Saturday, 20 April 2013

ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နဲ့ တရားမျှတမှု (Property Right and Justice)

စီးပွားရေးလုပ်ငန်းတခုကို စတင်ခြင်းဆိုတဲ့ အွန်လိုင်းသင်ခန်းစာတွေကို ဘလော့ပေါ်မှာ တင်နိုင်ဖို့အတွက် လုံးပမ်းနေတာ (၂)လလောက် ရှိပါပြီ။ သင်ခန်းစာနဲ့ပါတ်သက်တဲ့ ပါဝါပွိုင့်ဆလိုက်တွေ အားလုံး ပြင်ဆင်ပြီးပေမယ့်၊ ဒီဆလိုက်တွေကို အသံထဲ့ပြီး ဗွီဒီယိုဖိုင်အဖြစ်ပြောင်းတာ ထင်တာထက်ပိုပြီး ကြာနေတဲ့အတွက် မတင်နိုင်သေးပါ။ ဒီကြားထဲမှာ အရင် Middlesex University မှာလုပ်နေတုံးက လုပ်ဖေါ်ကိုင်ဖက်တယောက်နဲ့ စခဲ့တဲ့ သုတေသနစာတမ်းတစ်စောင်ကို ဒီလ ၂၅ ရက်နေ့ University of Southampton မှာကျင်းပမယ့် International Conference on Global Finance Crisis: European Financial Market and Institutions မှာဖတ်ကြားဖို့ ရွေးချယ်ခံထားရတဲ့အတွက် စာတမ်းကို အချောသပ်နေရတာလဲ ပါပါတယ်။ ဒီသုတေသနစာတမ်းက ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်း ကာလ အတွင်း ဥရောပတိုက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြုပ်နှံမှုဘဏ္ဍာငွေအရင်းအမြစ်ကို ဘယ်လိုအချက်တွေက ပြဌါန်းသလဲဆိုတာ (The Determinants of Debt and Debt Diversification: Empirical Evidence from European Non-financial Firms) ဥရောပတိုက်နိုင်ငံ ၂၅ နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း ၅၆၃၉ ခုရဲ့စာရင်းအင်းအချက်အလက်တွေအပေါ်မှာ အခြေခံပြီး လေ့လာထားတာပါ။ ဒီသုတေသနနဲ့ အလားတူ အာရှနဲ့ပစိဖိတ်ဒေသနိုင်ငံ ၁၅ နိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေး အခြေအနေကို ဘယ်လိုအကြောင်းအချက်တွေက ပြဌါန်းသလဲဆိုတဲ့ (Impact of Credit Ratings on Leverage, Debt Maturity and Sources of Funding For Asian Firms Before and During the 2007-2009 Financial Crises) စာတမ်းတစောင်ကိုလည်း ဒီ Middlesex University ကလုပ်ဖေါ်ကိုင်ဖက်နဲ့ ပူးပေါင်းပြီး ပြုစုနေပါတယ်။

အထက်ပါ စာတမ်း (၂)စောင်အပြင် အသွင်ကူးပြောင်းစနိုင်ငံတွေက အသေးစားနဲ့ အလတ်စား စီးပွားရေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြဌါန်းတဲ့ အချက်တွေ (Firm, Institutional and Macroeconomic Determinants of SME growth: Empirical Evidence from Transition Economies) ကို အရှေ့ဥရောပနှင့် အလယ်အာရှက လုပ်ငန်းပေါင်း ၉၅၂၂ ခုရဲ့စာရင်းအင်းအချက်အလက်တွေ အသုံးပြုပြီးလေ့လာထားတဲ့ စာတမ်းတစောင်ကိုလည်း ဒီလထဲမှာ အပြီးသပ်ဖို့ ကြိုးစားနေပါတယ်။ ဒီသုတေသနစာတမ်းက စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ရှိချက်တခုကတော့ အသွင်ကူးပြောင်းစနိုင်ငံတွေမှာ နိုင်ငံရေးအရ ပိုမိုပွင့်လင်းလာမှုက အဲဒီနိုင်ငံတွေမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ် ဆိုတဲ့အချက်ပါဘဲ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတခုကတော့ နိုင်ငံရေးအရ ပိုမိုပွင့်လင်းလာမှုနဲ့အတူ အလုပ်သမားတွေက အရင်ကမရခဲ့တဲ့ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ လုပ်လာတဲ့အတွက် အဲဒီလိုတောင်းဆိုမှုတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်မထားတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းထဲမှာ ဘွဲ့ရပညာတတ် အချိုးအစားများတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ နိုင်ငံရေးအရ ပိုမိုပွင့်လင်းလာမှုက အဆိုပါလုပ်ငန်းတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ အထောက်အကူပြုတာကို တွေ့ရပါတယ်။

ဒီလုပ်လက်စ သုတေသနစာတမ်း (၃)စောင်ကို အပြီးသပ်ပြီးတာနဲ့ ဒီလအကုန်၊ နောက်လဆန်းလောက်မှာ အွန်လိုင်းသင်ခန်းစာတွေကို ဘလော့ပေါ်မှာ တင်ပေးပါမယ်။ ဒီသင်တန်းနဲ့ ပါတ်သက်တဲ့ မေးခွန်းလွှာကို ဖြေဆိုပေးတဲ့ မိတ်ဆွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။

ဒီအတောအတွင်းမှာ အွန်လိုင်းမှာ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ Michael Sandel ပို့ချနေတဲ့ တရားမျှတမှု (Justice) ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ်ဆိုင်ရာ သင်ခန်းစာတွေနဲ့ ဝက်စလီယံတက္ကသိုလ် (Wesleyan University) က ပါမောက္ခ Richard Adelstein ပို့ချတဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ ပေးရန်တာဝန် (Property and Liability)ဆိုတဲ့ ဥပဒေနဲ့စီးပွားရေးဆိုင်ရာ သင်ခန်းစာတွေကို လေ့လာဖြစ်ပါတယ်။ ဒီလိုလေ့လာရင်းနဲ့ စဉ်းစားမိတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလို အသွင်ကူးပြောင်းစနိုင်ငံတွေမှာ တွေ့ကြုံနေရတဲ့ အဓိကပြဿနာတရပ်ဖြစ်တဲ့ စီးပွားရေးနှင့် နိုင်ငံရေးစံနစ် အထိုက်အလျောက် ပွင့်လင်းလာသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အခြားအဖွဲ့အစည်းများလိုက်ပါတိုးတက်လာမှု မရှိသေးတဲ့ပြဿနာမျိုးကို ဘယ်လိုတရားနည်းလမ်းကျစွာဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေရာမှာ ဒီသင်ခန်းစာတွေက အထောက်အကူပြုနိုင်တယ်ဆိုတဲ့ အချက်ပါ။ အထူးသဖြင့် နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ လေ့လာသင့်တယ်လို့ တိုက်တွန်းလိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတခုကတော့ ဒီလိုသင်ခန်းစာတွေကို အွန်လိုင်းကတဆင့် လေ့လာဖို့  အင်တာနက်ကွန်နက်ရှင်း မကောင်းသေးတာပါဘဲ။  ဒါကြောင့် ဒီအွန်လိုင်းသင်ခန်းစာတွေထဲက ကိုယ်နားလည်သလောက်ကို မြန်မာလိုပြန်ဆိုပြီး ဒီဘလော့ရဲ့ မျက်မှောက်ရေးရာဆိုတဲ့ ခေါင်းစီးအောက်မှာ တင်ပေးပါမယ်။ တကယ်လို့ မူရင်းသင်ခန်းစာပို့ချချက်တွေကို စိတ်ဝင်စားလို့ နားထောင်ချင်တယ် ဆိုရင်လည်း ဒီဘလော့ရဲ့ ကွန်မန့်ဘောက်မှာဖြစ်စေ administrator@myanmar-smallbusiness.org ကို ဆက်သွယ်ပြီးဖြစ်စေ တောင်းဆိုနိုင်ပါတယ်။ ဒေါင်းလုပ်လုပ်ထားတဲ့ သင်ခန်းစာ ပို့ချချက်တွေကို နည်းလမ်းရှာကြံပြီး ပို့ပေးပါမယ်။  
   
ဒီဘလော့ကို စတင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တချပ်သဲတပွင့်အဖြစ် အထောက်အကူဖြစ်လိုဖြစ်ညား ကိုယ်တတ်သိနားလည် သလောက်လေးကို မျှဝေပေးဖို့ပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေးပွင့်လင်း လာသည်နှင့်အမျှ လူငယ်များ၏ စီးပွားရေးနှင့် နိုင်ငံရေးအပေါ်စိတ်ဝင်စားမှု မြင့်တက်လာတာကို တွေ့မြင်နေရတဲ့အတွက်  နိုင်ငံရေးကို စိတ်ပါဝင်စားသော လူငယ်များအနေဖြင့် PPE ဟု လူသိများသော နိုင်ငံရေးသိပ္ပံ (Politics)၊ ဒဿနိက (Philosophy) နှင့် ဘောဂဗေဒ (Economics) ဘာသာရပ်များနှင့် ဥပဒေပညာရပ်ကို လေ့လာစေလိုတဲ့အတွက် ကျွန်တော် နားလည်သလောက်ကို ဒီဘလော့မှာ မျှဝေပေးရခြင်းဖြစ်ပါတယ်။ ဒီ PPE ဘာသာရပ်တွေရဲ့  နိုင်ငံရေးနယ်ပယ်မှာ တွင်ကျယ်အသုံးဝင်မှုကို ဥပမာပြရလျှင် ယခု ဗြိတိန်နိုင်ငံဝန်ကြီးချုပ် နှင့် အာဏာရ ညွှန်းပေါင်းအဖွဲ့ အစိုးရအဖွဲ့ဝင် အချို့ဟာ PPE ဘွဲ့ရများဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိစစ် စသူတို့ဟာလဲ အောက်(စ)ဖို့ဒ်တက္ကသိုလ်မှ PPE ဘွဲ့ရခဲ့သူများဖြစ်ပါတယ်။

အသွင်ကူးပြောင်းစနိုင်ငံများတွင် စီးပွားရေးနှင့် နိုင်ငံရေးစံနစ် အထိုက်အလျောက် ပွင့်လင်းလာသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အခြားအဖွဲ့အစည်းများလိုက်ပါတိုးတက်လာမှု မရှိသေးတဲ့ အခြေအနေမျိုးမှာ အဓိကကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာကတော့ ဈေးကွက်အခြေပြု စီးပွားရေးစံနစ်၏ အဓိကကျောရိုးမဏ္ဍိုင် နှစ်ခုဖြစ်သော ပုဂ္ဂလိကပိုင်ဆိုင်မှု (Private Property) နှင့် နှစ်ဦးနှစ်ဘက် သဘောတူညီထားသည့် ပဋိဥာဏ် (Contract) ကို မည်ကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုမည်၊ မည်ကဲ့သို့ ကာကွယ်မည်၊ မည်ကဲ့သို့ခွဲဝေမည် စတဲ့အချက်တွေဖြစ်ပါသည်။ အဲဒီအတွက် ပုဂ္ဂလိကပိုင်ဆိုင်မှု ဘယ်ကဆင်းသက်လာတယ်၊ ဒီပိုင်ဆိုင်မှုတွေကို တစ်ဦးနဲ့ တစ်ဦးကြား ဘယ်လိုလွှဲပြောင်းမယ်၊ လွှဲပြောင်းတဲ့နေရာမှာ မျှတအောင် ဘယ်လိုတန်ဘိုးဖြတ်မယ် ဆိုတဲ့ အချက်တွေနဲ့ ပါတ်သက်တဲ့ နိုင်ငံရေး၊ ဒဿနိကနဲ့ စီးပွားရေးဆိုင်ရာ အခြေခံသီအိုရီတွေကို ကျွန်တော်နားလည်သလောက် တင်ပြပေးပါမယ်။ ဒီလိုတင်ပြရာမှာ သီအိုရီတွေကို ဘက်လိုက်မှုမရှိ အစွဲကင်းစွာ တင်ပြပေးမှာဖြစ်ပြီး၊ စာဖတ်သူအနေနဲ့ မိမိရဲ့ကိုယ်ပိုင်အတွေ့အကြုံ၊ ခံယူချက်၊ ယုံကြည်ချက် အပေါ်မှာ မူတည်ပြီး လွတ်လပ်စွာ ငြင်းခုံခွင့်၊ သဘောတူညီခွင့် ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ပြီး ဆွေးနွေးငြင်းခုံကြပါလို့လဲ တိုက်တွန်းပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ တင်ပြချင်တဲ့ အချက်တခုကတော့ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံးတွေကို ကျွန်တော် တတ်စွမ်းနားလည်သလောက် မြန်မာဘာသာပြန်ဆိုပြီး ဖေါ်ပြပေးပါမယ်။ ဒါပေမယ့် တချို့ဘာသာရပ်ဆိုင်ရာ အသုံးအနှုံးတွေကို မြန်မာဘာသာပြန်ရာမှာ ကျွန်တော်အနေနဲ့ ဆိုလိုရင်းကို အတိအကျပြန်ဆိုပေးနိုင်စွမ်းမရှိတဲ့အတွက် မြန်မာ-အင်္ဂလိပ် (၂) ဘာသာနဲ့တင်ပြပေးထားပါတယ်။ ဥပမာ Social Utility ဆိုတဲ့ အသုံးအနှုံးဆိုပါစို့။ Social ဆိုတဲ့စကားလုံးမြန်မာလို အကြမ်းဖျင်းပြန်ဆိုရင် လူမှုရေး (ပေါင်းသင်းဆက်ဆံရေး) လို့ အဓိပ္ပါယ်ရမယ် ထင်ပါတယ်။ ဒါပေမယ့် မူရင်းအဓိပ္ပါယ်က ဒီထက်ကျယ်ပြန့်ပြီး လူသားတွေရဲ့စားဝတ်နေရေး၊လူမှုဘဝ ဆက်ဆံရေး စတဲ့ အချက်တွေကို ခြုံငုံမိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဒီထက် ပိုမိုကျယ်ပြန့်တဲ့ အင်္ဂလိပ်စကားလုံးတခုကတော့ utility ဆိုတဲ့ ဘောဂဗေဒဆိုင်ရာ အသုံးအနှုံးပါဘဲ။ Utility ကို အတိအကျပြန်ဆိုရရင် ကုန်စည်တခု၊ ဝန်ဆောင်မှုတခုကို စားသုံးလိုက်ရာက စားသုံးသူတစ်ဦးမှာ ရရှိခံစားရတဲ့ စိတ်ကျေနပ်နှစ်သိမ့် ပျော်ရွင်မှုလို့ ဆိုလိုရာရောက်မယ်လို့ထင်ပါတယ်။ ဒီအသုံးအနှုံး (၂)ခုကို ပေါင်းစပ်ထားတဲ့ social utility ဆိုတဲ့ စကားစုကို ကျွန်တော့်အနေနဲ့ လူမှုဘဝဆိုင်ရာ ချမ်းသာသုခလို့ ပြန်ဆိုထားပါတယ်။ တကယ်လို့ ကျွန်တော်ရဲ့ ဘာသာပြန်ဆိုမှုတွေ မတိကျရင်၊ မှားယွင်းနေရင် ပြင်ဆင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

ပထမဆုံးအနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းပါ။ 

ဒီမေးခွန်းက ရိုးစင်းတယ်လို့ထင်ရပေမယ့် အဖြေက ခက်ခဲပါတယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှု ဆိုတာဘာလဲဆိုတာနဲ ့ပါတ်သက်ပြီး အဓိကအမြင် (၂)မျိုးရှိပါတယ်။ ပထမ အမြင်ကတော့ ၁၈၀၀ ခုနှစ်မတိုင်မှီက အင်္ဂလိပ် တွေးခေါ်ပညာရှင် ဂျွန်လော့(ခ) (John Locke) ဖေါ်ထုတ်ခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အဟောင်းဖြစ်ပြီး၊ ဒုတိယအမြင်ကတော့ ၁၈၀၀ ခုနှစ်နောက်ပိုင်းမှာ အင်္ဂလန်နိုင်ငံက တွေးခေါ်ပညာရှင်နောက်တစ်ဦးဖြစ်တဲ့ ဂျရမီဘင်သမ်(မ) (Jeremy Bentham) အစပြုခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်ဖြစ်ပါတယ်။

ဂျွန်လော့(ခ)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အဟောင်းအရ ပုဂ္ဂလိကပိုင်ဆိုင်မှုကို လူပုဂ္ဂိုလ်နဲ့ အရာဝတ္ထုပစ္စည်း အကြားဆက်နွယ်မှုအရ သတ်မှတ်ပါတယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်အရ ပိုင်ဆိုင်မှုဆိုတာ ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေကြအတိုင်းပါဘဲ။ ဥပမာ ဒီလယ်ကွက်ဟာ ကျွန်တော်ရဲ့လယ်ကွက်၊  သူများ လယ်ကွက်မဟုတ်ဘူး၊ ဒါကြောင့်ကျွန်တော်ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်တယ်လို့ ဆိုသလိုပါ။ ဒီအမြင်အရ ပုဂ္ဂလိကပိုင်ဆိုင်မှုမှာ အချက် (၃)ချက်ပါရှိပါတယ်။ ပထမအချက်ကတော့ ပိုင်ဆိုင်မှု (possession)         ဖြစ်ပါတယ်။ ဒီပိုင်ဆိုင်မှုဟာ သီးသန့်ပိုင်ဆိုင်မှု (exclusivity) ဖြစ်ပါတယ်။ ဒီလယ်ကွက်ဟာ ကျွန်တော်ပိုင်ဆိုင်တဲ့ လယ်ကွက်လို့ ဆိုလိုက်တာနဲ့ တခြားသူပိုင်ဆိုင်ခွင့် မရှိပါဘူး။ ကျွန်တော်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အသုံးပြုလို့မရပါ။ ဒီလို တဦးတည်းအသုံးပြုပိုင်ခွင့် (exclusive right to use) က ပုဂ္ဂလိကပိုင်ဆိုင်မှုရဲ့ အရေးပါတဲ့ ဒုတိယအချက်ဖြစ်ပါတယ်။ ဒီလယ်ကွက်ကို ကျွန်တော်ပိုင်တဲ့အတွက် ကျွန်တော်ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား အတွက် ကျွန်တော်သုံးချင်သလို သုံးလို့ရတယ်လို့ဆိုလိုခြင်းပါ။ နောက်ဆုံးအချက်ကတော့ မိမိပိုင်တဲ့ပစ္စည်းကို စွန့်ပစ်ပိုင်ခွင့် (disposition) ဖြစ်ပါတယ်။ ဒီလယ်ကွက်ကို ကျွန်တော်ပိုင်တဲ့အတွက် သူများကိုပေးကမ်းပိုင်ခွင့်၊ ရောင်းချပိုင်ခွင့်လဲ ကျွန်တော့်မှာရှိတယ် ဆိုတဲ့အချက်ပါဘဲ။

၁၈၀၀ ခုနှစ်နောက်ပိုင်းကစပြီး အသုံးများလာတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်အရဆိုရင်တော့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းကို ခွဲခြားထားပါတယ်။ ဒီဖွင့်ဆိုချက်အရ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာ ပစ္စည်းတခုကို ဘယ်လိုအသုံးပြုမယ်ဆိုတာနဲ့ပါတ်သက်ပြီး လူတစုနဲ့ တခြားလူတစုအကြား ဆက်ဆံရေးဖြစ်ပါတယ်။ ဂျွန်လော့(ခ)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အဟောင်းအရ ပိုင်ဆိုင်မှုနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းဆိုတာ အတူတူဘဲဖြစ်ပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်အရ ပစ္စည်းတခုမှာ အသုံးပြုနိုင်မှု တမျိုးထက်ပိုရှိနိုင်ပြီး ပိုင်ဆိုင်မှုဆိုတာ အဆိုပါပစ္စည်းကို အသုံးပြုပိုင်ခွင့်ပေါ်မှာ မူတည်ပါတယ်။  ဒါကြောင့် ပစ္စည်းတခုကို အသုံးပြုနိုင်မှုတိုင်းအတွက် မတူညီတဲ့ ပိုင်ဆိုင်ခွင့်တွေ ရှိနိုင်ပါတယ်။ ဥပမာ ကျွန်တော်ပိုင်တဲ့လယ်ကွက်မှာ ကျွန်တော်စိုက်ချင်တဲ့သီးနှံစိုက်လို့ရတယ်၊ မစိုက်ချင်ရင်လဲဒီအတိုင်းထားလို့ရတယ်၊ ကျွန်တော့်မှာ ဒီလယ်တကွက်နဲ့ပါတ်သက်ပြီး အဆိုပါပိုင်ဆိုင်ခွင့်တွေရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလယ်ကွက်နဲ့ပါတ်သက်နေတဲ့ အသုံးပြုနိုင်မှုအားလုံးကို ပိုင်ဆိုင်ခွင့်တော့ ကျွန်တော့်မှာ မရှိပါဘူး။ ဒီလယ်ကွက်ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတွေထဲမှာ ကျွန်တော် ပြုလုပ်ခွင့်မရှိတာတွေရှိပါတယ်။ ကျွန်တော်ပိုင်တဲ့လယ်ကွက်မှာ ကျွန်တော်စိုက်ချင်တဲ့သီးနှံစိုက်လို့ရပေမယ့် မူးယစ်စေတတ်တဲ့ ဘိန်းတို့၊ ဆေးခြောက်တို့တော့ စိုက်ခွင့်မရှိပါဘူး။ အနီးအနားက သူများပိုင်တဲ့ လယ်ကွက်တွေကို ထိခိုက်စေမယ်ဆိုရင် ကျွန်တော့်ပိုင်တဲ့ လယ်ကွက်ကိုမီးရှို့ခွင့် ကျွန်တော့်မှာ မရှိပါဘူး။ ဘာသီးနှံမှ မစိုက်ချင်ရင် ဒီအတိုင်းထားလို့ရပေမယ့် ဥပဒေကတားမြစ်ထားတာတွေကိုတော့ ဒီလယ်ကွက်ပေါ်မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။ တနည်းဆိုရရင် ကျွန်တော်ရဲ့လယ်ကွက်မှာ ဥပဒေနဲ့မညီတဲ့အပြုအမူတွေ လုပ်ပိုင်ခွင့်ကို အာဏာပိုင်တွေက ပိုင်ဆိုင်တာဖြစ်ပြီး၊ သူတို့ရဲ့ပိုင်ဆိုင်မှုကို အသုံးချကာ ကျွန်တော်ကို တားမြစ်ထားခြင်းဖြစ်ပါတယ်။

အထက်ပါပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်ပါတ်သက်သည့် အမြင် (၂)မျိုးဟာ စီးပွားရေး၊ နိုင်ငံရေးနှင့် တရားမျှတမှုတို့မှာ အလွန်အရေးပါပါတယ်။ ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ လက်ပန်းတောင်းတောင်ပြဿနာလို ကိစ္စမျိုးတွေကို ဖြေရှင်းဘို့၊ ဒီထက်ပိုပြီးပြောရရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အာမခံနိုင်ဘို့ဆိုရင် ပိုင်ဆိုင်ခွင့်ကို တရားမျှတစွာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ဒီလို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ဖို့အတွက် ပုဂ္ဂလိကပိုင်ဆိုင်မှု ဘယ်ကဆင်းသက်လာကလဲဆိုတာနဲ့ ပါတ်သက်တဲ့ သီအိုရီ (၂) ရပ်ကို နောက်ဆောင်းပါးမှာ ဖေါ်ပြပေးပါမယ်။ ခုလောလောဆယ်တော့ အထက်ဖေါ်ပြပါ အမြင် (၂)မျိုးအနက် ဘယ်အမြင်ကို သဘောတူပါသလဲ။

ရည်ညွန်းကိုးကား

Creative Commons License
ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နဲ့ တရားမျှတမှု by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

No comments:

Post a comment