Sunday, 26 August 2012

နိုင်ငံတို့၏ ကြွယ်ဝချမ်းသာမှုအစစ်အမှန်ကို တိုင်းတာတွက်ချက်ခြင်း

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို၏ အဓိက ရည်မှန်းချက်တခုမှာ ချမ်းသာကြွယ်ဝသော နိုင်ငံတခုဖြစ်လာရန်ဟု ဆိုနိုင်ပါသည်။  မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများက သဘာဝသယံဇာတ ကြွယ်ဝမှုကို  နိုင်ငံ၏ဥစ္စာဓန အဖြစ်ဖေါ်ပြလေ့ရှိပါသည်။ အချို့နိုင်ငံများက ကျွမ်းကျင်လုပ်သားပေါများမှု (skilled workforce)၊ ကမ္ဘာ့အဆင့်မှီ အခြေခံအဆောက်အအုံများပိုင်ဆိုင်မှု (world-class infrastructure) စသည်တို့ကို နိုင်ငံ၏ဥစ္စာဓန အဖြစ် ကြွားလုံးထုတ်လေ့ ရှိပါသည်။  နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှု (wealth of nations) ကို တိတိကျကျ မည်ကဲ့သို့တိုင်းတာမည်လဲ ဆိုသည့်အချက်မှာမှု ယခုအချိန်အထိ အဖြေမရှိသေးသော မေးခွန်းတခု လိုုဖြစ်နေပါသည်။


စီးပွားရေးပညာရှင်များက နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို စုစုပေါင်းတိုင်းပြည်ထုတ်ကုန် (GDP - Gross Domestic Product) ကို အသုံးပြု၍ တိုင်းတာလေ့ရှိပါသည်။ ဥပမာ ကမ္ဘာ့ဘဏ်က တဦးကျဝင်ငွေ တနှစ် ၄၀၃၅ ဒေါ်လာထက်နည်းသော ဝင်ငွေနည်းနိုင်ငံ (Low and lower middle income) များကို ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သတ်မှတ်လေ့ရှိပါသည်။ သို့ရာတွင် စုစုပေါင်းတိုင်းပြည် ထုတ်ကုန်က နိုင်ငံတနိုင်ငံ၏ ဝင်ငွေ (income) ကိုသာ တိုင်းတာခြင်းဖြစ်ပြီး ချမ်းသာကြွယ်ဝမှုကို မတိုင်းတာနိုင်ပါ။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က တိုင်းပြည်တပြည်၏ ဝင်ငွေ၊ ကျန်းမာရေး၊ ပညာရေး အဆင့်အတန်းများပေါ် မူတည်၍ တွက်ချက်သော လူမှုဘဝတိုးတက်မှုအညွှန်းကိန်း (HDI - Human Development Index)ကို အသုံးပြုပါသည်။ ဤအညွှန်းကိန်းကလည်း နိုင်ငံတနိုင်ငံ၏ လူနေမှုအဆင့်အတန်းကို ဖေါ်ပြခြင်းဖြစ်ပြီး ကြွယ်ဝချမ်းသာမှုကို တိုင်းတာခြင်း မဟုတ်ပါ။


သယံဇာတပစ္စည်းများကိုသာ ထုတ်ယူရောင်းချနေရသော တိုင်းပြည်တပြည်၏ စီးပွားရေးအခြေအနေကို စုစုပေါင်းတိုင်းပြည်ထုတ်ကုန် သက်သက်ဖြင့် တိုင်းတာပါက သဘာဝပါတ်ဝန်းကျင် ဆုံးရှုံးပျက်သုဉ်းမှု များကို လျှစ်လျူရှုထားရာ ရောက်မည်ဖြစ်ပါသည်။ ဤကဲ့သို့သော မူဝါဒများသည် သဘာဝပါတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်ယွင်းစေနိုင်ပြီး  ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (sustainable economic growth)အတွက် အထောက်အကူပေးနိုင် မည် မဟုတ်ပါ။ နိုင်ငံတနိုင်ငံအနေဖြင့် မြေပေါ်မြေအောက်ရှိ သဘာဝသယံဇာတပစ္စည်းများကို ထုတ်ယူရောင်းချပြီး လိုအပ်သော အခြေခံအဆောက်အအုံများ၊ လူ့စွမ်းအားအရင်းအမြစ် များကို တည်ဆောက်နိုင်ရပါမည်။  ဤနေရာတွင် အရေးကြီးသည့် အချက်မှာ ထုတ်ယူသုံးစွဲလိုက်သည့် သဘာဝ သယံဇာတပစ္စည်းများ၏ တန်ဘိုးထက်၊ ၎င်းသယံဇာတပစ္စည်းရောင်းရငွေများဖြင့် တည်ဆောက်ထားသော အခြေခံအဆောက်အအုံများ၊ လူ့စွမ်းအားအရင်းအမြစ်များက ပြန်လည်ရရှိလာမည့် တန်ဘိုးက ပို၍များမှသာ နောင်လာမည့် မျိုးဆက်သစ်များအတွက် အကျိုးရှိမည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ဤအချက်က နိုင်ငံများအနေဖြင့် သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးသော အစိမ်းရောင်စီးပွားရေး (green economy) ကို အလေးထားရန်လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါသည်။


သို့ဖြစ်ပါ၍ နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုနှင့် ရေရှည်တည်တန့်သော ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ ကို သုံးသပ်ရန်အတွက် ၎င်းနိုင်ငံရှိ သဘာဝသယံဇာတ အရင်းအမြစ်၊ လူ့စွမ်းအား အရင်းအမြစ်၊ ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ အရင်းအမြစ် တို့၏ တန်ဘိုးစုစုပေါင်းကို ငွေကြေးဖြင့် တန်ဘိုးဖြတ်တိုင်းတာ တွက်ချက်နိုင်သည့် နည်းလမ်းတခု လိုအပ်နေပါသည်။ တနည်းအားဖြင့်ဆိုရလျှင် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် အသုံးပြုနိုင်သည့် နည်းလမ်းသစ်များ ရှာဖွေဖါ်ထုတ်နိုင်ရန်ဖြစ်ပါသည်။ ဤကွက်လပ်ကို ဖြည့်ဆည်းသည့်အနေဖြင့် ကုလသမဂ္ဂပါတ်ဝန်းကျင် ဆိုင်ရာအစီအစဉ် (UNEP) နှင့် ကုလသမဂ္ဂတက္ကသိုလ် လူသားရှု့ထောင့်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNU-IHDP) တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ကိန်းဘရစ် တက္ကသိုလ်မှ ပါမောက္ခ ပါသာ ဒက်(စ)ဂုပ္ပတ (Professor Partha Desgupta)  ဦးဆောင်သော အဖွဲ့က နိုင်ငံ ၂၀ ၏ စုစုပေါင်း ကြွယ်ဝချမ်းသာမှုကို လေ့လာသည့် သုတေသနစာတမ်း တစ်စောင် ပြုစုခဲ့ပါသည်။  ဤသုတေသနစာတမ်းက နိုင်ငံများ၏ ပိုင်ဆိုင်မှုကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားထားပါသည်။

  • စက်ကိရိယာ၊ အဆောက်အဦး၊ အခြေခံအဆောက်အအုံ စသည့် ထုတ်လုပ်မှုမှတဆင့်ရရှိသော ရုပ်ဝတ္ထု ဆိုင်ရာအရင်းအနှီး 
  • နိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်း၊ ကျွမ်းကျင်မှု တို့ပေါ်တွင်အခြေခံသော လူသားဆိုင်ရာ အရင်းအနှီး
  • စိုက်ပျိုးနိုင်သော မြေယာ၊ သစ်တော၊ ရုပ်ကြွင်းလောင်စာ၊ ဓါတ်သတ္ထုပစ္စည်းများ ပါဝင်သော  သဘာဝ သယံဇာတဆိုင်ရာအရင်းအနှီး

ဤတိုင်းတာမှုနည်းစံနစ်အရ အမေရိကန်နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုပမာဏမှာ ၂၀၀၈ ခုနှစ်တွင် ဒေါ်လာ ၁၁၈ ထရီလီယံ (၁၁၈၀၀၀ ဘီလီယံ) ရှိသည်ဟုဆိုပါသည်။ နိုင်ငံသားတဦးချင်း၏ ကြွယ်ဝချမ်းသာမှုတွင်မူ ဂျပန်နိုင်ငံသားများက ဒေါ်လာ ၄၀၀၀၀၀ ကျော်ဖြင့် ပထမနေရာတွင်ရှိပါသည်။ စုစုပေါင်းတိုင်းပြည် ထုတ်ကုန်ကို အသုံးပြု၍ တိုင်းတာပါက တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ဂျပန်နိုင်ငံထက် ကြီးမားသော်လည်း ယခု ကုလသမဂ္ဂ၏ တိုင်းတာမှု စံနစ်သစ်အရ ဂျပန်က တရုတ်ထက် ၂.၈ ဆခန့် ပိုမို ကြွယ်ဝသည် ကို တွေ့ရပါသည်။ အထူးသဖြင့် ဂျပန်နိုင်ငံသည် ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတ အရင်းအမြစ် ဆုံးရှုံးမှုမရှိသော နိုင်ငံတခုဖြစ်ပါသည်။


ဇယား(၁)။နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှု

 
   (Source: The Economist (30/06/2012): http://www.economist.com/node/21557732)

နိုင်ငံအတော်များများမှ တာဝန်ရှိသူများက သူ့တို့နိုင်ငံ၏ အရေးပါဆုံး ပိုင်ဆိုင်မှုမှာ နိုင်ငံတွင်းရှိ လူ့အရင်းအမြစ်များဟု ဆိုလေ့ရှိပါသည်။ ယခု ကုလသမဂ္ဂအစီအရင်ခံစာအရ လေ့လာထားသည့်နိုင်ငံ ၂၀ အနက် နိုင်ဂျီးရီးယား၊ ရုရှား နှင့် ဆော်ဒီအာရေဘီယား တို့မှလွဲ၍ ကျန်နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှုတွင် လူ့အရင်းအမြစ်က အဓိကဖြစ်သည်ကို တွေ့ရပါသည်။ ပျမ်းမျှကျောင်းနေသက်တမ်း (average year of schooling)၊ ရရှိသည့် လုပ်ခလစာ၊ အလုပ်လုပ်ကိုင်မှုသက်တမ်း စသည့်အချက်များပေါ်တွင် အခြေခံတွက်ချက်မှုအရ ဗြိတိန်နိုင်ငံ ကြွယ်ဝချမ်းသာမှု၏ ၈၈% နှင့် အမေရိကန်နိုင်ငံ ကြွယ်ဝချမ်းသာမှု၏ ၇၅% မှာ လူသားအရင်းအမြစ်ဖြစ်သည်ကို တွေ့ရပါသည်။ လေ့လာတွေ့ရှိချက်အရ ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း ရုရှားနိုင်ငံမှလွဲ၍ ကျန် ၁၉ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုမှာ တိုးတက်လာသည်ကိုတွေ့ရှိရ ပါသည်။ တနည်းအားဖြင့် လူ့စွမ်းအား အရင်းအမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ အရင်းအမြစ်များ တိုးတက်မှုက သဘာဝသယံဇာတ အရင်းအမြစ်ပြုန်းတီးမှုထက် သာလွန်သည် ကို တွေ့ရှိရပါသည်။

ယခုသုတေသနစာတမ်းက ကြေးနီ၊ ရေနံ အစရှိသည့် သဘာဝသယံဇာတများ မှ ဦးနှောက်စွမ်းအား အထိကို ငွေကြေးဖြင့် တန်ဘိုးဖြတ်ခြင်းအားဖြင့် နိုင်ငံများ၏ ပိုင်ဆိုင်မှုအမျိုးအစား သုံးမျိုးစလုံးကို တိုင်းတာ တွက်ချက် နှိုင်းယှဉ်ရ လွယ်ကူစေပါသည်။ ဥပမာအားဖြင့် နိုင်ငံတနိုင်ငံ အနေဖြင့် သစ်တောပမာဏ တန်ဘိုး ဒေါ်လာ ၁၀ ဘီလီယံဆုံးရှုံးသွားသော်လည်း လူ့စွမ်းအားအရင်းအမြစ် နှင့် ကျွမ်းကျင်မှု တွင် ဒေါ်လာ ၁၀ ဘီလီယံ တိုးလာပါက စုစုပေါင်း ကြွယ်ဝချမ်းသာမှုမှာ ပြောင်းလဲမသွားဟု ဆိုလိုပါသည်။
ယခုကဲ့သို့ နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်မှုအမျိုးအစား သုံးမျိုးပေါ်တွင် အခြေတည်၍ တွက်ချက်ခြင်းအားဖြင့် စုစုပေါင်းတိုင်းပြည်ထုတ်ကုန်တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားမထားသော သဘာဝပါတ်ဝန်းကျင်ယိုယွင်းမှု (depletion of natural resources) နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှု၏ အကျိုးသက်ရောက်မှုများကို ထင်သာမြင်သာရှိစေပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၏ ၁၉၉၀-၂၀၀၈ ပျမ်းမျှ တဦးကျတိုင်းပြည်ထုတ်ကုန်တိုးတက်မှုမှာ ၉.၆% ဖြစ်သော်လည်း တဦးကျ စုစုပေါင်း ကြွယ်ဝချမ်းသာမှု တိုးတက်မှုမှာ ၂.၁% သာဖြစ်သည်ကိုတွေ့ရပါသည်။


ဇယား (၂)၊  ပျမ်းမျှ တဦးကျတိုင်းပြည်ထုတ်ကုန်နှင့် စုစုပေါင်းကြွယ်ဝချမ်းသာမှု တိုးတက်နှုံး နှိုင်းယှဉ်ချက်
 Source: UNU-IHDP and UNEP (2012). Inclusive Wealth Report 2012. Measuring progress toward sustainability. Cambridge: Cambridge University Press.
     
စာတမ်းပြုစုသူများက ဤသုတေသနစာတမ်းမှာ လိုအပ်ချက်အချို့ရှိနေသေးသည်ကို အသိအမှတ်ပြုပြီး၊ စာတမ်းပါ ခန့်မှန်းတွက်ချက်မှုများကို လုံးဝပြည့်စုံသည်ဟု မယူဆရန် သတိပေးထားပါသည်။ အထူးသဖြင့် သဘာဝသယံဇာတများကို တန်ဘိုးတွက်ချက်ရာတွင် လိုအပ်ချက်များရှိနေသေးသည်ဟု ဆိုပါသည်။ အချို့ သဘာဝသယံဇာတများ၏ ဈေးကွက်တန်ဘိုး (market price) မှာ ကုန်စည်၏တန်ဘိုးအစစ်အမှန်(social value)ကို ကိုယ်စား မပြုသောကြောင့်ဖြစ်ပါသည်။ စီးပွားရေးပညာရှင်များပေးလေ့ရှိသည့် ဥပမာမှာ ပျားမွေးမြူရေးဖြစ်ပါသည်။ ပျားမွေးမြူရေးမှ ထွက်ရှိလာသော ပျားရည်ကို ဈေးကွက်တွင်ရောင်းချနိုင် ၍ ဈေးနှုံးသတ်မှတ်နိုင်သော် လည်း အခြား ဘေးထွက်သွယ်ဝိုက် အကျိုးသက်ရောက်မှုဖြစ်သည့် ပျားများဝတ်မှုံကူးခြင်းကြောင့် အနီးရှိစိုက်ခင်းများအောင်မြင်မှုကို ငွေကြေးဖြင့် တိုင်းတာရန် ခက်ခဲပါသည်။

မည်သို့ပင်ဆိုစေ ယခု အစီအရင်ခံစာက သဘာဝသဘာဝသယံဇာတပစ္စည်းများ ထုတ်လုပ်ရောင်းချမှုကို အားထားနေရဆဲဖြစ်သည့် မြန်မာနိုင်ငံလို နိုင်ငံများအတွက် သင်ခန်းစာယူစရာများ ပါရှိပါ သည်။ နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်မှုအမျိုးအစား သုံးမျိုးပေါ်တွင် အခြေတည်၍ တွက်ချက်ခြင်းအားဖြင့် စီးပွားရေးမူဝါဒချမှတ်ခြင်းသည် ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုပြဿနာ (asset-management problem) နှင့် အသွင်တူသည်ဟု  ပါမောက္ခ ဒက်(စ)ဂုပ္ပတက ဆိုပါသည်။ ထို့အပြင် သယံဇာတပစ္စည်းများ ထုတ်လုပ်ရောင်းချမှုပေါ်တွင် မှီခိုနေရသည့် နိုင်ငံတနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို  စုစုပေါင်း တိုင်းပြည်ထုတ်ကုန် တိုးတက်မှုဖြင့် တိုင်းတာခြင်းမှာ တိုးတက်မှု အစစ်အမှန်ကို ကိုယ်စား မပြုနိုင်ပါ။ ထုတ်လုပ်ရောင်းချလိုက်သည့် သဘာဝ သယံဇာတ ပစ္စည်းများ၏ တိုက်ရိုက်နှင့်သွယ်ဝိုက်တန်ဘိုးများထက် မကျော်လွန်တောင်မှ တန်ဘိုးတူညီသည့်  လူ့စွမ်းအား အရင်းအမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံအရင်းအမြစ် အသစ်များ ဖန်တီးနိုင်မှု မရှိပါက တိုင်းပြည် အမှန်တကယ် တိုးတက်လာသည်၊ ချမ်းသာကြွယ်ဝ လာသည်ဟုမဆိုလိုနိုင်ပါ။

မကြာသေးခင်က အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်လိုက်သော အစီအရင်ခံစာတခုအရ  မြန်မာ့စီးပွားရေး သည် လာမည့်ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၈ ရာခိုင်နှုန်းခန့် တိုးတက်လာဖွယ်ရှိပြီး နိုင်ငံသားတစ်ဦးချင်းစီ၏ ပျမ်းမျှနှစ်စဉ် ၀င်ငွေသည် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၀၀၀ ထိတိုးတက်လာနိုင်သည်ဟု ဆိုပါသည်။ စာရေးသူအနေဖြင့် မျှော်လင့်သည်မှာ ဤကဲ့သို့ ဝင်ငွေအနေနှင့် တိုးတက်လာခြင်းသာမက မြန်မာနိုင်ငံ သားတို့၏  လူ့စွမ်းအား အရင်းအမြစ်များ၊ မြန်မာနိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာအခြေခံ အဆောက်အအုံအရင်း အမြစ်များပါ တိုးတက်လာပြီး ထိုမှတဆင့် နိုင်ငံသားတစ်ဦးချင်းစီ၏ ချမ်းသာကြွယ်ဝမှုကို တိုးတက်မြင့်မား လာမည့် မှန်ကန်သည့် စီးပွားရေးမူဝါဒများ ချမှတ်နိုင်မှုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ရည်ညွှန်းကိုးကား။

Creative Commons License
နိုင်ငံတို့၏ ကြွယ်ဝချမ်းသာမှုအစစ်အမှန်ကို တိုင်းတာတွက်ချက်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a comment