Thursday 3 May 2012

အသေးစားစီးပွားရေးလုပ်ငန်းတခု စတင်ဖို့ ပြင်ဆင်ခြင်း (Preparing to set up a small business)

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခုကို စွန့်ဦးတည်ထွင်လုပ်ကိုင်ခြင်း (entrepreneurship) ဟာ ငွေကြေးအကျိုးအမြတ်သာမက၊  လွတ်လပ်မှုနဲ့ စိတ်ကျေနပ် ပျော်ရွင်မှုစတဲ့ ဆုလာဒ်တွေ အများကြီးရနိုင်ပါတယ်။ ဒါပေမယ့် သင်အနေနဲ့ လုပ်ငန်းမစခင်မှာ အရာရာကို ကြိုတင်ပြင်ပြီး လုပ်ငန်းစပြီဆိုတာနဲ့ စွဲစွဲနစ်နစ်နဲ့ ကိုယ့်အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ဖို့လိုအပ်ပါတယ်။ လုပ်ငန်းတခုကို အစပြုပြီးတာနဲ့ နောက်ပြန်လှည့်ဖို့ မလွယ်တာကြောင့် လုပ်ငန်းမစခင်မှာ သင်ကိုယ်သင် အဆင်သင့် ဖြစ်မဖြစ် အချိန်ယူပြီး ဆုံးဖြတ်ပါ။ အလျှင်စလို မဆုံးဖြတ်ပါနဲ့။

သင်မှာ စွန့်ဦးတည်ထွင်လုပ်ကိုင်လိုစိတ် / လုပ်ကိုင်နိုင်စွမ်းရှိပါသလား

လုပ်ငန်း မစတင်ခင် ကိုယ့်မှာ စွန့်ဦးတည်ထွင်လုပ်ကိုင်လိုစိတ် / လုပ်ကိုင်နိုင်စွမ်း (entrepreneurship) ရှိ မရှိ စမ်းစစ်ပါ။ စီးပွားရေးလုပ်ရာမှာ သေချာပေါက်အောင် မြင်မယ်လို့ ယူဆလို့မရပါ။ အနည်း နဲ့ အများတော့ စွန့်စားရမှာဖြစ်ပါတယ်။ ရင်ဆိုင်ရမယ့် စွန့်စားမှုတွေကို လုံးလုံးလျားလျား ဖယ်ရှားပစ်လို့မရနိုင်ပေမယ့်  သေသေချာချာ စီမံကိန်းချ  ကြိုတင်ပြင်ဆင်ခြင်းဖြင့်  လုပ်ငန်းအောင်မြင်နိုင်မယ့် အခွင့်အလမ်းတွေကို   မြှင့်တင်နိုင်ပါတယ်။ ပထမ အဆင့်နေနဲ့ စီးပွားရေးလုပ်ငန်းငယ်တစ်ခုရဲ့ ပိုင်ရှင်သာမက လုပ်ငန်းကို စီမံခန့်ခွဲရမယ့် မန်နေဂျာလည်း ဖြစ်လာမယ့် ကိုယ့်မှာ ဘယ်လို အားသာချက်၊ ဘယ်လိုအားနည်းချက်တွေ ရှိတယ်ဆိုတာကို သုံးသပ်ရပါမယ်။

ဒီလို သုံးသပ်ဖို့အတွက်  အောက်ဖေါ်ပြပါ မေးခွန်းတွေကို သေသေချာချာ စဉ်းစားပါ။

၁။ သင်ဟာ ထကြွ လုံ့လ ရှိသူ တစ်ယောက်ဖြစ်ပါသလား။
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် အနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ ပါတ်သက်သမျှ အစစ အရာရာ လုပ်ငန်းဆောင် တာ တွေအားလုံး  ကိုယ့်တာ၀န် တွေပဲ ဖြစ်လာမှာပါ။

၂။ လူအမျိုးမျိုးနဲ့ လိုက်လျောညီထွေ ဆက်ဆံ နိုင်တဲ့ အရည်အချင်းရှိပါသလား။
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် အနေနဲ့  ကိုယ့်ရဲ့ဖေါက်သည်၊ ပစ္စည်းရောင်းပေးသူ၊  ကိုယ့်ရဲ့၀န်ထမ်း၊ ဘဏ်မန်နေဂျာ၊ ရှေ့နေ၊ စာရင်းကိုင် အစရှိတဲ့ လူအမျိုးမျိုးနဲ့ လုပ်ငန်းသဘောအရ ဆက်ဆံရပါမယ်။ အလွန် ဈေးဆစ်တတ်တဲ့ ဖေါက်သည်၊ ကိုယ့်ပစ္စည်းဖိုး ပေးဖို့ကို နေ့ရွှေ့ရက်ရွှေ့ ခဏခဏလုပ်နေတဲ့ ပစ္စည်းရောင်းပေးသူ စတာတွေကို ကိုယ့်စီးပွားရေးအတွက် သည်းခံပြီး ဆက်ဆံနိုင်ပါသလား။

၃။ ဆုံးဖြတ်ချက် ကောင်းကောင်း ချနိုင်သူတစ်ယောက်ဖြစ်ပါသလား။
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဟာ ဆုံးဖြတ်ချက်တွေ အမြဲချနေရမှာဖြစ်ပြီး၊ အဲဒီ ဆုံးဖြတ်ချက်တွေကို လည်း ကိုယ့်တယောက်ထည်း ဖိအားတွေအောက်ကနေ မြန်မြန်ဆန်ဆန်ချဖို့ လိုအပ်လေ့ရှိပါတယ်။

၄။   စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ဖို့ သင်ဟာ စိတ်ရော ကိုယ်ပါ ကြံခိုင်ပါရဲ့လား။
စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ရတာ စိတ်လှုပ်ရှားစရာပါ၊ ဒါပေမဲ့ လုပ်စရာတွေလဲ အများကြီးပါဘဲ။ တစ်ရက်ကို ၁၂ နာရီနဲ့ ၇ ရက်လုံးလုံး လုပ်ဖို့လိုအပ်လာရင် သင်လုပ်နိုင်ပါသလား။

၅။ သင်ဟာ စည်းစံနစ်ကျကျနဲ့ ရှေ့ရေးကို ကြိုတင်ပြင်ဆင်နိုင်သူတစ်တယောက်ဖြစ် ပါသလဲ။
သုတေသနတွေ့ရှိချက်တွေအရ စီးပွားရေးလုပ်ငန်းမအောင်မြင်မှု တော်တော်များများရဲ့ အကြောင်းရင်းဟာ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းကြောင့်ဖြစ်ပါတယ်။  ရင်ဆိုင်ရမည့် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အတွက် ငွေရေးကြေးရေး၊ ကုန်ပစ္စည်း အ၀င်အထွက်၊ လုပ်ဆောင်ရမည့်အချိန်ဇယားစတာတွေမှာ စည်းစံနစ် ရှိရပါမယ်။

၆။  သင်မှာ ခိုင်မာတဲ့ သံဌိဒါန်ရှိပါရဲ့လား။
စီးပွားရေးလုပ်ငန်းတစ်ခုကို လည်ပတ်ရတာ အင်မတန်မှ စိတ်ဖိစီးမှု များပါတယ်။ တစ်ချို့ စီးပွားရေးလုပ်ငန်း ရှင်တွေဟာ လုပ်ငန်းအောင်မြင်ဖို့ ကိုယ်တစ်ယောက်တည်း ရုန်းကန်ရတဲ့အတွက် စိတ်ပင်ပန်းနွမ်းနယ်ပြီး လုပ်ငန်းအပေါ် စိတ်၀င်စားမှု လျော့ပါးသွားတတ်ပါတယ်။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းအပေါ်မှာ စိတ်အား ထက်သန်မှုရှိမှသာ ဒီလိုဖြစ်ရပ်မျိုးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

၇။ သင်ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းက သင်မိသားစုအပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှာလဲ။
လုပ်ငန်းအစပိုင်းနှစ်တွေဟာ မိသားစုရှိတဲ့သူတွေအတွက် ခက်ခဲကြမ်းတမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်အတွင်းမှာ မိသားစု၀င်တွေက သင်အပေါ်ကို နားလည်ဖို့၊ သင်ကလည်း  မိသားစုရဲ့ ကိုယ့်အပေါ် ယုံကြည်ဖေးကူမှုကိုရဖို့ အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းက အမြတ်မပေါ်ခင် စပ်ကြားမှာ ငွေကြေး အခက်အခဲလည်း တွေ့နိုင်ပါတယ်။ ဒီလို အခက်အခဲမျိုးဟာ လချီ၊ နှစ်ချီ ကြာနိုင်တာမို့ မိသားစုအနေနဲ့ ချိုးချံ ချွေတာရတာတွေ၊ မိသားစုလက်ငုတ်လက်ရင်း ပစ္စည်းတွေကို ပေါင်နှံရောင်းချရတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။

ဘာကြောင့် အသေးစား စီးပွားရေးလုပ်ငန်း တွေမအောင်မြင်ရတာလဲ။

မကြာသေးခင်က ကုလသမဂ္ဂ (UN) မှပြုလုပ်တဲ့ သုတေသနတစ်ခုမှာတွေ့ရှိချက်အရ ပျမ်းမျှအားဖြင့် နိုင်ငံ တစ်နိုင်ငံရှိ အလုပ်အကိုင် ၆၆% ကျော်ဟာ အလုပ်သမား ၅ ယောက်ကနေ ၂၅၀ အတွင်းမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေမှာ လုပ်ကိုင်နေတာပါ။ ဒါပေမယ့် ဒီလုပ်ငန်းတွေထဲ က တော်တော်များများဟာ အစောပိုင်းနှစ်တွေမှာပဲ ပျက်သုဉ်းသွားကြပါတယ်။ စီးပွားရေးလုပ်ငန်းမှာ
အောင်မြင်မှုဆိုတာ အလိုအလျှောက် ဘယ်တော့မှဖြစ်မလာပါဘူး။ အောင်မြင်မှုဟာ ကံအကြောင်း တရားပေါ်မှာ ဘဲ လုံးလုံးလျှားလျှား တည်နေတာလည်း မဟုတ်ပါဘူး။ တကယ်တမ်းတော့ စီးပွားရေး လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုဟာ ပိုင်ရှင်ရဲ့ အမျှော်အမြင်ကြီးမှုနဲ့ ဦးဆောင်နိုင်မှုပေါ်မှာ အခြေတည်တာပါ။ ဒါပေမယ့် ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုတဲ့ စကားလိုပဲ၊ အရာရာကို တထစ်ချ ပြောလို့တော့မရပါဘူး။
အသေးစား စီးပွားရေး တစ်ခုကို စတင်ထူထောင်ရတာ စွန့်စားရမှုများပြီး အောင်မြင်နိုင်မယ့် အခွင့်အလမ်း က နည်းပါတယ်။ အမေရိကန် အသေးစား စီးပွားရေးအသင်းရဲ့အဆိုအရ လုပ်ငန်း တစ်၀က်လောက်ဟာ ပထမ ၅ နှစ် အတွင်းမှာပဲ ရပ်ဆိုင်းသွားလေ့ရှိပါတယ်။

ပညာရှင်ေတွရေးသားတဲ့ အသေးစား စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုစာအုပ်တွေ မှာ အသေးစား စီးပွားရေးလုပ်ငန်း တစ်ခု မအောင်မြင်ရတဲ့ အကြောင်းရင်းတွေကို အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။
  • လုပ်ငန်းအတွေ့အကြုံမရှိခြင်း
  • ငွေကြေးအရင်းအနှီး မလုံလောက်ခြင်း
  • လုပ်ငန်း တည်နေရာ အကွက်အကွင်း မကောင်းခြင်း
  • ကုန်ကြမ်းပစ္စည်း၊ ကုန်ချော တွေကို ကောင်းကောင်းမထိမ်းသိမ်းနိုင်ခြင်း
  • စက်ကိရိယာ၊ အဆောက်အဦး စသည့် အခြေပစ္စည်းများတွင် မလိုအပ်ဘဲ လွန်ကဲစွာမြုပ်နှံခြင်း
  • ပေးရန်၊ ရရန်များကို အလျှင်မှီအောင် ကောင်းစွာ  မစီမံနိုင်ခြင်း
  • လုပ်ငန်းလည်ပါတ်ရန်ထားသည့်ငွေကို ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် သုံးခြင်း
  • မမျှော်လင့်ဘဲ လုပ်ငန်းက (ပိုင်ရှင်လုပ်ကိုင်နိုင်စွမ်းရှိသည်ထက်)လျှင်မြန်စွာတိုးတက်လာခြင်း
  • ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း
  • ဈေးကွက်ဝင်သည့် ပစ္စည်း မထုတ်လုပ်နိုင်ခြင်း တို့ဖြစ်ပါတယ်။
အထက်ဖေါ်ပြပါ အချက်အလက်တွေဟာ စီးပွားရေးလုပ်ငန်းအသစ်တစ်ခုကို မစတင်ရဲအောင် တမင်တကာ ဖေါ်ပြရခြင်း မဟုတ်ပါ။ အသေးစား စီးပွားရေးလုပ်ငန်းတခုကို  စတင်ထူထောင်သူတွေ အနေနဲ့ ရှေ့မှာ ကြုံတွေ့ရမည့် လမ်းခရီးကြမ်းအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ထူထောင်ရာမှာ စွန့်ဦးတည်ထွင်သူတွေအတွက် အကြီးဆုံးအဟန့်အတား ကတော့   ကြုံတွေ့ရမဲ့ အခက်အခဲတွေကို လျှော့တွက်ခြင်းဟာပါဘဲ။ ဘာဘဲပြောပြော သင်ကသာ စိတ်ရှည်လက်ရှည် နဲ့ ကြိုးစားလုပ်ကိုင်ချင်စိတ်ရှိပြီး အစစ အရာရာကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အောင်မြင်မှုဟာ သင့်အတွက် ဖြစ်လာမှာပါ။

 အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်းစီးပွားရေးလုပ်ငန်း တစ်ခုကို စတင်ထူထောင်ဖို့ စဉ်းစားစရာအချက်တွေ အများကြီးရှိပေမယ့် တကယ်လို့ သင်ကသာ အရည်အချင်းပြည့်စုံတဲ့ စွန့်ဦးတည်ထွင်သူတစ်ဦးဖြစ်ရင်တော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုက ရရှိလာ အကျိုးကျေးဇူးတွေက တွေ့ကြုံရမယ့် အခက်အခဲတွေထက် အများကြီး သာလွန်ပါတယ်။
  • ကိုယ်သာလျှင် ကိုယ့်အလုပ်ရှင်ဖြစ်လာမှာပါ။
  • ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ရလာသမျှ အကျိုးအမြတ်တွေဟာ ကိုယ့်အတွက်ပါဘဲ။ တစ်ခြား သူ အတွက်မဟုတ်ပါဘူး။
  • ၀င်ငွေနဲ့ လုပ်ငန်းတိုးတက်မှု အလားအလာ လွန်စွာကြီးပါတယ်။
  • လုပ်ငန်းသစ်တစ်ခုကို စတင်ရတာ စွန့်စားရမှုများသလို စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။
  • စီးပွားရေး လုပ်ငန်း တစ်ခုကို ဦးဆောင်ရတာ မဆုံးနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ကြုံရမှာဖြစ်သလို၊ ပညာရပ် အသစ်တွေကို သင်ယူဖို့ အခွင့်အလမ်းကောင်းလည်း ဖြစ်ပါတယ်။
နောက်လာမယ့်ဆောင်းပါးတွေမှာ  စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့ လိုအပ်တဲ့အချက်တွေနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေအတွက် ဈေးကွက်သုတေသန ဘယ်လိုလုပ်ရမယ်ဆိုတာကို တင်ပြပါမယ်။

ရင်းမြစ်။  ။  http://www.sbaonline.sba.gov/smallbusinessplanner/index.html မှအချက်အလက်များကို ဆီလျော်အောင်ပြန်ဆိုပါသည်။

Creative Commons License
အသေးစား စီးပွားရေးလုပ်ငန်းတခု စတင်ဖို့ ပြင်ဆင်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

1 comment:

  1. ကျေးဇူးတင်ပါတယ်...

    ReplyDelete