Saturday, 28 September 2013

ရိုးရှင်းမြင်သာတဲ့ ပြဿနာ တခုရဲ့ အဖြေကိုဖေါ်ထုတ်ပေးခဲ့သူ ဘောဂဗေဒ ပညာရှင် ရော်နယ်လ်ကို့(စ)

ကျွန်တော်ရေးခဲ့တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ ပါတ်သက်တဲ့ဆောင်းပါးတွေမှာ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာ ကုန်ကျစားရိတ်သီအိုရီ (Transaction Costs Economics Theory)ကို ဖေါ်ထုတ်ခဲ့တဲ့ ပါမောက္ခ ရော်နယ်လ်ကို့(စ) အကြောင်းကို မိတ်ဆက်ဖေါ်ပြခဲ့ဘူးပါတယ်။ အဲဒီဆောင်းပါးတွေ ရေးနေတဲ့အချိန်တုန်းက ပါမောက္ခ ကို့(စ)ဟာ အသက် ၁၀၂ နှစ်ရှိပြီဖြစ်ပေမယ့် စီးပွားရေးဆိုင်ရာ စာပေတွေကို ဆက်လက်ရေးသားနေဆဲပါ။ သူ့ရဲ့နောက်ဆုံးစာအုပ်ဖြစ်တဲ့ “တရုပ်နိုင်ငံ အရင်းရှင်ဖြစ်လာပုံ” (How China Became Capitalist) စာအုပ်ကို လွန်ခဲ့တဲ့နှစ် သူ့ရဲ့အသက် ၁၀၁ နှစ်အရွယ်မှာ ရေးသားထုတ်ဝေခဲ့ပါသေးတယ်။ ဒီလ (စက်တင်ဘာ ၂၀၁၃) ၂ ရက်နေ့က ၁၉၉၁ ခုနှစ် ဘောဂဗေဒပညာရပ်ဆိုင်ရာ နိုဘယ်အထိမ်းအမှတ်ဆုရှင်၊  ၂၀-ရာစုနှစ်ရဲ့ အထင်ရှားဆုံး ဘောဂဗေဒ ပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ဆရာကြီး ကွယ်လွန် အနိစ္စရောက်သွားကြောင်း ကြားသိရပါတယ်။


Ronald Coase (1910-2013)
ကျွန်တော်အနေနဲ့ ပါရဂူဘွဲ့အတွက် ကျမ်းပြုတုန်းက နိုင်ငံတကာကုန်သွယ်မှုမှာ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာ ကုန်ကျစားရိတ်သီအိုရီရဲ့ အခန်းကဏ္ဍကို လေ့လာခဲ့ဘူးပါတယ်။ တကယ်တော့ ဒီသီအိုရီဟာ အလွန်ရိုးစင်းတယ်လို့ထင်ရပေမယ့် စီးပွားရေးလုပ်ငန်းတွေရဲ့အပြုအမူတွေကို လေ့လာတဲ့နေရာမှာ (ဥပမာ Apple အနေနဲ့ iPhone မှာသုံးတဲ့ ပစ္စည်းတချို့ကို ဘာကြောင့်သူရဲ့အဓိကပြိုင်ဖက် Samsung ထံက ဝယ်သလဲဆိုတဲ့ မေးခွန်းမျိုး) နိုင်ငံတကာရင်းနှီးမြုပ်နှံမှုရဲ့ အကြောင်းရင်းကိုဖေါ်ထုတ်ရာမှာ (ဥပမာ Samsung အနေနဲ့ လုပ်သားအင်အားအများကြီးမလိုအပ်တဲ့ memory chip ထုတ်တဲ့စက်ရုံကို တရုပ်နိုင်ငံမှာတည်ဆောက်တာ   ဘာကြောင့်လဲဆိုတဲ့ မေးခွန်းမျိုး) ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပုံစံရွေးချယ်ရာမှာ (ဥပမာ ပြည်တွင်းကုမ္ပဏီတခုနဲ့ ဖက်စပ်လုပ်မှာလား၊ ဒါမှမဟုတ် တစ်ဦးတည်းပိုင်အဖြစ်ရင်းနှီးမြုပ်နှံမှာလား စတဲ့မေးခွန်းမျိုး) အလွန်အရေးပါတဲ့ သီအိုရီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်သင်ကြားပို့ချနေတဲ့ စီးပွားရေးဆိုင်ရာဘောဂဗေဒ (Business Economics)၊ စီမံခန့်ခွဲမှုဆိုင်ရာ ဘောဂဗေဒ (Managerial Economics)၊ နိုင်ငံတကာစီးပွားရေးမဟာဗျူဟာ (International Business Strategies) စတဲ့ဘာသာရပ်တွေမှာ ကို့(စ)ရဲ့သီအိုရီဟာ အခြေခံအုတ်မြစ်တခုလို့ ဆိုနိုင်ပါတယ်။

အခုနောက်ပိုင်း ခေတ်စားလာတဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုင်ရာ ဘောဂဗေဒ (New Institutional Economics)သီအိုရီတွေမှာလဲ တချို့နိုင်ငံတွေဟာ သယံဇာတတွေရှိပါလျက် ဘာကြောင်ဆင်းရဲနေရသလဲ ဆိုတဲ့အကြောင်းရင်းကို အဖြေရှာဘို့ ကို(စ)ရဲ့သီအိုရီကို အခြေခံထားတာကို တွေ့ရပါတယ်။ အဓိကအချက်ကတော့ နိုင်ငံတနိုင်ငံမှာ၊ လူ့ဘောင်အဖွဲ့အစည်းတခုမှာ အကျင့်ပျက်ချစားမှု၊ တရားဥပဒေစိုးမိုးခြင်းကင်းမဲ့မှု၊ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အာမခံချက်မရှိမှု၊ လူအချင်းချင်း၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ယုံကြည်မှု ကင်းမဲ့မှု စတာတွေများပြားလာရင် ဈေးကွက်မှာ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာ ကုန်ကျစားရိတ်တွေကို မြင့်တက်စေပြီး လူတွေရဲ့ အလုပ်လုပ်ချင်စိတ်ကို ပျက်သုဉ်းစေပါတယ်။ ဒီကမှတဆင့် နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားတွေကိုကျဆင်းစေပြီး စီးပွားရေး မတိုးတက်ရတာလို့ ဆိုပါတယ်။

 ပါမောက္ခ ကို့(စ)ဟာ သူရဲ့ ရှည်လျားတဲ့ ဘဝသက်တမ်းတလျှောက်လုံးကို အကျိုးရှိရှိ အသုံးချသွားနိုင်ခဲ့တဲ့သူ တဦးဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်အတွက် ဘောဂဗေဒ ပညာရပ်ဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံရစဉ်က နိုဘယ်ဆုချီးမြှင့်ရေးကော်မီတီက ဆရာကြီး အသက် ၂၁ နှစ်အရွယ်တုန်းက ပို့ချခဲ့တဲ့ သင်ခန်းစာတခုကို အခြေခံပြီး ရေးသားထားတဲ့ စီးပွားရေးလုပ်ငန်းတခုရဲ့ သဘောသဘာဝ (The Nature of the Firm) စာတမ်း နဲ့ ၁၉၆၁ ခုနှစ်မှာ ပုံနှိပ်ဖေါ်ပြခဲ့တဲ့ လူမှုရေးဆိုင်ရာ နစ်နာဆုံးရှုံးမှု ပြဿနာ (The Problem of Social Cost) စာတမ်းတွေကို ဘောဂဗေဒ ပညာရပ်မှာ အလွန်အရေးပါတဲ့ စာတမ်းတွေ အဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။

ဆရာကြီးကတော့ သူ့ဘဝတလျှောက် ရေးသားပို့ချခဲ့သမျှတွေထဲမှာ ထူးခြားဆန်းသစ်တဲ့ သီအိုရီအတွေးအခေါ်တွေ ဘာမှမပါဘူးလို့ ဆိုခဲ့ပါတယ်။ ဘောဂဗေဒ ဘာသာရပ်အပေါ်မှာ သူ့ရဲ့အကျိုးပြုမှုက စီးပွားရေးစံနစ်တခုမှာ အလွန်ရိုးရှင်းမြင်သာလို့ တခြားသူတွေမျက်စိမှောက်နေတဲ့ အကြောင်းအချက်တွေကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းခဲ့ခြင်းသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ တကယ်လည်း ဆရာကြီး အဓိကလေ့လာ ဖေါ်ထုတ်ခဲ့တာက အလွန်ရိုးရှင်းမြင်သာတဲ့ ပြဿနာ တခုဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့်တည်ရှိနေတာလဲ (Why do firms exist?) ဆိုတဲ့ မေးခွန်းရဲ့  အဖြေပါဘဲ။

ဆရာကြီးဟာ လန်ဒန်အနောက်မြောက်ပိုင်းက ဝီလ်(စ)ဒင် (Wilsden)အရပ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မိဘနှစ်ပါးစလုံးဟာ မူလတန်း ပညာရေးသာ ပြီးမြောက်ခဲ့တဲ့ သာမန် အလုပ်သမားအတန်းအစားတွေ ဖြစ်ပေမယ့် ဆရာကြီးဟာ ငယ်စဉ်ကထဲက ပညာရေးကို အလေးထားသူဖြစ်ပြီး သိပ္ပံပညာကို စိတ်ဝင်စားသူတယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာမှာ အရေးပါတဲ့ သင်္ချာဘာသာရပ်ကို မနှစ်သက်တဲ့အတွက် လန်ဒန်စီးပွားရေးကျောင်း (London School of Economics)မှာ ဝါဏိစ္စဗေဒသင်တန်းကို တက်ရောက်ဆည်းပူးခဲ့ပါတယ်။ တကယ်တော့ ဒီသင်တန်းဟာ မန်နေဂျာအဖြစ် အသက်မွေးဝမ်းကြောင်းလိုသူတွေအတွက် ရည်ရွယ်ထားတဲ့ သင်တန်းဖြစ်ပြီး မန်နေဂျာ ဆိုတဲ့အလုပ်ဟာ သူ့အတွက်တော့ လုံးဝကို မသင့်လျှော်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တခုဖြစ်တယ်လို့ ကို့(စ)ကဆိုပါတယ်။ ဒါပေမယ့် ဒီဘွဲ့သင်တန်းမှာ သင်ယူရတဲ့ ဘာသာရပ်တခုဖြစ်တဲ့ ဘောဂဗေဒဘာသာကိုတော့ သူအလွန်သဘောကျတယ်လို့ဆိုပါတယ်။ ဒီဘွဲ့သင်တန်းတက်ရောက်နေရင်း တနှစ်လေ့လာရေးခရီးထွက်ဖို့ ပညာသင်ဆုရရှိတဲ့အတွက် သူသင်ကြားထားတဲ့ ဘောဂဗေဒပညာရပ်ကို လက်တွေ့နယ်ပယ်မှာ အသုံးချဘို့ အခွင့်အလမ်းရခဲ့ပါတယ်။ ဆရာကြီးက ဘောဂဗေဒဘာသာမှာ သူအသိချင်ဆုံးမေးခွန်းတခုဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့်တည်ရှိနေတာလဲ (Why do companies exist?) ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာဖွေဖို့ အဲဒီအချိန်တုန်းက စီးပွားရေးအတိုးတက်ဆုံးနိုင်ငံ အမေရိကန်ပြည်ထောင်စုက စက်မှုထွန်းကားတဲ့မြို့တွေကို လှည့်လည်လေ့လာဘို့ ရွေးချယ်ခဲ့ပါတယ်။

အဲဒီအချိန် (၁၉၃၀ ခုနှစ်ဝန်းကျင်)က ဘောဂဗေဒပညာရှင်တွေအများစုဟာ စီးပွားရေးစံနစ်တခုမှာ လွတ်လပ်တဲ့ဈေးကွက်နဲ့ သွင်းအားစုတွေကို ခွဲဝေအသုံးချရာမှာ ဈေးကွက်ကနေ သတ်မှတ်လိုက်တဲ့ ဈေးနှုံးတွေရဲ့ အရေးပါမှုတွေကို အလေးပေးလေ့လာနေကြပါတယ်။ သူတို့ရဲ့အမြင်မှာတော့ စီးပွားရေးလုပ်ငန်းတခုဆိုတာ တဖက်က သွင်းအားစုတွေထည့်သွင်းလိုက်ရင် အခြားတဖက်မှာ ကုန်ချောတွေထွက်လာတဲ့ သေတ္တာနက် (black box) တခုလို့ မှတ်ယူထားကြပါတယ်။ မစ္စတာကို့(စ)ကတော့ တကယ်လို့ ဈေးကွက်က အရာရာကို ပြဌါန်းတယ်ဆိုရင် ဘာကြောင့် ဈေးကွက်စံနစ်ရဲ့ ပြင်ပမှာ ဒီသေတ္တာနက်နဲ့သဏ္ဍန်တူတဲ့ စီးပွားရေးလုပ်ငန်းတွေရှိနေသလဲဆိုတာကို စိတ်ဝင်စားပါတယ်။ သူ့ရဲ့လေ့လာရေးခရီးစဉ်အတွင်းမှာ အမေရိကန်စက်မှုလုပ်ငန်းကြီးတွေဖြစ်တဲ့ ဖို့(ဒ)၊ ဂျင်နရယ်မော်တာ အစရှိတဲ့ လုပ်ငန်းတွေကို လေ့လာရာက ဈေးကွက် ဈေးနှုံးသတ်မှတ်မှုစံနစ်ရဲ့ အဓိက ချို့ယွင်းချက်တခုကို ကျော်လွှားနိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တည်လာရတယ်ဆိုတာကို ကို့(စ)အနေနဲ့ သဘောပေါက် သိရှိလာပါတယ်။

အဆိုပါ ဈေးကွက်ချို့ယွင်းချက်ကတော့ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာ ကုန်ကျစားရိတ်တွေဖြစ်ပါတယ်။ ဈေးကွက်တခုမှာ ရောင်းသူနဲ့ဝယ်သူတွေ့ဆုံပြီးနှစ်ဦးသဘောတူ ဈေးကွက်ပေါက်ဈေးကို သတ်မှတ်နိုင်ဖို့အတွက် ကုန်ကျတဲ့စားရိတ်တွေရှိပါတယ်။ ပစ္စည်းတခုကို ဝယ်ယူလိုသူအနေနဲ့ သူလိုအပ်တဲ့ပစ္စည်းကို ဘယ်နေရာမှာ၊ ဘယ်သူ့ဆီမှာ ဈေးမှန်ပစ္စည်းမှန်ရနိုင်မလဲ ဆိုတာကို စုံစမ်းရပါမယ်။ ဥပမာ ကားထုတ်လုပ်သူလိုသူ တစ်ဦးဆိုပါစို့။ တကယ်လို့ လိုအပ်တဲ့ပစ္စည်းက ကားတာယာလို ထုတ်လုပ်သူတွေအများကြီးရှိပြီး ဈေးကွက်ကနေ အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းမျိုးဆိုရင် ဘာမှပြဿနာမရှိပါဘူး။ ရောင်းသူတယောက်နဲ့ အဆင်မပြေရင် နောက်တယောက်ဆီကနေ အလွယ်တကူ ဝယ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်ထုတ်လုပ်မယ့် ကားအတွက်လိုအပ်တဲ့ အင်ဂျင်လို အရေးပါတဲ့ အစိတ်အပိုင်းမျိုးဆိုရင်တော့ ဈေးကွက်ကနေအလွယ်တကူ ဝယ်ယူလို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ ဝယ်ယူဖို့ကြိုးစားမယ်ဆိုရင်လဲ ကိုယ်လိုချင်တဲ့ အင်ဂျင်ဒီဇိုင်း အတိုင်းထုတ်လုပ်ပေးနိုင်မယ့်သူ၊ ကိုယ်လိုချင်တဲ့အရေအတွက်ကို လိုအပ်တဲ့အချိန်မှာ ထုတ်လုပ်ပေးနိုင်တဲ့သူကို ရှာဖွေရပါမယ် (ရှာဖွေမှုကုန်ကျစားရိတ် search costs)။ တကယ်လို့ ထုတ်လုပ်ပေးနိုင်တဲ့သူတွေ့ခဲ့ရင် ရောင်းသူနဲ့ဝယ်သူ စာချုပ်ချုပ်ဆိုရပါမယ် (စာချုပ်ချုပ်ဆိုမှုစားရိတ် contract costs)။ ရောင်းသူက စာချုပ်ပါသဘောတူညီချက် တွေကို ဖေါက်ဖျက်ရင်တရားစွဲဖို့လိုပါလိမ့်မယ် (တရားစွဲဆိုစားရိတ် enforcement costs)။ ဒီအချက်တွေဟာ ဈေးကွက်စံနစ်ရဲ့ ချို့ယွင်းမှု (market failures) ကြောင့်ဖြစ်လာရတဲ့ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာကုန်ကျစားရိတ် (transaction costs)တွေဖြစ်ပါတယ်။ ဒီကုန်ကျစားရိတ်တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကားထုတ်လုပ်သူ အနေနဲ့ အင်ဂျင်ကို ဈေးကွက်ကနေမဝယ်ယူဘဲ ကိုယ်တိုင် အင်ဂျင်ထုတ်လုပ်တဲ့ လုပ်ငန်းတခု ထူထောင် ထုတ်လုပ်ရမှာဖြစ်ပါတယ်။

သူ့ရဲ့လေ့လာတွေ့ရှိချက်ကို သူလက်ထောက်ကထိကအဖြစ်လုပ်နေတဲ့ စကော့တလန်က ဒန်ဒီစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးကျောင်း(Dundee School of Economics and Commerce) မှာ ၁၉၃၂ ခုနှစ် အသက် (၂၁)နှစ်အရွယ်က ပို့ချခဲ့တဲ့သင်ခန်းစာတခုမှာ တင်ပြခဲ့ပါတယ်။ ဒီသင်ခန်းစာပို့ချချက်ကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတရပ်ရဲ့သဘောသဘာဝ (The Nature of the Firm) ဆိုတဲ့ ဆောင်းပါးကို ၁၉၃၇ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုဘယ် ဆုချီးမြှင့်ရေးကော်မီတီက  ဖေါ်ထုတ်ချီးကျူးရတဲ့ ဆောင်းပါးဖြစ်ပေမယ့် အဲဒီအချိန်ကတော့ လူသိ သိပ်မများခဲ့ပါဘူး။


၁၉၅၁ ခုနှစ်မှာ ဆရာကြီးဟာ အမေရိကန်နိုင်ငံကို ပြောင်းရွေ့အခြေချခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ ရှိကာဂိုတက္ကသိုလ်က သူ့ရဲ့အတွေးအမြင်တွေကို တင်ပြဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ ပရိတ်သတ်တွေထဲမှာ နောင်တချိန်မှာ ဘောဂဗေဒပညာရပ်ဆိုင်ရာ နိုဘယ်အထိမ်းအမှတ် ဆုရှင်တွေဖြစ်လာမယ့် ဂျော့စတစ်ဂလာ (George Joseph Stigler, ၁၉၈၂ ခုနှစ် ဘောဂဗေဒနိုဘယ်ဆုရှင်)၊ မီလ်တန်ဖရိုက်မန်း (Milton Friedman, ၁၉၇၆ ခုနှစ် ဘောဂဗေဒ နိုဘယ်ဆုရှင်) အစရှိတဲ့နာမည်ကြီး ဘောဂဗေဒပညာရှင်တွေပါဝင်ပြီး ဒီပညာရှင်တွေက မစ္စတာကို့(စ)ရဲ့ တင်ပြသုံးသပ်ချက်တွေကို သိပ်လက်မခံချင်ကြပါဘူး။ နာရီအတော်ကြာ အခြေအတင် ဆွေးနွေးခဲ့ကြအပြီးမှာတော့ ပရိတ်သတ်က ဆရာကြီးရဲ့ တင်ပြဆွေးနွေးချက်တွေကို လက်ခံလာကြပြီး ဒီဆွေးနွေးပွဲမှာ သူတင်ပြခဲ့တဲ့အဆိုတွေကို စာတမ်းတစ်စောင်အဖြစ်ရေးသားဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒီစာတမ်းကတော့ နောင်တချိန်မှာ ဘောဂဗေဒနဲ့စီးပွားရေးဘာသာရပ်မှာ  မှီငြမ်းကိုးကားမှုအခံရဆုံး စာတမ်းတွေထဲကတခုအဖြစ် နာမည်ကြီးလာမယ့် လူမှုရေးဆိုင်ရာ နစ်နာဆုံးရှုံးမှု ပြဿနာ(The Problem of Social Cost) စာတမ်းဖြစ်ပါတယ်။

တော်တဲ့သူတွေရဲ့အလုပ်က ခက်ခဲတဲ့မေးခွန်းတွေမေးမြန်းဘို့ဆိုရင် သိပ်ကိုတော်တဲ့သူတွေရဲ့အလုပ်က ရိုးစင်းတယ်လို့ထင်ရတဲ့မေးခွန်းတွေ မေးမြန်းဖို့ဘဲလိုု့  ဘောဂဗေဒပညာရှင်မဂ္ဂဇင်းကဆိုုပါတယ်။လွန်ခဲ့တဲ့အနှစ် (၈၀)လောက်က ဗြိတိသျှစီးပွားရေးပညာရှင်လေးတစ်ဦးက ဘာကြောင့် စီးပွားရေးလုပ်ငန်းတွေ တည်ရှိနေတာလည်းဆိုတဲ့ မေးခွန်းတခုမေးခဲ့ပါတယ်။ သူပေးခဲ့တဲ့အဖြေကတော့ ယခုအချိန်အထိ ဘောဂဗေဒနဲ့ စီမံခန့်ခွဲမှုနယ်ပယ်မှာ သက်ဝင်လှုပ်ရှားနေဆဲပါ။ ဒါကြောင့်မို့ စက်တင်ဘာ (၇)ရက်ထုတ် ဘောဂဗေဒပညာရှင်မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ ဆရာကြီးရဲ့ နာရေးသတင်းလွှာမှာ အရင်းရှင်စီးပွားရေးစံနစ်နဲ့ ဘောဂဗေဒပညာရပ်ကို အလေးထားသူတိုင်း ဆရာကြီးပါမောက္ခ ရော်နယ်လ်ကို့(စ)အတွက် ဝမ်းနည်းကြေကွဲသင့်တယ်လို့ ဆိုကြောင်းပါ။


မှီငြမ်းကိုးကား။


The Economist (2013) The man who showed why firms exist:
http://www.economist.com/news/leaders/21584985-anyone-who-cares-about-capitalism-and-economics-should-mourn-death-ronald-coase-man


Image Credit:


ပါမောက္ခ ရော်နယ်လ်ကို့(စ) (Professor Ronald Coase)

http://commons.wikimedia.org/wiki/File%3ACoase.png
Attribution: By .Tivki at en.wikipedia [CC-BY-SA-3.0 (http://creativecommons.org/licenses/by-sa/3.0)], from Wikimedia Commons

Problem of Social Cost

http://www.novamind.com/connect/nm_documents/show_branch/jdebeer/D595ACFA-E0DD-4965-9713-348D0E97281F/1226432340


Creative Commons License
ဘောဂဗေဒ ပညာရှင် ရော်နယ်လ်ကို(စ)၊ ရိုးရှင်းမြင်သာတဲ့ ပြဿနာ တခုရဲ့ အဖြေကိုဖေါ်ထုတ်ပေးခဲ့သူ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

No comments:

Post a comment