Sunday, 2 September 2012

နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြုပ်နှံမှုဥပဒေ

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို၏ ရည်မှန်းချက်မှာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူ အများစု၏ လူနေမှု အဆင့်အတန်းမြင့်မားလာရေး ဟုဆိုပါက မှားမည်မထင်ပါ။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော အဓိကအချက်တချက်မှာ အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုဖြစ်သည်ဟု အများလက်ခံထားကြပါသည်။ သို့သော် ယနေ့ နာမည်ကြီးနေသည့် အက်ပဲလ် (Apple)၊ ဂူးဂယ်လ် (Google)၊ ကိုကာကိုလာ အစရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုမှာ မြင်သာသော်လည်း နိ်ုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို အဓိပ္ပါယ်ဖွင့်ဆိုရန်မှာ ခက်ခဲပါသည်။

အများစု အနေဖြင့်  နိ်ုင်ငံတစ်နိုင်ငံယှဉ်ပြိုင်နှိုင်စွမ်းရှိမှုသည် အဆိုပါနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုံး၊ အတိုးနှုံး၊အစိုးရဘတ်ဂျက်လိုငွေပြမှု၊ အစရှိသည့် နိုင်ငံလုံးဆိုင်ရာ မက်ကရိုစီးပွားရေး အခြေခံ အကြောင်းအချက်များပေါ်တွင် မူတည်နေသည် မြင်ကြပါသည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း  နိုင်ငံသား အများစု၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့သော ဂျပန်၊ ကိုရီးယား အစရှိသည့် အရှေ့အာရှနိုင်ငံများကို ကြည့်ပါက အစိုးရဘတ်ဂျက်လိုငွေပြမှုကြားမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

အချို့က တရုတ်နိုင်ငံကို ဥပမာပေးပြီး  နိုင်ငံခြားငွေလဲလှယ်နှုံး တန်ဖိုးချခြင်းဖြင့် မိမိ နိုင်ငံထုတ် ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နှိုင်စွမ်းတက်လာမည်ဟု ယူဆကြပါသည်။ ဤယူဆချက်မှာ စာရေးသူ ယခင် ဆောင်းပါးတခု (ကားတင်သွင်းခွင့်မူ၀ါဒအသစ်နှင့် မြန်မာ့စီးပွားရေး အလားအလာ) တွင် ဖေါ်ပြခဲ့သကဲ့သို့  မိမိနိုင်ငံ၏ ငွေကြေးတန်ဖိုးကျဆင်းသွားပြီး ပြည်တွင်းထွက်ကုန် ပစ္စည်းများကို ပြည်ပမှ၀ယ်လိုအား တက်လာပါက၊ ပြည်တွင်းရှိကုန်ထုတ် လုပ်ငန်းများက လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်ဆိုသော အချက်အပေါ်တွင် အခြေခံပါသည်။ ထိုမှတဆင့် အလုပ်အကိုင်များ ပိုမိုဖန်တည်းပေးနိုင်ပြီး တိုင်းပြည်၀င်ငွေ တိုးတက်လာမည် ဆိုသည့်အချက်ဖြစ်ပါသည်။ အကယ်၍   ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းများ၏ ကုန်ထုတ်လုပ်နိုင်မှုကို မတိုးမြှင့်နိုင်ပါက မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ပစ္စည်းများ ဈေးတက်မှု၊ ငွေဖေါင်းပွမှု အစရှိသည့် ပြဿနာများနှင့် ရင်ဆိုင်ရနှိုင်ပါသည်။

အချို့ကလည်း နိ်ုင်ငံတစ်နိုင်ငံယှဉ်ပြိုင်နှိုင်စွမ်းရှိမှုသည် ဈေးချိုသော အလုပ်သမား ပေါပေါများများ ရှိခြင်းပေါ်တွင် မူတည်သည်ဟု ဆိုကြပါသည်။ သို့သော် ဂျာမဏီ၊ ဆွစ်ဇာလန် အစရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး လူနေမှု အဆင့်အတန်းမြင့်မားသော နိုင်ငံများဖြစ်သည် လုပ်အားခမြင့်မားသောနိုင်ငံများဖြစ်ကြပါသည်။ ထို့အပြင် နိ်ုင်ငံတစ်နိုင်ငံအတွင်းရှိ အလုပ်သမားများ လုပ်ခလစာ မြင့်မားမလာပါက နိုင်ငံ၏ယှဉ်ပြိုင်နှိုင်စွမ်း တိုးတက်လာပြီး လူနေမှု အဆင့်အတန်းမြင့်မားလာရေးဆိုသည့် အဓိကရည်ရွယ်ချက် မပြည့်ဝနိုင်ပါ။

အခြားအမြင်တခုမှာ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုသည် သဘာဝသယံဇာတပေါကြွယ်ဝမှုနှင့် ဆက်စပ်နေသည်ဟု ယူဆထားခြင်းဖြစ်ပါသည်။ ဤအမြင်အရဆိုပါက ဂျာမဏီ၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား အစရှိသည့် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလာမှုကို ရှင်းပြရန်ခက်ခဲပါသည်။ အချို့ကလည်း ဂျပန်၊ ကိုရီးယား၊ တရုတ် အစရှိသည့် နိုင်ငံများ စီးပွားရေး တိုးတက်လာမှုကို ဥပမာပေးပြီး အစိုးရ၏ မူဝါဒများက နိ်ုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို မောင်းနှင်နေသည် ဆိုသည့် အချက်ကို လက်ခံလာကြပါသည်။ အဆိုပါနိုင်ငံများရှိ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှု၊ ကားလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၊ သံမဏိလုပ်ငန်းများ ကမ္ဘာအလယ်တွင် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာခဲ့ မှုမှာ အစိုးရ၏ အထောက်အပံ့ပေးမှု၊ အကာအကွယ်ပေးမှု စသည့် မှုဝါဒများကြောင့်ဖြစ်ပါသည်။ သို့သော် အခြား ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ဂျာမဏီ၊ အမေရိကန် အစရှိသည့် နိုင်ငံများကိုကြည့်ပါက ပို့ကုန်ကဏ္ဍတွင် အစိုးရက ပံ့ပိုးပေးမှုမှာ မရှိသလောက် ဖြစ်ပါသည်။

အများလက်ခံလာကြသည့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု၏ အကြောင်းတရား တခုကတော့ နိုင်ငံများအကြား စီမံခန့်ခွဲမှုနည်းစံနစ်များ (management practices) ကွာခြားမှုဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံများ အကြား စီမံခန့်ခွဲမှုနည်းစံနစ်များ ကွာခြားမှုမှာ ၎င်းနိုင်ငံများ၏ ဖွံဖြိုးမှုအခြေခံ စီးပွားရေး လုပ်ငန်းများ ကွာခြားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ဥပမာ အမေရိကန်နိုင်ငံတွင် အောင်မြင်နေသော စက်မှုလုပ်ငန်းကြီး တခုဖြစ်သည့် ဘိုရိန်း (Boeing) လေယာဉ်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုစံနစ်နှင့် ဆွစ်ဇာလန်နိုင်ငံမှ ရိုးလက်(စ) နာရီကုမ္ပဏီ၏ စီမံခန့်ခွဲမှုစံနစ်မှာ မတူညီနိုင်ပါ။

တခုပြောနိုင်သည်ကတော့ အထက်တွင်ဖေါ်ပြထားသော အကြောင်းရင်းတိုင်း အတိုင်းအတာတခုအထိ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း မည်သည့်အချက်ကမှ  နိ်ုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှု နှင့် အဆိုပါနိုင်ငံ အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်မှု အဆင့်ကို ပြည့်စုံအောင် ရှင်းလင်းမပြနိုင်ပါ။ ဤသို့ ရှင်းမပြနိုင်ခြင်းက  နိ်ုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုမည် ဆိုသည့် မေးခွန်းနှင့်  ကမ္ဘာ့အလယ်တွင် ယှဉ်ပြိုင်နှိုင်စွမ်းရှိသည့်နိုင်ငံဆိုသည်မှာ နိ်ုင်ငံအတွင်းရှိ ကုမ္ပဏီတိုင်း စီးပွားရေးလုပ်ငန်းတိုင်း ယှဉ်ပြိုင်နှိုင်စွမ်းရှိခြင်းကို ဆိုလိုသလား စသည့်မေးခွန်းများ ရှိလာပါသည်။ သို့သော် မည်သည့်နိုင်ငံမှ ဤအချက်များနှင့် ပြည့်စုံမည်မဟုတ်ပါ။ စီးပွားရေး ဖွံ့ဖြိုးမှု နှစ်စဉ် ၁၀ ရာခိုင်နှုံးကျော်တိုးတက်ခဲ့၍ ကမ္ဘာတဝှမ်းလုံး အားကျခဲ့ရသော တရုတ်နိုင်ငံကိုကြည့်ပါက ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၎င်း၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့သော မှီခိုသူ (ကလေးမွေးဖွားနှုံးကျဆင်းပြီး သက်ကြီးရွယ်အို နည်းပါးခြင်း) ထက် အလုပ်လုပ်နိုင်သူ ပေါများမှု (demographic divident)၊ သဘာဝပါတ်ဝန်းကျင်ကို အလေးမထားမှု၊ လုပ်အားခဈေးချိုမှု နှင့် အကန့်အသတ်မဲ့ ပြည်ပဈေးကွက် စသည့်အချက်များ လျော့ပါး ပျောက်ဆုံးလာပြီး  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုံး ကျဆင်းလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို သုတေသနပြုရာတွင် နာမည်ကြီးသည့် မိုက်ကယ်ပေါ်တာ (Michael E. Porter, Harvard Business School) ၏ အဆိုအရ ကမ္ဘာ့အလယ်တွင်နိ်ုင်ငံတစ်နိုင်ငံ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှု၏ အဓိကအကြောင်းတရားမှာ အဆိုပါ နိုင်ငံ၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအား (productivity) ဖြစ်ပါသည်။ နိုင်ငံတနိုင်ငံ၏ အဓိကရည်မှန်း ချက်ဖြစ်သည့်  နိုင်ငံသား တို့၏ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားလာရေးမှာ ၎င်းနိုင်ငံရှိ အသုံးပြုနေသော လုပ်အား (labour)နှင့် အရင်းအနှီး(capital) တို့၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားပေါ်တွင်  တည်မှီနေပါသည်။ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားဆိုသည်မှာ လုပ်အားတယူနစ် (ဥပမာ လုပ်သားတယောက်၏ တစ်ရက် အလုပ်လုပ်မှု)  သို့မဟုတ် အရင်းအနှီး တယူနစ် (ဥပမာ လယ်တဧကနှင့်ရင်းနှီးငွေ တစ်သိန်း) က ထုတ်လုပ်နိုင်သည့် ထုတ်ကုန်တန်ဘိုးဖြစ်ပါ သည်။ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားသည် ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း၏ အရည်အသွေးပေါ်တွင် လည်းမူတည်နေပါသည်။ ဥပမာ တရုတ်နိုင်ငံလုပ် ချယ်ရီမီနီကားနှင့် အင်္ဂလန်နိုင်ငံတွင်ထုတ်လုပ်သည့် မီနီကား (ကုမ္ပဏီမှာဂျာမန် BMW) တို့ကိုယှဉ်ကြည့်ပါက ထုတ်လုပ်ရာတွင် လိုအပ်သည့် လုပ်အားနှင့် အရင်းအနှီးပမာဏ ကွာခြားမှု သိပ်မရှိသော်လည်း အရည်အသွေးပေါ်တွင် မူတည်၍ ဈေးကွာခြားပါသည်။

တကယ်တမ်းဆိုပါက ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားက နိုင်ငံတနိုင်ငံ၏ ရေရှည်လူနေမှု အဆင့်အတန်းမြင့်မား လာရေးကို ပြဌါန်းပြီး တဦးကျဝင်ငွေတိုးတက်လာမှု၏ အခြေခံအကြောင်း တရားဖြစ်ပါသည်။ နိုင်ငံတနိုင်ငံ အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားက ၎င်းနိုင်ငံမှ လုပ်သားများ၏ လုပ်ခလစာ ကိုပြဌါန်းပါသည်။ လုပ်သားများ၏ လုပ်ခလစာ မြင့်မား လာမှသာ ရေရှည်တွင် လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်ပါသည်။  နိုင်ငံတနိုင်ငံ အနေဖြင့် နိုင်ငံအတွင်းရှိ ကုန်ထုတ်စွမ်းအားစုများ (အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်)၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားကို မမြှင့်တင်နိုင်ပါ နိုင်ငံခြားကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမှာ ရရှိလာမည့် အကျိုးကျေးဇူးများကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်မည်မဟုတ်ပါ။ ပြည်တွင်း လုပ်အားခ ဈေးချိုသောနိုင်ငံတနိုင်ငံအနေဖြင့် ကျွမ်းကျင်မှုနိမ့် လုပ်အားအင်အားများများလိုသော ကဏ္ဍများတွင်သာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာဖွယ်ရာ ရှိပါသည်။ သို့သော် အဆိုပါ ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှုများမှာ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားလာရေးအတွက် အထောက်အကူ မပြုနိုင်ပါ။  နိ်ုင်ငံတစ်နိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး စီးပွားရေးအရကြွယ်ဝချမ်းသာလာမှုသည်  အဆိုပါနိုင်ငံအတွင်းရှိ လုပ်သားများ လုပ်ကိုင်ရသည့် အလုပ်အကိုင် အမျိုးအစား ပေါ်တွင် အဓိက တည်မှီနေပြီး လုပ်သားများ လစာနိမ့် အလုပ်အကိုင် ရရှိမှုပေါ်တွင် မူတည်ခြင်းမရှိဟု မိုက်ကယ်ပေါ်တာက ဆိုပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နှင့် ပါတ်သက်၍ ကွဲပြားခြားနားသည့် အမြင်နှစ်မျိုးမှာ ပြည်တွင်းဈေးကွက်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုကို အကန့်အသတ်မရှိဖွင့်ပေးသင့်သည် ဆိုသည့်အမြင်နှင့် ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုအကန့်အသတ်ဖြင့် ဖွင့်ပေးသင့်သည် ဆိုသည့်အမြင်ဖြစ်ပါသည်။ ပြည်တွင်းဈေးကွက်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုကို အကန့်အသတ်မရှိဖွင့်ပေးသင့်သည် ဆိုသည့်အမြင်ရှိသူများက မြန်မာနိုင်ငံနေဖြင့် လတ်တလော အဓိက ဦးစားပေးသင့်သည်မှာ ဆင်းရဲမွဲတေမှု လျှော့ချရေးဖြစ်၍ နိုင်ငံခြားရင်းနှီးမြုပ်နှံများက ဖန်တီးပေးမည့် အလုပ်အကိုင်ရရှိမှုမှာ အရေးကြီးသည်ဟု ဆိုကြပါသည်။ အလားတူ မူဝါဒများအရ လုပ်အားခချိုသာမှုကို အသုံးပြု၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်ခဲ့ကြသည့် နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့် အစရှိသောနိုင်ငံများကို ကြည့်ပါက ဝင်ရောက်လာသော ရင်းနှီးမြုပ်နှံမှုများက ယခင်က ထိရောက်စွာ အသုံးမချခဲ့သော လုပ်သားအင်အားထုကို အလုပ်ရစေသဖြင့် ကာလတိုအနေဖြင့် အတိုင်းအတာတခုထိ တစ်ဦးကျဝင်ငွေ မြင့်တက်လာခဲ့သည်ကို တွေ့ရပါသည်။ သို့သော် အဆိုပါနိုင်ငံများအနေဖြင့် ယခုအခါ မလေးရှား၊ ထိုင်း၊ တရုတ် အစရှိသည့် နိုင်ငံများရင်ဆိုင်နေရသည့် ဝင်ငွေအလယ်အလတ်ထောင်ချောက် (middle income trap) ဟုခေါ်သော ဝင်ငွေ အလယ်အလတ်အဆင့်နိုင်ငံမှ ဝင်ငွေမြင့်နိုင်ငံအဆင့်သို့ မကူးပြောင်းနိုင်သော ပြဿနာနှင့် ရင်ဆိုင်နေရပြီဖြစ်ပါသည်။

အခြားတဖက်ကလည်း ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားကုမ္ပဏီကြီးများနှင့် အရင်းအနှီး၊ နည်းပညာ စသည်တို့တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိမည် မဟုတ်၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုအကန့်အသတ်ဖြင့် ဖွင့်ပေးသင့်သည် ဆိုပါသည်။ ယခု ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း (အမျိုးသားလွှတ်တော်နှင့် နိုင်ငံတော်သမ္မတမှ အတည်ပြုရန်ကျန်သေးသည်။) အရဆိုပါက ဤအမြင်က အားသာနေပုံရပါသည်။ ရင်းနှီးမြုပ်နှံမှုဥပဒေကို စတင်ဆွေးနွေးကာစက နိုင်ငံခြားပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုံးအထိ ခွင့်ပြုမည်ဟု ဆိုခဲ့သော်လည်း ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို ကာကွယ်ရန်အတွက်ဟုဆိုကာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် ပြင်ဆင်မှု ၉၄ ချက်အရ မွေးမြူရေး၊ စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍ ၁၃ ခုတွင် နိုင်ငံခြား ပိုင်ဆိုင်မှုကို အများဆုံး ၄၉ ရာခိုင်နှုံး (အချို့ကဏ္ဍများတွင် အများဆုံး ၃၅ ရာခိုင်နှုံး) အထိသာ ခွင့်ပြုမည်ဟု ပြင်ဆင်ခဲ့ပါသည်။

ဤနေရာတွင် စဉ်းစားစရာ ၂ ချက်ရှိပါသည်။ ပထမ အချက်မှာ နိုင်ငံခြားကုမ္ပဏီကြီးများအနေ ပြည်တွင်း လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ ထူထောင်လိုစိတ် ရှိမရှိ ဆိုသည့် အချက်ဖြစ်ပါသည်။ စီးပွားရေး လုပ်ငန်း ၂ ခု ဖက်စပ်လုပ်ကိုင်ရခြင်း၏ အဓိက အကြောင်းရင်းတခုမှာ ကုမ္ပဏီတခုတွင် မရှိသော နည်းပညာ၊ ဈေးကွက်ဗဟုသုတ စသည်တို့ကို အခြားဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီက ပံ့ပိုးပေးနိုင်သောကြောင့် (complementary assets and resources) ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ အနေဖြင့်  နိုင်ငံခြားကုမ္ပဏီကြီးများတွင် မရှိသည့် နည်းပညာ၊ စီမံခန့်ခွဲမှုအတတ်ပညာ စသည် တို့ကို ဖြည့်ဆည်းပေးနိ်ုင်မည် မဟုတ်ဘဲ၊ မြန်မာပြည်ဈေးကွက် အကြောင်း မြန်မာစားသုံးသူများ၏ သဘောသဘာဝ စသည့် ဈေးကွက်နှင့် ပါတ်သက်သည့် ဗဟုသုတကိုသာ ပံ့ပိုးပေးနိုင်သည့်  အခြေအနေ ရှိပါသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်တွင် ကုန်ပစ္စည်းဖြန့်ဖြူးရေးလုပ်လိုသည့် နိုင်ငံခြားကုမ္ပဏီများ၊ ဘဏ်လုပ်ငန်းစသည့် ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများ ကသာ မြန်မာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်လိုမည်ဖြစ် ပါသည်။ မြန်မာနိုင်ငံရေရှည် တိုးတက်ရေး အတွက် ကုန်ထုတ်လုပ်မှုနည်းပညာ၊ စီမံခန့်ခွဲမှု အတတ်ပညာများ ယူဆောင်လာနိုင်မည့် နည်းပညာသုံး ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများအနေဖြင့်မူ ယခု ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံတွင် လာရောက်မြုပ်နှံသင့်မသင့် ပြန်လည် ချိန်ဆနေကြပြီဖြစ်ပါသည်။

သြဂုတ်လ ၂၈ ရက်ထုတ် ဖိုင်နင်ရှယ်တိုင်း (Financial Times) သတင်းစာ၏ အဆိုအရ ယခု ကန့်သတ် ချက်များကြောင့် မြန်မာပြည်ကို ရင်းနှီးမြုပ်နှံမှု ရွှေကြောကြီး (Myanmar gold-rush) ဟု တင်စားပြီး နိုင်ငံတွင်းရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများကို စိတ်ဝင်စားနေကြသည့် နိ်ုင်ငံခြား စီးပွားရေးလုပ်ငန်းများထဲမှာ အနည်းငယ်ခန့်ကသာ အမှန်တကယ် လာရောက် မြုပ်နှံရန် စိတ်ဝင်စားတော့ သည်ဟု ဆိုပါသည်။  အဆိုပါ သတင်းစာတွင် ဖေါ်ပြချက်အရ ယခင်အတည်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေက ယခုရေးဆွဲနေသည့် ဥပဒေထက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင် လိမ့်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောသည်ဟု ဆိုပါသည်။ သြစတြေလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ် (Macquaire University)မှ မြန်မာ့စီးပွားရေးလေ့လာသူ ရှောင်တာနဲလ် (Sean Turnell)၏ အဆိုအရ အသစ်ရေးဆွဲနေ သည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေ၏ ဥပဒေကြမ်း ဆွေးနွေး အတည်ပြုမှုအဆင့်ဆင့်သည် ပို၍ပို၍ နောက်ပြန်ဆွဲလာပြီး၊ ပွင့်လင်းမြင်သာမှု လျော့နည်းလာသည့် အတွက် အတည်ပြုမည့် ဥပဒေအသစ်သည်  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတားဆီးရေးဥပဒေ (No Foreign Investment Law) အသွင်ဆောင် လာနေသည်ဟု ဝေဖန်ခဲ့ပါသည်။ (Financial Time Blog on Myanmar Foreign Investment Law

အခြား စဉ်းစားအရာအချက်တခုမှာ ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို ကာကွယ်ရန်အတွက်ဆိုကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ကန့်သတ်ခြင်း ဖြစ်ပါသည်။ ဤအကြောင်းပြချက် က နိုင်ငံခြားကုမ္ပဏီကြီးများသည် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ပြိုင်ဖက်ဖြစ်သည်ဟူသော ယူဆချက်အပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။  သို့သော် လက်ရှိ မြန်မာနိုင်ငံ အတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း အများစုသည် နိုင်ငံခြား ကုမ္ပဏီကြီးများ၏ ပြိုင်ဖက်မဟုတ်သည့် အပြင် ပြည်တွင်းလုပ်ငန်းများ လက်ရှိ အသုံးပြုနေသည့်  ခေတ်နောက်ကျနေသော နည်းပညာနှင့် စီမံခန့်ခွဲမှုနည်းစံနစ်များကို ကြည့်ပါက နိုင်ငံခြား ကုမ္ပဏီများ ဝင်လာသည်ဖြစ်စေ၊ မဝင်လာသည်ဖြစ်စေ ရေရှည်တွင် ကမ္ဘာ့အလယ် မဆိုထားနှင့် ၂၀၁၅ အာစီယံ လွတ်လပ်သောကုန်သွယ်ရေးဇုံ သဘောတူညီချက်အရ ဝင်ရောက်လာမည့် ဒေသတွင်းနိုင်ငံများမှ ထုတ်ကုန်များနှင့်ပင်  ယှဉ်ပြိုင်နှိုင်စွမ်းရှိမည် မဟုတ်ပါ။  အဓိက အချက်မှာ ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားကုမ္ပဏီကြီးများ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အတူတကွ အမှီသဟဲပြု တည်ရှိနိုင်မှုကို ဦးစားပေးသည့် ရင်းနှီးမြုပ်နှံမှုဥပဒေမျိုး ပြဌါန်းပေးရန် လိုအပ်ပါသည်။  ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည့် နည်းပညာ၊ အတတ်ပညာများ လွဲပြောင်းပေးမည့် နိုင်ငံခြားကုမ္ပဏီကြီးများကို အခွန်သက်သာခွင့်၊ ရာနှုံးပြည့်ရင်းနှီးမြုပ်နှံခွင့် များသာမက လိုအပ်ပါက ထောက်ပံ့ကြေးများ (subsidies) ပေး၍ ဆွဲဆောင်သင့်ပါသည်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်နေသည့် စာရေးသူတို့ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံ များ ပြုလုပ်ခဲ့ကြသည့်မူဝါဒအမှားများနှင့် ယခုလက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို သင်္ခန်းစာယူ၍ နိုင်ငံအတွက် ရေရှည်အကျိုးရှိမည့်၊ နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်မည့် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဦးစားပေးသော ရင်းနှီးမြုပ်နှံမှု မူဝါဒများကို သေသေချာချာ စဉ်းစားချမှတ် အကောင်အထည်ဖေါ်သင့် ပါကြောင်း တင်ပြလိုက်ရပါသည်။

ရည်ညွှန်းကိုးကား။


Creative Commons License
နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြုပ်နှံမှုဥပဒေ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a comment