Sunday, 15 July 2012

နိုင်ငံတကာဘဏ်ကြီးတွေရင်ဆိုင်နေရတဲ့ပြဿနာအသစ် (LIBOR Scandal)

ပြီးခဲ့တဲ့ သီတင်းပါတ်အတွင်းက ဘဏ္ဍာရေးလောကတခုလုံးကို ရိုက်ခတ်သွားခဲ့တဲ့ သတင်းတခုကတော့   LIBOR (London Inter-Bank Offered Rate) လို့ခေါ်တဲ့ လန်ဒန်ဘဏ်အချင်းချင်းငွေချေးရာတွင် ကမ်းလှမ်းတဲ့ အတိုးနှုံးကို သတ်မှတ်ရာမှာ မသမာမှုတွေလုပ်ခဲ့တဲ့အတွက် ဘာကလေဘဏ် (Barclays ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲစပွန်ဆာ)ကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက ဘဏ္ဍာရေးအာဏာပိုင်တွေက ဒေါ်လာသန်း ၄၅၀ ဒဏ်ရိုက်လိုက်တဲ့သတင်းပါပဲ။ ဒီ LIBOR အတိုးနှုံးက ဘဏ်အချင်းချင်း ကာလတိုငွေချေးကြတဲ့အခါ ပေးရတဲ့ အတိုးနှုံးတွေကိုအခြေခံ ထားတဲ့ ကာလတိုစံအတိုးနှုံး (primary benchmark short-term interest rate) ဖြစ်ပါတယ်။

ဘဏ်တွေရဲ့အဓိကလုပ်ဆောင်ချက်က ငွေပိုသူတွေလာအပ်တဲ့အပ်နှံငွေတွေကို ငွေလို သူတွေကို  ပြန်ထုတ်ချေးပြီး  အပ်နှံငွေအပေါ်မှာပေးတဲ့အတိုးနဲ့ ငွေချေးယူသူတွေဆီကယူတဲ့ အတိုးရဲ့ခြားနားချက်ဟာ ဘဏ်တွေရဲ့အဓိကဝင်ငွေရလမ်းဖြစ်ပါတယ်။ ဒီတော့ဘဏ်တွေအနေနဲ့ အမြတ်များများရအောင် အပ်နှံငွေတွေကို ဖြစ်နိုင်သမျှ များများထုတ်ချေးလိုကြပါတယ်။ ဒီအတွက် မြန်မာနိုင်ငံနဲ့ တချို့နိုင်ငံတွေမှာ ဥပဒေအရ အပ်နှံငွေရဲ့တစိတ်တပိုင်းကို ဘဏ်မှာ၊ သို့မဟုတ် ဗဟိုဘဏ်မှာ သီးသန့်ချန်ထားရပါတယ်။  ဒါပေမဲ့ ဘဏ္ဍာရေးစံနစ်ဖွံ့ဖြိုးတဲ့ နို်င်ငံတွေမှာ ဒီလို ဥပဒေနဲ့သတ်မှတ်ထားတဲ့ သီးသန့်ရံပုံငွေလိုအပ်ချက် မရှိပါဘူး။ ဘဏ်တွေအနေနဲ့ မိမိတို့ရဲ့ ကာလတိုပေးရန်၊ရရန်တွေကို ခန့်မှန်းချင့်ချိန်ပြီး လိုအပ်မဲ့ငွေသားပမာဏကို ဆောင်ထားကြပါတယ်။ တကယ်လို့ ခန့်မှန်းတဲ့အတိုင်းမဖြစ်လာဘဲ အရေးပေါ်ငွေလိုလာပါက တခြားငွေပိုတဲ့ ဘဏ်တွေထံမှ ကာလတို (တရက်မှတနှစ်ထိ) ငွေချေးယူကြပါတယ်။

အဲဒီ ကာလတိုဘဏ်အချင်းချင်း ငွေချေးတဲ့ဈေးကွက်ဟာ အရမ်းသွက်လက်တဲ့ အတွက် ငွေပို၊ငွေလိုတဲ့ ဘဏ်တွေအနေနဲ့ ငွေကို နာရီပိုင်း၊ ရက်ပိုင်း မိမိလိုအပ်သလို ချေးငှား၊ချေးယူနိုင်ပါတယ်။ ဒီလိုငွေချေးတဲ့အခါမှာ ပေးရတဲ့အတိုးနှုံးကလဲ ငွေချေးယူလိုတဲ့ဘဏ်ရဲ့ခိုင်မာမှု အခြေအနေပေါ် မူတည်ပြီးဈေးကွက်က သတ်မှတ်တဲ့အတိုးနှုံးပါဘဲ။ ဒီတော့ ငွေရေးကြေးရေး အခြေအနေမကောင်းတဲ့ ဘဏ်တခုအနေနဲ့ ငွေချေးလိုရင် တခြား ငွေရေးကြေးရေးခိုင်မာတဲ့ဘဏ်တွေထက် အတိုးပိုပေးရပါတယ်။ ဒီလိုဘဏ်တွေရဲ့ ခိုင်မာမှုကို ဈေးကွက်ကမျက်ခြေမပြတ်လေ့လာနေတဲ့အပြင် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ (Rating Agencies) က ဘဏ်တွေရဲ့ဘဏ္ဍာရေးငွေကြေးခိုင်မာမှုအဆင့် (Credit Rating)ကိုသတ်မှတ်ပေးကြပါတယ်။ (ဒီအဆင့်သတ်မှတ်တဲ့ အဖွဲ့အစည်းတွေအကြောင်းနဲ့ ငွေကြေးခိုင်မာ မှုအဆင့်သတ်မှတ်မှုတွေကို သီးခြားဆောင်းပါးတပုဒ်ရေးပါဦး မယ်။ လောလောဆယ်မှာတော့ ယခင် လုပ်ခဲ့တဲ့ Middlesex University ကသုတေသီတွေ နဲ့ပေါင်းပြီး ဒီငွေကြေးခိုင်မာမှုအဆင့်သတ်မှတ် မှုတွေက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက ကုမ္ပဏီတွေရဲ့ ငွေချေးယူမှုပုံစံတွေကို ဘယ်လိုအကျိုး သက်ရောက်သလဲဆိုတာကို သုတေသနစာတမ်း တစောင်ရေးသားနေပါတယ်။)  

ဒီလိုဘဏ်တွေအချင်းချင်းငွေချေးယူရာမှာ ပေးရတဲ့အတိုးနှုံးတွေမတူတဲ့အတွက်၊ လန်ဒန်မှာရှိတဲ့ ဗြိတိသျှဘဏ်လုပ်ငန်းရှင်များအသင်း (British Bankers Association)ဝင် ဘဏ်ကြီးတွေက သူတို့တဘဏ်ချင်းစီအနေနဲ့ တခြားဘဏ်တွေကနေ နေ့စဉ်မနက် ၁၁ နာရီမှာ ငွေချေးရင်အတိုး ဘယ်လောက်ပေးရမယ်ဆိုတဲ့ ခန့်မှန်းချက်ကိုအခြေခံပြီး နေ့စဉ် လန်ဒန်ဘဏ်အချင်းချင်းငွေချေးရာတွင် ကမ်းလှမ်းတဲ့အတိုးနှုံး ကိုသတ်မှတ်ပါတယ်။ ဒီလို စံအတိုးနှုံးသတ်မှတ်ဖို့အတွက် လန်ဒန်ဘဏ်ကြီး ၁၆ ဘဏ်က ငွေကြေးအမျိုးအစား ၁၀ မျိုးကို ချေးငွေသက်တမ်း ၁၅ မျိုး အတွက်ချေးယူရာမှာ သူတို့ တဘဏ်ချင်း အနေနဲ့ ပေးရမယ့် ခန့်မှန်းအတိုးနှုံးကိုတင်သွင်းရပါတယ်။ အဲဒီအတိုးနှုံးတင်သွင်းလွှာ ၁၆ စောင်ထဲကမှ အမြင့်ဆုံး (၄)ခုနဲ့ အနိမ့်ဆုံး (၄)ခုကိုပယ်ပြီး ကျန် ၈ ခုရဲ့ ပျမ်းမျှကို အဲဒီနေ့အတွက် လန်ဒန်ဘဏ်အချင်းချင်းငွေချေးရာတွင်ကမ်းလှမ်းတဲ့အတိုးနှုံး LIBOR လို့သတ်မှတ်ပြီး ထုတ်ပြန်ပေးပါတယ်။ အဲဒီ စံအတိုးနှုံးကိုအခြေခံပြီး တခြားဘဏ္ဍာရေးဆိုင်ရာငွေပေးငွေယူ ရှင်းတမ်းတွေပေးချေတာ၊ ဘဏ္ဍာရေးဆိုင်ရာဆင့်ပွားပစ္စည်း (financial derivatives) တွေ ကို ဈေးသတ်မှတ်ငွေရှင်း တာတွေပြုလုပ်ကြပါ တယ်။

ခုဖြစ်နေတဲ့ပြဿနာကတော့ ခန့်မှန်းအတိုးနှုံးတင်သွင်းရာမှာပါတဲ့ ဘာကလေဘဏ်နဲ့ တခြားနာမည်ကြီးဘဏ်တချို့  (အမေရိကန်က စီတီဘဏ် (Citi)၊ ဂျေပီမော်ဂန်ဘဏ် (JP Morgan)၊ ဗြိတိန်အခြေစိုက် ဟောင်ကောင် နဲ့ရှန်ဟဲဘဏ် (HSBC) တွေလဲပါဝင်တယ်ဆိုပြီး အစစ်ဆေးခံနေရတယ်လို့ဆိုပါတယ်။)က သူတို့ ဘဏ္ဍာရေးဈေးကွက်မှာ သူတို့ရင်းနှီးမြုပ်နှံထားတာတွေ အကျိုးအမြတ်ပိုမိုရရှိစေဖို့ (ဒါမှမဟုတ် အရှုံးသက်သာစေဖို့)အတွက် LIBOR စံအတိုးနှုံးကို သူတို့လို သလိုဖြစ်အောင် တဘဏ်ချင်းငွေချေးရာမှာပေးရမယ့် ခန့်မှန်းအတိုးနှုံး တင်သွင်းရာမှာ မမှန်မကန်တင်သွင်းခဲ့ကြတယ်ဆိုတဲ့အချက်ပါပဲ။ တကယ်လဲ ဒီ LIBOR စံအတိုးနှုံးအပြောင်းအလဲက ဘဏ်တွေရဲ့ အရှုံးအမြတ်ကို အများကြီး အကျိုးသက်ရောက်စေပါတယ်။ ဥပမာ ၂၀၀၇ ခုနှစ်အတွင်း နေ့စဉ် LIBOR စံအတိုးနှုံးအပြောင်းအလဲက ဘာကလေဘဏ်အတွက် တရက်ကို ဒေါ်လာသန်း ၄၀ အရှုံး(သို့)အမြတ် ပေါ်စေတယ်လို့ဆိုပါတယ်။

ဒီလို ဘဏ်ကြီးတွေက   LIBOR စံအတိုးနှုံးကို သတ်မှတ်ရာမှာ မသမာမှုတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာအပြီးမှာတော့ ဒီဘဏ်တွေရဲ့ဖေါက်သည်တွေဖြစ်တဲ့ ကုမ္ပဏီကြီးတွေ၊ ရှေ့နေတွေက ဘာကလေဘဏ်နဲ့ တခြားနာမည်ကြီးဘဏ်တွေကို သူတို့ဆုံးရှုံးခဲ့သမျှတွေအတွက် တရားစွဲဆိုဖို့ဖြစ်နိုင်ချေတွေကို စဉ်းစားနေကြပြီဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတွေအဆို အရတော့ ဒီပြဿနာမှာ ပါဝင်ပါတ်သက်နေတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဘဏ်ကြီးတွေ အနေနဲ့  ဒေါ်လာဘီလီယံရာပေါင်းများစွာ လျှော်ကြေးပေးရနိုင်တယ်လို ဆိုပါတယ်။ ငွေကြေး အရဆုံးရှုံးမှုအပြင် ၂၀၀၇ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကို စတင်ဖြစ်ပေါ်စေခဲ့သူတွေလို့ အစွပ်စွဲခံနေရတဲ့ ဘဏ်တွေအနေနဲ့ကတော့ အများပြည်သူတွေရဲ့ ပိုမိုအမြင်မကြည်လင်မှုကို ခံနေရပြီဖြစ်ပါတယ်။

အခုလောလောဆယ် အနောက်နိုင်ငံတွေအတွက် အခက်အခဲဖြစ်နေတဲ့ ဥရောပကြွေးမြီပြဿနာ နဲ့စာရင် နှစ်ပေါင်း ၃၀၀ သက်တမ်းရှိတဲ့ ဗြိတိသျှဘဏ်တခုက ဝန်ထမ်းအချို့ ကိန်းဂဏန်းတွေ ကိုမသမာလုပ်တာ မပြောပလောက်ဘူးလို့ထင်ကြမှာပါ။ ဒါပေမယ့် ဒီဘာကလေဘဏ်နဲ့ တခြားနာမည်ကြီးဘဏ်တချို့မသမာမှုတွေလုပ်ခဲ့တဲ့ အတိုးနှုံးဟာ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ သာမာန်အိမ်ဝယ်ဖို့ငွေချေးတာကအစ အလွန်ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးဆင့်ပွား ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်တဲ့နေရာအထိ အခြေခံအဖြစ် အသုံးပြုတဲ့အတွက် ဒေါ်လာ ၈၀၀ ထရီလီယံ (၁ ထရီလီယံ = ၁၀၀၀ ဘီလီလျံ) လောက်တန်ဘိုးရှိတဲ့ ဘဏ္ဍာရေး ဆိုင်ရာငွေပေးချေမှုတွေကို ဈေးဖြတ်ရာ မှာ အလွန်အရေးပါတဲ့ အတိုးနှုံးဖြစ်နေတာပါဘဲ။ နှိုင်းယှဉ်ပြရမယ်ဆိုရင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ၂၀၁၁ ခုနှစ်ပြည်တွင်းထုတ်ကုန်တန်ဖိုးက ဒေါ်လာ ၁၈ ထရီလီယံလောက်ဘဲ ရှိပါတယ်။ ၂၀၀၇ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းရဲ့ ရိုက်ခတ်မှုတွေကနေ နလံထူကာစ အနောက်နိုင်ငံတွေက ဘဏ္ဍာရေးစံနစ်အနေနဲ့ ဒီပြဿနာကိုဘယ်လောက်တောင့်ခံနိုင်မယ်၊ ဒါမှမဟုတ် ပြဿနာ ဘယ်လောက်ထိ ဆက်လက်ကြီးထွားလာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦး မှာဖြစ်ကြောင်းပါ။  

© Myint Moe Chit, 2012.

No comments:

Post a comment