန်းတွေကို ဒီဆောင်းဦးရာသီကစပြီး အခမဲ့ သင်ကြားပေးမယ် လို့သိရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာပြောကြားတာကတော့ ဒီသင်တန်းတွေဟာ ဟားဗတ်နဲ့ မက်ဆာချူးဆက်စက်မှုတက္ကသိုလ်မှာ လက်ရှိသင်ကြားနေတဲ့ သင်တန်းတွေအတိုင်းဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်သူများအတွက် ဘာသာရပ်ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် (Certificate of Mastery) ချီးမြှင့်မှာဖြစ်ပါတယ်။ တကယ်တော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ သင်ကြားတဲ့ သင်ခန်းစာတွေကို အင်တာနက်မှာ ကြည့်ရှုနိုင်တာကတော့ကြာပါပြီ။ ခုအစီအစဉ်ကတော့ သင်ခန်းစာတခုချင်းမဟုတ်ဘဲ သင်ရိုးညွှန်းတမ်းအပြည့်အစုံကို အင်တာနက်ကတဆင့် သင်ယူနိုင်မှာ ဖြစ်သလို၊ ပုံမှန်သင်တန်းတွေမှာလိုဘဲ ဆရာတွေကိုမေးခွန်းမေးတာ၊ ကျောင်းသားအချင်းချင်း ဆွေးနွေးတာတွေကို  အင်တာနက်ကတဆင့်ပြုလုပ်နိုင်မှာဖြစ်သလို သင်တန်းသားတွေရဲ့ အရည်အချင်းကို အကဲဖြတ်စစ်ဆေးတဲ့အစီအစဉ်တွေလည်း ပါမှာဖြစ်ပါတယ်။

တကယ်လို့ လာမည့်စက်တင်ဘာ၊ အောက်တိုဘာမှာစတင်မဲ့ ဟားဗတ်နဲ့ မက်ဆာချူးဆက်က သင်တန်း တွေကို မစောင့်နိုင်ဘူးဆိုရင်လဲ ကွန်ပျူတာပညာရပ်တွေကို အမေရိကန်တက္ကသိုလ်တွေက ပါမောက္ခ တွေသင်ကြားပေးနေတဲ့ Udacity ဆိုတဲ့ အွန်လိုင်းတက္ကသိုလ်ရှိပါတယ်။ စာရေးသူကိုယ်တိုင် အခြေခံကွန်ပျူတာအစီအစဉ်ရေးဆွဲတဲ့ သင်တန်းတခုမှာ တက်ရောက်နေပါတယ်။ ဒီသင်တန်းတွေဟာ အွန်လိုင်းဆိုပေမယ့် တကယ့်ကိုစာသင်ခန်းတခုထဲမှာ သင်ကြားနေရသလိုပါဘဲ။  ဒီလိုသင်ရိုးညွှန်းတမ်းတွေ အတိုင်း သင်ကြားရတာကိုစိတ်မပါလို့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကိုဘဲ လေ့လာချင်တယ်ဆိုရင် အကြောင်းအရာမျိုးစုံနဲ့ ပါတ်သက်တဲ့ အတွေးအခေါ်သစ်တွေကိုဖြန့်ဝေပေးနေတဲ့ TED (Technology, Entertainment, Design) ဆိုတဲ့ website ကိုညွှန်းလိုပါတယ်။ မြန်မာလူငယ်တွေလိုအပ်တာကတော့ အဆင့်မြင့်ပညာတွေဆည်းပူးရာမှာ ဆက်သွယ်မှုအခြေခံဖြစ်တဲ့ အင်္ဂလိပ်စာကို တိုးတက်အောင် လေ့လာထားဖို့ဘဲလိုအပ်ပါတယ်။

တကယ်တော့ ခုလက်ရှိကာလမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ယှဉ်ပြိုင်မှုဟာ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံအကြား၊ ကုမ္ပဏီတခုနဲ့တခုအကြားမှာတင် မဟုတ်တော့ပါဘူး။ လူတဦးနဲ့တဦးကြားယှဉ်ပြိုင်မှုက ပိုလို့အရေးပါလာပါပြီ။ မြန်မာနိုင်ငံကလူငယ်တွေအနေနဲ့ ထိုင်း၊ တရုပ်၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံပေါင်း များစွာကလူငယ်တွေနဲ့  တဦးချင်းစီရဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုနဲ့ ကုန်ထုတ်လုပ်နိုင်စွမ်း (Productivity) တွေမှာယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဟောင်းနွမ်းနေတဲ့ပညာရေးစံနစ်နဲ့ မူဝါဒအမှားတွေကိုဘဲ အပြစ်တင်နေမယ့်အစား တတ်နိုင်သမျှ ရနိုင်သမျှပညာတွေကိုဆည်းပူးပြီး မိမိကိုယ်မိမိ အစဉ် တိုးတက်နေအောင်ကြံဆောင်နေဖို့အရေးကြီးပါတယ်။

အင်တာနက် website အညွှန်း
  • ဟားဗတ်တက္ကသိုလ် နဲ့ မက်ဆာချူးဆက်စက်မှုတက္ကသိုလ် တို့၏ edx အစီအစဉ် www.edxonline.org
  • Udacity အွန်လိုင်းတက္ကသိုလ် www.udacity.com
  • ကိုစီယာ အွန်လိုင်းတက္ကသိုလ် www.coursera.org/
  •  TED (Technology,Entertainment, Design) သင်ခန်းစာများ www.ted.com

Creative Commons License
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment