Thursday 8 May 2014

စွန်ဦးတီထွင်သူများအတွက် လိုအပ်တဲ့ ရင်းနှီးငွေရနိုင်တဲ့ အရင်းအမြစ်များ

စွန့်ဦးတီထွင်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းအတွက် လုပ်ငန်းစတင်ရန်၊ လုပ်ငန်းလည်ပါတ်ရန်၊ လုပ်ငန်းချဲ့ထွင်ရန်အတွက် အဓိကကြုံတွေ့ရတဲ့ အခက်အခဲကြီးတခုကတော့  လိုအပ်သော ငွေရင်းငွေနှီး ရရှိရန် မလွယ်ကူခြင်းဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၅ နိုင်ငံက စီးပွားရေးလုပ်ငန်း ၁၃၀,၀၀၀ ကျော်ကို ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူရာမှာ စီးပွားရေးလုပ်ငန်း သုံးပုံ နှစ်ပုံကျော် (၆၇ ရာခိုင်နှုံးခန့်)က ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများလည်ပါတ်ရာတွင် ကြုံတွေ့ရသည့် အဓိကအခက်အခဲတခုမှာ လိုအပ်သော ရင်းနှီးမြုပ်နှံငွေရရှိရန် မလွယ်ကူခြင်းဖြစ်သည်ဟု ဖြေကြားကြပါတယ် (ကိုးကား။ The Business Environment and Enterprise Performance Survey)။ အဆိုပါ ကမ္ဘာ့ဘဏ် စစ်တမ်းမှ အချက်အလက်များကိုအသုံးပြုပြီး သုတေသနပြုလုပ်ထားတဲ့ ကျွန်တော်၏ စာတမ်း(၂)စောင်မှာလည်း ရင်းနှီးမြုပ်နှံငွေရရှိရန် မလွယ်ကူခြင်းက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများရဲ့ ဖွံ့ဖြိုးတိုးတက်မှုအလားအလာနှင့် ပြည်ပဈေးကွက် ထိုးဖေါက်မှုတွေကို သိသိသာသာ ထိခိုက်စေတာ တွေ့ရှိရပါတယ် (Chit, 2012)။ အသေးစားစီးပွားရေးလုပ်ငန်း တခုအတွက် လုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်း ဆောင်းပါးမှာ လုပ်ငန်းစတင်ဖို့ လိုအပ်တဲ့ ရင်းနှီးမြုပ်နှံငွေ ရရှိနိုင်မယ့် အရင်းအမြစ်အချို့ကို အကျဥ်းချုံး ဖေါ်ပြခဲ့ပါတယ်။ အခု ဒီဆောင်းပါးမှာတော့ အဆိုပါ ဘဏ္ဍာငွေရင်းမြစ်တခုချင်းစီ၏ အကျိုး၊အပြစ်များကို ဖေါ်ပြသွားပါမယ်။

ပထမဆုံးဖြတ်ရမှာကတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ ငွေကြေးပမာဏ၊ မည်သည့် နေရာတွင် အသုံးပြုရန်လိုအပ်သည် (ဥပမာ လုပ်ငန်းအသစ်တည်ထောင်ရန်၊ ချဲ့ထွင်ရန်၊ စက်ပစ္စည်းဝယ်ယူရန်၊ ကုန်ကြမ်းပစ္စည်းဝယ်ယူရန်) မည်သည့်အချိန်တွင် လိုအပ်သည် စသည့်အချက်များဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူတစ်ဦးအနေနဲ့ မိမိရဲ့ စီးပွားရေးလုပ်ငန်းအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကြေးရရှိနိုင်သည့် အရင်းအမြစ်တခုကတော့ ဆွေမျိုး၊ မိတ်ဆွေ အသိုင်းအဝိုင်းဖြစ်ပါတယ်။ ကုန်ကြမ်းပစ္စည်းဝယ်ရန်၊ အလုပ်သမား လစာပေးရန် စတဲ့ ကာလတိုငွေကြေးလိုအပ်ချက်များအတွက် ဆွေမျိုး၊ မိတ်ဆွေ အသိုင်းအဝိုင်းထံမှ ရနိုင်ပါက ချေးငွေအဖြစ် ချေးငှားသင့်ပါတယ်။ ဒါပေမယ့် ငွေကြေးလိုအပ်ချက်က လုပ်ငန်းအသစ်တည်ထောင်ရန်၊ ချဲ့ထွင်ရန်စတဲ့ ရေရှည်လိုအပ်ချက်ဖြစ်ပါက ချေးငွေအဖြစ် မဟုတ်ဘဲ လုပ်ငန်းတွင်အစုရှယ်ယာအဖြစ် ထည့်ဝင်ခွင့်ပေးသင့်ပါတယ်။ မိမိရဲ့ ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းထံမှ ဘဏ္ဍာငွေကြေးရယူခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
  • အတိုးမပေးရခြင်း (သို့မဟုတ်)ပြင်ပမှ ချေးယူလျှင်ပေးရမည့် အတိုးနှုံးလောက် မပေးရခြင်း
  • များသောအားဖြင့် အာမခံ (သို့)အပေါင်ပစ္စည်း မလိုအပ်ခြင်း
  • တင်းကြပ်သည့် စည်းမျဥ်းစည်းကမ်းများ မရှိခြင်း
  • ငွေကြေးချေးငှားမြုပ်နှံမည့်သူက စီးပွားရေးလုပ်ငန်းအကြောင်း ဂဂဏဏ သိရှိပြီးဖြစ်ခြင်း
ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းထံမှ ဘဏ္ဍာငွေကြေးရယူခြင်းမှ အထက်ပါ အကျိုးကျေးဇူးများရရှိနိုင်သလို သတိထားရမယ့်အချက်တွေလည်း ရှိပါတယ်။ မိမိရဲ့ ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းက ခင်မင်ရင်းနှီးမှုကို အခြေခံပြီး ဘဏ္ဍာငွေကြေးချေးငှားထောက်ပံ့တာဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းက မျှော်လင့်ထားသလို မအောင်မြင်ရင် ရင်ဆိုင်ရနိုင်တဲ့ ဆုံးရှုံးနိုင်မှု အလားအလာတွေကို ပွင့်ပွင့်လင်းလင်း အသိပေးထားသင့်ပါတယ်။ သူတို့ ဆုံးရှုံးခံနိုင်တဲ့ ငွေကြေးပမာဏထက် ပိုမိုပြီး ချေးငှားမြုပ်နှံမှု မပြုလုပ်စေသင့်ပါဘူး။ တခြားစဥ်းစားရမယ့်အချက်တခုကတော့  ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းထံမှ ရင်းနှီးမြုပ်နှံမှုကို လက်ခံလိုက်တဲ့အတွက် လုပ်ငန်းအတွေ့အကြုံမရှိတဲ့ ရင်းနှီးမြုပ်နှံသူက လုပ်ငန်းလည်ပါတ်လုပ်ကိုင်ရာမှာ ပါဝင်စွက်ဖက်လာခြင်းကြောင့် လုပ်ငန်းပျက်ဆီး ဆုံးရှုံးရမယ့် အန္တရာယ်ပါဘဲ။ ဒီလို အန္တရာယ်မျိုးနဲ့ မကြုံတွေ့ရအောင် အစကထဲက ရင်းနှီးမြုပ်နှံငွေဘဲ လိုအပ်ကြောင်း၊ လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ဘို့ မလိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေးထားသင့်ပါတယ်။ အခြားကြုံတွေ့လာရနိုင်တဲ့ ပြဿနာတခုကတော့ ရင်းနှီးမြုပ်နှံသူ၊ ငွေချေးငှားသူက လုပ်ငန်းအကောင်အထည် မပေါ်ခင် သူတို့ရဲ့ ငွေကို ပြန်လိုချင်ခြင်းပါဘဲ။ 

အထက်ဖေါ်ပြပါ ပြဿနာများကို ကျော်လွှားနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေကို သေသေချာချာ ရေးသားမှတ်တမ်းတင်ထားသင့်ပါတယ်။ အဆိုပါ သဘောတူညီချက်ထဲမှာ ချေးငွေရဲ့ သဘောသဘာဝ၊ ပြန်လည်ပေးဆပ်မယ့် ပုံစံနဲ့ ချေးငွေသက်တမ်း၊ ရင်းနှီးမြုပ်နှံငွေဖြစ်ပါက ပြန်လည်ထုတ်ယူနိုင်မယ့် အချိန်ကာလနဲ့ အမြတ်ငွေခွဲဝေမယ့် ပုံစံ၊ နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် စည်းမျဥ်းနဲ့ တာဝန်ဝတ္တရားတွေကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသင့်ပါတယ်။ အနာဂါတ်မှာ ကြုံတွေ့ရနိုင်တဲ့ နားလည်မှုလွဲမှားခြင်းတွေကို ကျော်လွှားနိုင်ဖို့ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ သဘောတူညီချက် ရှိထားသင့်ပါတယ်။


စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းစတင်ရန်၊ လုပ်ငန်းလည်ပါတ်ရန်၊ လုပ်ငန်းချဲ့ထွင်ရန် လိုအပ်သော ဘဏ္ဍာငွေကို ရရှိနိုင်တဲ့ အခြားနည်းလမ်းတခု ကတော့ ဘဏ်ချေးငွေဖြစ်ပါတယ်။ လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုအတွက် ဘဏ်မှ ချေးငွေရယူခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
  • ချေးငွေသက်တမ်းနဲ့ ပြန်ဆပ်ရမယ့် ပုံစံကို သိပြီးဖြစ်တဲ့အတွက် မိမိလုပ်ငန်းရဲ့ဝင်ငွေ၊ထွက်ငွေကို စီမံချက်ချ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်၊
  • တခြား ပြင်ပမှ ချေးယူခြင်းနဲ့ယှဥ်ရင် အတိုးနှုံးသက်သာပါတယ်၊
  • လိုအပ်တဲ့ ရင်းနှီးငွေရဖို့ တခြားပြင်ပရင်းနှီးမြုပ်နှံသူထံမှ ရယူခြင်းလို လုပ်ငန်းပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုတွေကို ခွဲဝေပေးစရာ မလိုပါဘူး၊
  • ဘဏ်မှချေးငွေအပေါ် အတိုးပေးငွေဟာ လုပ်ငန်းရဲ့ အသုံးစားရိတ်ဖြစ်တဲ့အတွက် အမြတ်ခွန် ကင်းလွတ်ခွင့်ရပါတယ်။ တကယ်လို့ လိုအပ်တဲ့ ရင်းနှီးငွေအတွက် ပြင်ပရင်းနှီးမြုပ်နှံသူများထံ ရှယ်ယာခေါ်ရင် ရှယ်ယာအပေါ် ခွဲဝေပေးတဲ့ အမြတ်ငွေကတော့ အမြတ်ခွန်ကင်းလွတ်ခွင့်မရှိပါဘူး။
ဒါပေမယ့် ဘဏ်ချေးငွေအပေါ် အတိုးနဲ့အရင်းကို လစဥ် (သို့မဟုတ်) သုံးလတကြိမ် ပုံမှန်ပေးဆပ်ရလေ့ရှိတဲ့ အတွက် မိမိလုပ်ငန်းရဲ့သဘောသဘာဝအရ ဝင်ငွေကလစဥ်ပုံမှန်မရှိရင်ပြန်ဆပ်ဖို့အခက်အခဲရှိနိုင်ပါတယ်။ ဒါ့အပြင် အခုမှ လုပ်ငန်းစကာစ လုပ်ငန်းအသစ်တွေအတွက်ကတော့ ဘဏ်ချေးငွေရဖို့ သိပ်လွယ်ကူမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်အများစုအနေနဲ့ အပေါင်ပစ္စည်းပါမှ ငွေချေးတဲ့အတွက် ဘဏ်ချေးငွေဟာ အခြေတည်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းချဲ့ထွင်ဖို့ ပိုပြီး အသုံးတဲ့ပါလိမ့်မယ်။

စွန့်ဦးတီထွင်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကြေးရနိုင်တဲ့ နောက်ထပ် အရင်းအမြစ် တခုကတော့ ပြင်ပရင်းနှီးမြုပ်နှံသူများထံမှ ရင်းနှီးမြုပ်နှံငွေကိုလက်ခံပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းပါဘဲ။ ဒီလိုမျိုး ရင်းနှီးမြုပ်နှံငွေ ရှာဖွေခြင်းဟာ အခု မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ အများပိုင်ကုမ္ပဏီ ထောင်ပြီး ရှယ်ယာထုတ်ရောင်းတာမျိုး မဟုတ်ပါဘူး။ တကယ်တမ်း ပြောရရင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ ခိုင်ခိုင်မာမာရှိပြီး ဥပဒေစိုးမိုးတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကုမ္ပဏီတခုထောင်ပြီး အများပြည်သူကို လွယ်လွယ်ကူကူ ရှယ်ယာထုတ်ရောင်းလို့ မရပါဘူး။ ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ(၁)ဆောင်းပါးမှာ ကျွန်တော်တင်ပြခဲ့သလို အများပြည်သူကို ရှယ်ယာထုတ်ရောင်းချင်တဲ့ ကုမ္ပဏီ အနေနဲ့ သက်ဆိုင်ရာနိုင်ငံ စတော့အိပ်ချိန်းက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ၊  သက်ဆိုင်ရာအစိုးရက ပြဌါန်းထားတဲ့ ဥပဒေတွေကို လိုက်နာရပါတယ်။ ဒါကြောင့် စွန့်ဦးတီထွင်သူများနှင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အများပြည်သူကို ရှယ်ယာထုတ်ရောင်းပြီး လိုအပ်တဲ့ ရင်းနှီးမြုပ်နှံငွေရှာဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားတဲ့ ပုဂ္ဂလိကပြင်ပရင်းနှီးမြုပ်နှံသူကို လုပ်ငန်းရဲ့ အစုစပ်ပိုင်ဆိုင်သူအဖြစ် လက်ခံလိုက်ခြင်းဖြင့် လိုအပ်တဲ့ ဘဏ္ဍာငွေအရင်းအနှီးကို ရရှိနိုင်ပါတယ်။ ဒီနည်းလမ်းရဲ့ အားသာချက်ကတော့ ရင်းနှီးမြုပ်နှံသူကို သူထည့်ဝင်ထားတဲ့အရင်းအနှီးအတွက် အတိုးပေးစရာ မလိုတဲ့အပြင် ဘဏ်ချေးငွေလို သက်တမ်းပြည့်လို့ ပြန်ဆပ်ရတာမျိုး မရှိတော့ပါဘူး။ ပြင်ပရင်းနှီးမြုပ်နှံသူအတွက်ကတော့ လုပ်ငန်းအောင်မြင်တိုးတက်မှု အပေါ်မှာ မူတည်ပြီး အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက စွန့်ဦးတီထွင်သူတွေအတွက်ကတော့ အခုလို ရင်းနှီးမြုပ်နှံသူတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ အကြံဉာဏ်တွေကို ဈေးကွက်တင် အကောင်အထည်ဖေါ်ကြပါတယ်။ အခုအချိန်မှာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေဖြစ်နေတဲ့ ဖေ့(စ)ဘွတ် (Facebook)၊ အက်ပဲ(လ) (Apple)၊ ဂူဂယ်(လ) (Google) စတဲ့နည်းပညာကုမ္ပဏီကြီးတွေဟာ စွန့်ဦးတီထွင်သူတွေနဲ့ ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူတွေပူးပေါင်းပြီး အစပြုခဲ့ကြတာဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူတစ်ဦးအနေနဲ့ ပိုင်ဆိုင်တာက ဈေးကွက်ဝင်ဖို့ အလားအလာရှိတဲ့ ပစ္စည်းအသစ် (သို့မဟုတ်)ဝန်ဆောင်မှုအသစ်နဲ့ ပါတ်သက်တဲ့ ဆန်းသစ်တီထွင်တဲ့ စိတ်ကူးအကြံဉာဏ်ပါ။ ဒီလို စိတ်ကူးအကြံဉာဏ်ကို အပေါင်ထားပြီး ဘယ်ဘဏ်ကမှ ငွေချေးလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆန်းသစ်တီထွင်တဲ့ စိတ်ကူးအကြံဉာဏ်ရှိတဲ့ စွန့်ဦးတီထွင်သူတွေ အတွက်တော့ အခုလို ပြင်ပရင်းနှီးမြုပ်နှံသူတွေနဲ့ အကျိုးတူပူးပေါင်းခြင်းဖြင့် လုပ်ငန်းအကောင်အထည်ဖေါ်ဖို့ လိုအပ်တဲ့ ရင်းနှီးငွေကို ရရှိနိုင်ပါတယ်။ ဒီလိုမျိုး ဘဏ္ဍာငွေအရင်းအနှီးရှာတဲ့စံနစ် အောင်မြင်တွင်ကျယ်လာဖို့ အဓိက လိုအပ်တာကတော့ စွန့်ဦးတီထွင်သူရဲ့ စိတ်ကူးအကြံဉာဏ်နဲ့ ပြင်ပရင်းနှီးမြုပ်နှံသူရဲ့ ပိုင်ဆိုင်မှုတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးမယ့် ဥပဒေ၊နည်းဥပဒေတွေနဲ့ တရားဥပဒေစိုးမိုးမှုဘဲ ဖြစ်ပါတယ်။ ကျွန်တော့အမြင်အရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီစံနစ် အောင်မြင်တွင်ကျယ်လာဖို့အတွက် လိုအပ်တဲ့အချက်တွေ မပြည့်စုံသေးပါဘူး။

အထက်မှာ တင်ပြထားသလို ပြင်ပရင်းနှီးမြုပ်နှံသူတွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းစတင်ဖို့အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေအရင်းအမြစ်ရှာရာမှာ အဓိက အခက်အခဲကတော့ စွန့်ဦးတီထွင်သူရဲ့ စိတ်ကူးအကြံဉာဏ်ကို အောင်မြင်မယ်လို့ ယုံကြည်တဲ့အတွက် စွန့်စားပြီး ငွေရင်းစိုက်ထုတ်လိုတဲ့ ရင်းနှီးမြုပ်နှံသူကို ရှာဖွေတွေ့ရှိဖို့ဆိုတာ လွယ်ကူတဲ့ လုပ်ငန်းစဥ် တခုတော့ မဟုတ်ပါဘူး။ အခု ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တွင်ကျယ်နေတဲ့ နည်းလမ်းကတော့ Crowd funding လို့ခေါ်တဲ့ အွန်လိုင်းကနေတဆင့် စွန့်ဦးတီထွင်သူရဲ့ စိတ်ကူးအကြံဉာဏ်ကို စိတ်ဝင်စားတဲ့သူတွေထံကနေ လုပ်ငန်းအကောင်အထည်ဖေါ်ရာမှာ လိုအပ်တဲ့ ဘဏ္ဍာငွေအရင်းအနှီးရှာဖွေခြင်းပါ။ စွန့်ဦးတီထွင်သူအနေနဲ့ သူ့ထုတ်လုပ်လိုတဲ့ ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုကို အဆိုပါ crowd funding အင်တာနက် ဝက်(ဘ)ဆိုက်မှာ အသေးစိတ်တင်ပြပြီး စိတ်ဝင်စားတဲ့သူတွေကို ငွေရင်းစိုက်ထုတ်ပေးဖို့နဲ့ လုပ်ငန်းအောင်မြင်ပါက ဘယ်လို အကျိုးအမြတ်ရမယ်ဆိုပြီး ဖိတ်ခေါ်ဆွဲဆောင်ရပါတယ်။ ဒီစံနစ်နဲ့ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု ကွာခြားတာကတော့ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုစံနစ်မှာ ရင်းနှီးမြုပ်နှံသူတစ်ဦး (သို့မဟုတ်)အနည်းစုက ရင်းနှီးငွေအမြောက်အများထည့်ဝင်တာဖြစ်ပြီး၊ ဒီစံနစ်မှာတော့ စိတ်ဝင်စားသူ အမြောက်အများက ငွေပမာဏအနည်းငယ်စီ ထည့်ဝင်ကြခြင်းဖြစ်ပါတယ်။ ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူတွေ မျှော်လင့်တာက လုပ်ငန်းအောင်မြင်ရင် ရရှိလာမယ့် ငွေကြေးအကျိုးအမြတ်ဖြစ်ပြီး crowd sourcing စံနစ်မှာတော့ ငွေကြေးထည့်ဝင်သူတွေ စိတ်ဝင်စားတာက စွန့်ဦးတီထွင်သူထုတ်လုပ်မယ့် ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှု ဖြစ်ပါတယ်။ crowd funding မှာ ငွေကြေးစိုက်ထုတ်ထည့်ဝင်တာဟာ လုပ်ငန်းအောင်မြင်ရင် ထွက်ရှိလာမယ့် ပစ္စည်းကို ကြိုဝယ်တဲ့ သဘောပါဘဲ။ ဒါကြောင့် စွန့်ဦးတီထွင်သူအနေနဲ့ မိမိထုတ်လုပ်မယ့် ပစ္စည်း (သို့မဟုတ်)ဝန်ဆောင်မှု အကြောင်းကို တတ်နိုင်သမျှ ပြည့်စုံအောင်တင်ပြဖို့လိုပါတယ်။ ဖြစ်နိုင်ရင် နမူနာ ထုတ်လုပ်ထားတဲ့ပစ္စည်း၊ ဒါမှမဟုတ်ရင်လည်း မိမိထုတ်လုပ်မယ့် ပစ္စည်းအတွက် လိုအပ်တဲ့ နည်းပညာတွေအားလုံး မိမိမှာရှိတယ်ဆိုတာကို ငွေကြေးထည့်ဝင်မယ့်သူတွေ ယုံကြည်အောင် တင်ပြနိုင်ရပါမယ်။ ဒါ့အပြင် ပစ္စည်းကို ဘယ်မှာထုတ်လုပ်မယ်၊ ဘယ်လောက်ကုန်ကြမယ်၊ ကနဦးထုတ်လုပ်မှုစားရိတ် ဘယ်လောက်ရှိမယ်၊ အစရှိတာတွေကို တွက်ချက်ပြီး မိမိလိုအပ်တဲ့ ကနဦး ရင်းနှီးငွေပမာဏကို သတ်မှတ်ရပါတယ်။ သတ်မှတ်အချိန်ကာလ (ဥပမာ တစ်လ)အတွင်းမှာ မိမိထုတ်လုပ်လိုတဲ့ပစ္စည်းကို စိတ်ပါဝင်စားတဲ့သူတွေ ထည့်ဝင်မယ်လို့သဘောတူထားတဲ့ငွေပမာဏက  ကနဦးသတ်မှတ်ထားတဲ့ ရင်းနှီးငွေပမာဏကို ပြည့်မှီမှသာ ထည့်ဝင်မယ့် ရင်းနှီးငွေကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ မပြည့်မှီဘူးဆိုရင်တော့ စီမံကိန်း မအောင်မြင်ပါဘူး။

ဥပမာအနေနဲ့ crowd funding ဝက်(ဘ)ဆိုက်တွေထဲမှာ ထင်ရှားတဲ့ kick starter မှာတင်ထားတဲ့ စီမံကိန်း (၃)ခုကို အောက်မှာ ဖေါ်ပြထားပါတယ်။














Pciture Source: www.kickstarter.com

ဝဲဘက်အစွန်ဆုံးက လုပ်ငန်းရှင်ထုတ်လုပ်မယ့် ပစ္စည်းကတော့ ချဥ်ဖတ်တည်တဲ့ပုလင်းပါ။ ထုတ်လုပ်မှု စတင်ဖို့ အရင်းအနှီး ဒေါ်လာ ၁၅၀၀၀ လိုအပ်ပြီး၊ ခုလောလောဆယ်မှာကို ထုတ်လုပ်မယ့် ပစ္စည်းကို စိတ်ဝင်စားသူတွေက ထည့်ဝင်မယ်လို့ သဘောတူထားတာ ဒေါ်လာ ၁၈၀၀၀ ကျော်ရှိတဲ့အတွက် လုပ်ငန်းရှင်အနေနဲ့ လိုအပ်တဲ့ ရင်းနှီးငွေကို ရရှိမှာဖြစ်ပါတယ်။ ဒီလို crowd funding ဝက်(ဘ)ဆိုက်တွေမှာ စွန့်ဦးတီထွင်သူတွေဘဲ လိုအပ်တဲ့ ရင်းနှီးငွေရှာနိုင်တာ မဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့၊ ဝတ္ထုရေးတာ၊ ပန်းချီဆွဲတာစတဲ့ မိမိဝါသနာပါတာကိုလုပ်ဖို့ လိုအပ်တဲ့ ငွေကိုလည်း ရှာနိုင်ပါတယ်။ အလယ်ကပုံမှာ တင်ပြထားတာကတော့ ကွန်ပျူတာမှာ ပုံဖေါ်တဲ့ အစက်အပြောက်လေးတွေနဲ့ ပုံတူဆွဲဖို့ ဝါသနာပါသူက တရက်မှာ တစ်ပုံနှုံးနဲ့ တနှစ်အတွင်း ၃၆၅ ပုံဆွဲဖို့ လိုအပ်တဲ့ငွေ စတာလင်ပေါင် ၂၀၀၀ ကိုထည့်ဝင်ပေးမယ့်သူတွေကို ဖိတ်ခေါ်နေတာဖြစ်ပြီး စာရင်းမပိတ်မှီ ၂၁ နာရီအလိုမှာ ထည့်ဝင်မယ်လို့ သဘောတူထားတာငွေ ပေါင် ၂၅၀၀ ကျော်ရှိပါပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံက နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူတွေ၊ လူမှုအကျိုးပြုလုပ်ငန်းလုပ်လိုသူတွေ၊  အနေနဲ့လည်း လိုအပ်တဲ့ ငွေအရင်းအနှီးကို ဒီလို crowd funding ဝက်(ဘ)ဆိုက်တွေမှာ မိမိရဲ့ ပစ္စည်း၊ အကြံဉာဏ်တွေကို တင်ပြပြီး ငွေကြေးစိုက်ထုတ်ထည့်ဝင်သူရှာဖွေသင့်ကြောင်းတင်ပြလိုက်ရပါတယ်။ နာမည်ကျော်ကြားတဲ့ crowd funding ဝက်(ဘ)ဆိုက်တွေကတော့
www.kickstarter.com
www.indiegogo.com
www.rockethub.com
www.gofundme.com

ရည်ညွှန်းကိုးကား။
Chit, M. M. (2012) ‘SMEs and Exports: An Empirical Analysis of SMEs in Developing and Emerging Economies’, Management Development Journal of Singapore, 18(1), pp. 29-47.

Creative Commons License
စွန်ဦးတီထွင်သူများအတွက် လိုအပ်တဲ့ ရင်းနှီးငွေရနိုင်တဲ့ အရင်းအမြစ်များ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment