Sunday 1 July 2012

ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ (၂)

ကျွန်တော်တို့  မြန်မာနိုင်ငံမှာ ငွေကြေးနှင့်ဘဏ္ဍာရေးဈေးကွက်ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပြီဖြစ်ပြီး စတော့ရှယ်ယာရောင်း၀ယ်ရေးဈေးကွက်တခု မကြာခင်ပေါ်ပေါက်လာတော့ မယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးမှာ ဘဏ္ဍာရေးဆိုင်ရာ ေ၀ါဟာရများကို ဆက်လက် ဖေါ်ပြသွားပါမယ်။ ယခင်ဆောင်းပါး ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ(၁) နဲ့ဆက်စပ်ဖတ်ရှုနိုင်ပါတယ်။

စတော့ဈေးကွက်အညွှန်းကိန်းများ (Stock Market Indexes)

စတော့ဈေးကွက်အညွှန်းကိန်းဆိုတာ စတော့ရှယ်ယာရောင်း၀ယ်ရေးဈေးကွက် တခုရဲ့စွမ်းဆောင်နိုင်ရည်ကို တိုင်းတာတဲ့ အညွှန်းကိန်းတခုဖြစ်ပါတယ်။ အဓိကအားဖြင့် နိုင်ငံတနိုင်ငံရဲ့စတော့ဈေးကွက်ကို ကိုယ်စားပြုလေ့ရှိပြီး ရင်းနှီးမြုပ်နှံသူတွေက အဲဒီဈေးကွက်အပေါ်မှာထားရှိတဲ့ သဘောထားကို ထင်ဟပ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် လန်ဒန်စတော့အိပ်(က)ချိန်းရဲ့ စွမ်းဆောင်နိုင်ရည် ဈေးကွက် အတက်အကျကို အဲဒီအိပ်(က)ချိန်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာဈေး အတက်အကျနဲ့ တိုင်းတာခြင်းဖြစ်ပါတယ်။

အောက်မှာဖေါ်ပြထားတဲ့ FTSE100 (ဖွတ်(တ)စီ Footsie/ˈfʊtsiː/ လို့အသံထွက်ပါတယ်) ဆိုတာ  လန်ဒန် စတော့အိပ်(က)ချိန်းမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေထဲက ဈေးကွက်တန်ဖိုး (Market Capitalisation = Price of Stock ရှယ်ယာတခုဈေးနှုံး X Number of Shares issuesd ထုတ်ရောင်းထားသောရှယ်ယာ အရေအတွက်) အရ အကြီးဆုံးကုမ္ပဏီ ၁၀၀ ရဲ့ ရှယ်ယာဈေး အတက်အကျတွေကို အခြေခံပြီး တွက်ချက်ထားတာဖြစ်ပါတယ်။

BBC စီးပွားရေးသတင်းမှာ ဖေါ်ပြထားတဲ့ စတော့ဈေးကွက်အညွှန်းကိန်းများ


ဒီလိုတွက်ချက်ရာမှာလည်း ကုမ္ပဏီတွေရဲ့ဈေးကွက်တန်ဖိုးကိုမူတည်ပြီး တွက်ချက်တာဖြစ်ပါတယ်။ အကြီးဆုံးကုမ္ပဏီ ၁၀၀ ထဲမှာပါပေမယ့် ပိုပြီးကြီးတဲ့ကုမ္ပဏီတွေရဲ့ရှယ်ယာဈေးအတက်အကျက အညွှန်းကိန်းတွက်ချက်ရာမှာ ပိုပြီးအရေးပါပါတယ်။ ဥပမာ ၂၀၁၁ခုနှစ်မတ်လမှာ သတ္ထုတူးဖေါ်ရေးကုမ္ပဏီ BHP Billiton က ဈေးကွက်တန်ဖိုး ပေါင် ၁၄၈ ဘီလီယံနဲ့ လန်ဒန်စတော့အိပ်(က)ချိန်းမှာ အကြီးဆုံးဖြစ်ပြီး၊ နဝမအကြီးဆုံးဖြစ်တဲ့ British American Tobacco ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက ပေါင် ၄၉ ဘီလီယံ ဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင် FTSE100 အညွှန်းကိန်းတွက်ချက်ရာမှာ BHP Billiton ရဲ့ရှယ်ယာ ဈေးအတက်အကျက British American Tobacco ကုမ္ပဏီရဲ့ရှယ်ယာဈေးအတက်အကျထက် သုံးဆပိုပြီး အရေးပါပါတယ်။ ဒီလိုနိင်ငံတကာစတော့အိပ်(က)ချိန်းတွေရဲ့စတော့ဈေးကွက် အညွှန်းကိန်းတွေဟာ အညွှန်းကိန်းတွက်ချက်ရာမှာပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေး အတက်အကျပေါ်မူတည်ပြီး အောက်မှာ ဖေါ်ပြထားသလို စက္ကန့်နဲ့အမျှပြောင်းလဲနေတာဖြစ်ပါတယ်။

၂၀၁၂ ဇွန်လ ၂၉ ရက် FTSE100 အညွှန်းကိန်းအတက်အကျ

တကယ်တော့ စတော့ဈေးကွက်အညွှန်းကိန်းတွေဟာ ဈေးကွက်တခုရဲ့ စွမ်းဆောင်နိုင်ရည်ဈေးကွက် အတက်အကျကိုတိုင်းတာရာမှာ အသုံးဝင်တဲ့အပြင် ဘဏ္ဍာရေးဆိုင်ရာဆင့်ပွားပစ္စည်း (Financial derivative) အဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။ ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ကုမ္ပဏီတခုထဲရဲ့ရှယ်ယာပေါ်မှာရှိသမျှ အားလုံးပုံပြီးမြုပ်နှံလေ့ မရှိကြပါဘူး။ အဲဒီလို ရင်းနှီးမြုပ်နှံခြင်းဟာ စွန့်စားရမှုသိပ်ကြီးတဲ့အတွက် တတ်နိုင်သမျှလုပ်ငန်းသဘာဝခြင်းမတူတဲ့ကုမ္ပဏီတွေမှာ ဖြန့်ခွဲပြီး မြုပ်နှံလေ့ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ ကြက်ဥတွေကို ခြင်းတလုံးထဲမှာစုပြီးထည့်မထားနဲ့လို့ တင်စားပြောဆို လေ့ရှိပါတယ်။ ဒါပေမယ့် သာမာန်ရင်းနှီးမြုပ်နှံသူများအတွက် စတော့ဈေးကွက်တခုလုံး မှာရှိတဲ့ ရာနဲ့ချီတဲ့ ကုမ္ပဏီကြီးတွေအားလုံးမှာဖြန့်ခွဲပြီးမြုပ်နှံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုရင်းနှီးမြုပ်နှံသူတွေအတွက်ကတော့ စတော့ဈေးကွက်အညွှန်းကိန်းတွေကို အခြေခံထားတဲ့ဘဏ္ဍာရေးဆိုင်ရာဆင့်ပွားပစ္စည်းတွေကို ဝယ်ယူ မြုပ်နှံခြင်းဖြင့် ဈေးကွက်အညွှန်းကိန်းတွက်ချက်ရာမှာပါဝင်တဲ့ ကုမ္ပဏီကြီးတွေအားလုံးမှာ ဖြန့်ခွဲပြီး မြုပ်နှံထားသလို အကျိုးကျေးဇူးရှိမှာဖြစ်ပါတယ်။

ယခုအခါမှာဆိုရင် ဈေးကွက်အညွှန်းကိန်းတွေကို စတော့ဈေးကွက်တွေကိုအခြေခံပြီးသာမက တခြားဈေးကွက်တွေကိုပါ အခြေခံတွက်ချက်ပြီး ဘဏ္ဍာရေးဆိုင်ရာဆင့်ပွားပစ္စည်းတွေအဖြစ် အသုံးပြုလာကြပါတယ်။ အထင်ရှားဆုံးကတော့ အိမ်ခြံမြေဈေးကွက်ကို အခြေခံပြီးတွက်ချက်ထားတဲ့ REIT (Real Estate Investment Trust) အညွှန်းကိန်းတွေဖြစ်ပါတယ်။ ဒီအညွှန်းကိန်းတွေမှာ ရင်းနှီးမြုပ်နှံခြင်းဖြင့် တကယ်တမ်း အိမ်ခြံမြေတွေဝယ်ယူစရာမလိုဘဲနဲ့ အိမ်ခြံမြေဈေးကွက်မှာ ဝင်ရောက်မြုပ်နှံ ဈေးကစားနိုင်ပါတယ်။ အိမ်ခြံမြေတွေဝယ်ယူရာမှာကုန်ကျမယ့် အကျိုးဆောင်ခ၊ ရှေ့နေခ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခတွေလည်း ကုန်ကျစရာမလိုတော့ပါဘူး။

စကားစပ်မိလို့တင်ပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ တချိန်ကခေတ်စားခဲ့တဲ့ နှစ်လုံးထီဆိုတာ ထိုင်းနိုင်ငံ စတော့ဈေးကွက် ဈေးပိတ်ချိန်အညွှန်းကိန်းရဲ့နောက်ဆုံး ဂဏန်းနှစ်လုံးကို ပေါက်ဂဏန်းအဖြစ်ယူတာလို့ မှတ်သားခဲ့ရဘူးပါတယ်။ တကယ်တော့ စတော့ဈေးကွက်အညွှန်းကိန်းတွေရဲ့ အတက်အကျ အပြောင်းအလဲဟာ အညွှန်းကိန်းတွက်ချက်ရာမှာပါဝင်တဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးအတက်အကျပေါ် မူတည်ပြီး ဒီလိုဈေးအတက်အကျကလည်း အရေအတွက်သိန်းသန်းချီတဲ့ ရှယ်ယာရောင်းဝယ်မှုတွေ အပေါ်မှာ မူတည်နေတာဖြစ်တဲ့အတွက် လူတဦးတယောက်၊ အဖွဲ့အစည်းတခုတလေရဲ့လွှမ်းမိုးမှု မရှိနိုင်သလောက်ပါဘဲ။ ဒါပေမယ့် မကြာသေးခင်ကတရုတ်နိုင်ငံ ရှန်ဟဲစတော့ဈေးကွက်မှာ ဈေးကွက်ဖွင့်ချိန်စတင်ခဲ့တဲ့အညွှန်းကိန်းက  စတော့ဈေးကွက်အညွှန်းကိန်းတွေရဲ့ အတက်အကျ အပြောင်းအလဲကို ချုပ်ကိုင်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့အယူအဆကို မေးခွန်းထုတ်လာကြပါတယ်။ တရုတ်နိုင်ငံမှာ ၁၉၈၉ ခု ဇွန်လ ၄ ရက် (၄၊၆၊၈၉) နေ့မှာဖြစ်ပေါ်ခဲ့တဲ့ တိန်ယန်မင်ရင်ပြင်အရေးအခင်းရဲ့  ၂၃ နှစ်မြောက် နှစ်ပါတ်လည်မတိုင်ခင်၂၀၁၂ ခုနှစ် ဇွန်လမှာ တရုတ်အစိုးရက အရေးအခင်းနှင့်ပါတ်သက်သမျှ (အထူးသဖြင့် နံပါတ် ၂၃၊ ၄၊ ၆၊ ၈၊ ၉ အပါအဝင်)ကို အင်တာနက်နဲ့ တခြားမီဒီယာတွေမှာရှာဖွေတာ၊ ရည်ညွှန်းတာတွေကို ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဇွန်လ ၄ ရက်နေ့ ဈေးကွက်အဖွင့်မှာ  ရှန်ဟဲစတော့ဈေးကွက် အညွှန်းကိန်းက ၂၃၄၆.၉၈ နဲ့စတင်ခဲ့ပြီး ဈေးကွက်ပိတ်ချိန်မှာ ၆၄.၈၉ ပွိုင့်ကျဆင်းသွားခဲ့ပါတယ်။ တိုက်ဆိုင်မှုလို့ပြောဖို့ခက်ပေမယ့် တမင်တကာဖြစ်အောင်လုပ်ဖို့ဆိုတာကလဲ အညွှန်းကိန်းက ရာနဲ့ချီတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ရှယ်ယာဈေးပေါ်မူတည်နေလို့ မဖြစ်နိုင်သလောက်ပါဘဲဆိုတာတင်ပြလိုက်ရပါတယ်။

Creative Commons License
ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ (၂) by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment