Tuesday 22 May 2012

စီးပွားရေးလုပ်ငန်းစီမံကိန်းတခု ရေးဆွဲခြင်း Writing a Business Plan

စီးပွားရေးလုပ်ငန်းတခုကို အောင်မြင်စွာစတင်ဖို့နဲ့ လည်ပတ်ဖို့အတွက် လမ်းညွှန်တခု  (Business Plan) လိုအပ်ပါတယ်။ ဒီလမ်းညွှန်စီမံချက်ဟာ လုပ်ငန်းရှင်တယောက်အတွက် လမ်းပြမြေပုံတခုအလား ပံ့ပိုးပေးပါလိမ့်မယ်။ ဒါအပြင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် လုပ်ငန်းလမ်းညွှန်စီမံကိန်းကိုပြပြီး တခြား အပေါင်ပစ္စည်းမပါဘဲ ဘဏ်ကနေငွေချေးလို့ရပါတယ်။  မြန်မာနိုင်ငံမှာ ဘဏ်စံနစ် ယခုထက် ဖွံ့ဖြိုးလာတဲ့အခါ ဒီလိုဘဲဖြစ်လာမှာပါ။ ခုချိန်မှာတော့ ကိုယ်တယောက်ထဲ ငွေမနိုင်လို့ အစုစပ်လုပ်မယ့်သူရှာတဲ့ အခါဖြစ်စေ၊ ဆွေမျိုး သားချင်း မိတ်ဆွေတွေဆီက ငွေချေးလိုတဲ့အခါဖြစ်စေ လုပ်ငန်းလမ်းညွှန်စီမံချက် တခုရှိရင် အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းစီမံချက်တခုဟာ တခါရေးဆွဲပြီးတာနဲ့  ပြည့်စုံသွားပြီလို့မရှိပါဘူး။ ကိုယ့်လုပ်ငန်း နဲ့ လုပ်ငန်းလည်ပါတ်နေတဲ့ ပါတ်၀န်းကျင် ပြောင်းလဲနေတာနဲ့အမျှ လိုအပ်လာတာတွေကို ထပ်မံဖြည့်စွက်နေ သင့်ပါတယ်။ တကယ့်ကို အောင်မြင်ပြီး ကြီးထွားနေတဲ့လုပ်ငန်းဖြစ်ရင်တောင်မှ လက်ရှိအခြေအနေ နဲ့လျှော်ညီတဲ့ စီးပွားရေးလုပ်ငန်းစီမံချက်တခုကို ရှိထားသင့်ပါတယ်။ လုပ်ငန်းစီမံချက် တခုရေးဆွဲဖို့ စဉ်းစားပြီဆိုရင် ပထမဆုံးလုပ်ရမှာကတော့ ကိုယ့်ရဲ့လုပ်ငန်းနဲ့ပါတ်သက်ပြီး သေသေချာချာ စစ်စစ်ပေါက်ပေါက် အချက်အလက် ရနိုင်သမျှကို ကြိုးစားပြီး စုဆောင်းရပါမယ်။  အဲဒီ စုဆောင်းထားတဲ့ အချက်အလက်တွေအားလုံးဟာ လုပ်ငန်းစီမံချက် တခုပြုစုရာမှာ အသုံးတဲ့မှာ မဟုတ်ပေမယ့် ကိုယ်ဘယ်လို အချက်အလက်တွေ ရှာနေသလဲဆိုတာကို သိဖို့တော့ အထောက်အကူဖြစ်ပါ လိမ့်မယ်။ စီးပွားရေးလုပ်ငန်း စီမံချက်တိုင်းမှာ အောက်မှာဖေါ်ပြထားတဲ့ အချက်အလက်တွေ ပါ၀င်သင့်ပါတယ်။

စီမံချက်၏ အနှစ်ချုပ် (Executive Summary)

စီးပွားရေးလုပ်ငန်းစီမံချက် တခု၏ အရေးကြီးဆုံးသော အစိတ်အပိုင်းဖြစ်ပါတယ်။ ဤအနှစ်ချုပ်တွင်  လုပ်ငန်း၏ သမိုင်းကြောင်း၊ လက်ရှိအခြေအနေ နှင့် မည်ကဲ့သို့ တိုးတက်အောင် ကြံရွယ်ထားသည် တို့ကို လိုရင်းတိုရှင်း နှင့် စိတ်၀င်စားဖွယ်ရာ ဖေါ်ပြထားသင့်ပါတယ်။ အရေးအကြီးဆုံးကတော့ စီမံကိန်းကို ဖတ်ရှုသူအနေနဲ့ ကိုယ်ဘာကြောင့် ကိုယ့်ရဲ့စီးပွားရေးအကြံအစည်ဟာ အောင်မြင်မယ်လို့ ယုံကြည်ကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သွားစေရပါမယ်။

မိမိလုပ်ငန်းအကြောင်း ဖေါ်ပြချက် (Description of the Business)

ဒီအခန်းမှာ ကိုယ့်လုပ်ငန်းရဲ့ သဘောသဘာ၀၊ လုပ်ငန်းအောင်မြင်ဖို့အတွက်လိုအပ်တဲ့ အခြေခံ အကြောင်းတရားတွေကို ပါ၀င်သင့်ပါတယ်။  လုပ်ငန်းရဲ့ သဘောသဘာ၀ကိုဖေါ်ပြတဲ့အခါ ကိုယ်ဖြည့်ဆည်းဖို့ကြိုးစားနေတဲ့ ဈေးကွက်ရဲ့လိုအပ်ချက်တွေ နဲ့ အဲဒီလိုအပ်ချက်တွေကို ကိုယ့်ရဲ့ကုန်စည် (သို့) ၀န်ဆောင်မှု နဲ့ ဘယ်လိုဖြည့်ဆည်းပေးမလဲ ဆိုတဲ့အချက်တွေကို မမေ့မလျှော့ ဖေါ်ပြသင့်ပါတယ်။ ဒါတွေအပြင် ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့အစည်းမျိုုးမှာ အဲဒီလိုအပ်ချက်တွေရှိတယ်ဆိုတယ့် အချက်တွေ ပါ၀င်သင့်ပါတယ်။

လုပ်ငန်းအောင်မြင်ဖို့ အခြေခံကျတဲ့ အချက်တွေကတော့ ဖေါက်သည်ရဲ့လိုအပ်ချက်တွေကို ပြိုင်ဖက်တွေ ထက် သာလွန်အောင်ဖြည့်ဆည်းပေးနိုင်မှု၊ ကိုယ့်ရဲ့ကုန်စည် (သို့) ၀န်ဆောင်မှုကို မြန်ကောင်းသက် သာ ဖြနေ့်၀ပေးနိုင်မှု၊ ထူးချွန်ထက်မျက်တဲ့ ၀န်ထမ်းများ၊ လုပ်ငန်းတည်နေရာကောင်းမွန်မှု စတဲ့အချက်တွေ ဖြစ်ပြီး၊ ဒီအချက် တခုချင်းစီက သင့်ရဲ့လုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါလိမ့် မယ်။

ထုတ်လုပ်မည့် ကုန်စည် (သို့) ၀န်ဆောင်မှု (Product or Service Line)

ဤခေါင်းစဉ်၏အောက်တွင် ထုတ်လုပ်မည့် ကုန်စည် (သို့) ၀န်ဆောင်မှု အမျိုးအစားနှင့် ကိုယ့်ကုန်စည်က လက်ရှိဖေါက်သည် နှင့် ၀ယ်ယူရန် အလားအလာရှိသောသူများအတွက် မည်သည့် အကျိုးကျေးဇူး များ ပေးစွမ်းနိုင်သည်ကို အလေးထားဖေါ်ပြပါ။ မိမိ ကုန်ပစ္စည်း၏ အားသာချက်များနှင့် ဈေးကွက်အတွင်းရှိ လိုအပ်ချက်နှင့် ပြဿနာများကို မိမိ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းက မည်ကဲ့သို့ ဖြည့်ဆည်းပေးနိုင်မည်ကို ရှင်းလင်းစွာ ဖေါ်ပြပေးပါ။ ထိုသို့ ဖေါ်ပြရာတွင်လည်း လူအများက မိမိ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းကို ဝယ်ယူလိုစိတ်ပြင်းပျသည့်အကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံနှင့် တင်ပြသင့်ပါသည်။

ထုတ်လုပ်မည့် ကုန်စည် (သို့) ၀န်ဆောင်မှုနှင့် ပါတ်သက်သည့် အသေးစိတ် အတိုင်းအထွာ အချက်လက်များ၊ အသုံးပြုမည့် ကုန်ကြမ်းပစ္စည်း၊ ထုတ်လုပ်မှု ကုန်ကျစားရိတ် နှင့် ပစ္စည်းရရှိနိုင်မှု စသည့် တို့ကိုလည်း အတိအကျ ဖေါ်ပြသင့်ပါသည်။

ဈေးကွက် ဆန်းစစ်ချက် (Market Analysis)

ဤအပိုင်းမှာ ကိုယ့်လုပ်ငန်းရဲ့စီးပွားရေးနယ်ပယ်နဲ့ ပါတ်သက်တဲ့ ကိုယ့်ရဲ့ ဗဟုသုတကို ဖေါ်ပြရပါမယ်။ ဈေးကွက်နဲ့ ပါတ်သက်ပြီး သုတေသန လုပ်ထားတဲ့ တွေ့ရှိချက်တွေ၊ ကိုယ့်ရဲ့ သုံးသပ်ချက်တွေ ကိုလည်း ဒီနေရာမှာ ဖေါ်ပြသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းငယ် တွေအနေနဲ့ ဘယ်လို ဈေးကွက်သုတေသန လုပ်မလဲဆိုတာ သီးခြားဆောင်းပါးတခုမှာ ဖေါ်ပြထားပါတယ်။

 ဈေးကွက်ဖေါ်ဆောင်ခြင်း နှင့် အရောင်းစီမံခန့်ခွဲမှု (Marketing and Sales Management)

ဈေးကွက်ဖေါ်ဆောင်ခြင်း (Marketing) ဆိုတာ ဖေါက်သည်ဖန်တီးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါ တယ်။ ဖေါက်သည် ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတခုရဲ့ အသက်သွေးကြောပါ။ စီးပွားရေးလုပ်ငန်းတခု မစတင်ခင် (ဒါမှမဟုတ် လုပ်ငန်းကိုချဲ့ထွင်တော့မယ်ဆိုရင်) ပထမဆုံး လုပ်ရမှာကတော့ ဈေးကွက်ဖေါ်ဆောင်မှုဗျူဟာကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီလို သတ်မှတ်တဲ့ နေရာမှာ လှေနံဒါးထစ် တိတိကျကျ သတ်မှတ်ထားတဲ့ နည်းလမ်းရယ်လို့ မရှိပါဘူး။ ကိုယ့်ရဲ့ ဗျူဟာကို  လုပ်ငန်းရဲ့ ပြောင်းလဲနေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး လိုက်လျောညီထွေရှိအောင် ချမှတ်ရမှာဖြစ်တဲ့အတွက် တခြား လုပ်ငန်းတွေရဲ့ ဈေးကွက်ဖေါ်ဆောင်မှုဗျူဟာတွေနဲ့ တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်အကောင်အထည် ဖေါ်လိုတဲ့ဗျူဟာကို ရေးဆွဲတဲ့နေရာမှာ လိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။

ပြည့်စုံတဲ့ ဈေးကွက်ဖေါ်ဆောင်ရေး ဗျူဟာမှာ အောက်ဖေါ်ပြပါ ဗျူဟာတွေ ပါ၀င်သင့်ပါတယ်။

  • ဈေးကွက် ထိုးဖေါက်ရေး ဗျူဟာ (သို့မဟုတ်) ဈေးကွက်၀ေစု ပိုမိုရရှိအောင် လုပ်ဆောင်မယ့် နည်းလမ်းများ။     ။အသုံးများတဲ့  ဈေးကွက် ထိုးဖေါက်ရေး ဗျူဟာတွေ ကတော့ ကိုယ့်ပစ္စည်းရဲ့အရည်အသွေးက ပြိုင်ဖက်တွေထက်မသာရင် ဈေးနှုံးကို ပြိုင်ဖက်တွေထက် မများအောင်သတ်မှတ်ခြင်း၊ ကြော်ငြာ နဲ့ တခြား အရောင်းမြှင့်တင်ရေး နည်းလမ်းများကို အသုံးပြုခြင်း၊ ဖြန့်ဖြူးရေးနည်းလမ်းအသစ်များ အသုံးပြုခြင်း၊ ပစ္စည်း အရည်အသွေးကို မြှင့်တင်ခြင်း စတာတွေ ဖြစ်ပါတယ်။ 
  • လုပ်ငန်းချဲ့ထွင်ရေး ဗျူဟာ။     ။ဒီဗျူဟာမှာ လုပ်သားအင်အားတိုးမြှင့်ခြင်း၊ လက်ရှိထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းကို ပိုမိုထုတ်လုပ်ခြင်း၊ လက်ရှိ ကုန်ချောပစ္စည်းသာမက လိုအပ်သည့် ကုန်ကြမ်းပစ္စည်းကိုပါ ပူးတွဲထုတ်လုပ်ခြင်း (သို့မဟုတ်) မိမိထုတ်လုပ်သည့်ပစ္စည်းက ကုန်ကြမ်းပစ္စည်း (ဥပမာ ဂျုံမှုန့်) ဖြစ်ပါက ကုန်ချောပစ္စည်း (ဥပမာ ခေါက်ဆွဲ)ပါ တွဲဖက်ထုတ်လုပ်ခြင်း ဈေးကွက်သို့ ကိုယ်တိုင်ဖြန့်ဖြုးခြင်း စတဲ့အချက်တွေကို ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ 
  • ကုန်ပစ္စည်း ဖြန့်ဖြူးမှု ဗျူဟာ။     ။ ဒီနေရာမှာ ကိုယ့်ကုန်ပစ္စည်းကို ကိုယ့်တံဆိပ်နဲ့ကိုယ်ဈေးကွက် တင်မှာလား၊ ဒါမှမဟုတ် လက်ကားဒိုင်ကို သွင်းမှာလား၊  ကိုယ့်တံဆိပ်နဲ့ကိုယ်ရောင်းမယ်ဆိုရင် ကိုယ်ပိုင် အရောင်းအဖွဲ့ထားပြီး စားသုံးသူထံ အရောက် တိုက်ရိုက်ရောင်းမှာလား၊ လက်လီဆိုင်တွေကတဆင့် ရောင်းချမှာလား  စတဲ့အချက်တွေကို   ထည့်သွင်းစဉ်းစားရပါမယ်။
  •  ဈေးကွက် ဆက်ဆံရေး ဗျူဟာ။     ။ ကိုယ့်ကုန်ပစ္စည်းအကြောင်းကို စားသုံးသူသိအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရပါမယ်။ အသုံးများတဲ့ နည်းလမ်းတွေကတော့ ကိုယ့်ကုန်ပစ္စည်းက လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန် အစရှိတာတွေဖြစ်ပါက လက်ကမ်းစာစောင် ကုန်ပစ္စည်းဈေးနှုံးစာရင်း  စသည်တို့ကိုသှုံး၍ ကြော်ညာခြင်း၊ အများသုံးမဟုတ်တဲ့ ကုန်ကြမ်းပစ္စည်းလို ပစ္စည်းမျိုးဆိုပါက အသုံးပြုမည့်သူထံ တိုက်ရိုက်သွား၍ ရှင်းလင်းပြောပြရောင်းချခြင်း 

 အထက်ဖေါ်ပြပါ ဈေးကွက်ဖေါ်ဆောင်ရေး ဗျူဟာများ ရေးဆွဲချမှတ်ပြီးပါက ကိုယ့်ရဲ့ကုန်ပစ္စည်းကို ဘယ်လိုရောင်းချမလဲဆိုတဲ့ အရောင်းစီမံခန့်ခွဲမှုဗျူဟာများကို ချမှတ်ရပါမယ်။ သင့်ရဲ့ အရောင်းစီမံခန့်ခွဲမှု ဗျူဟာတွေမှာ အောက်ဖေါ်ပြပါ ဗျူဟာတွေကို ထည့်သွင်းစဉ်းစားရပ်မယ်။

  • အရောင်း၀န်ထမ်း ဆိုင်ရာဗျူဟာ။      ။ တကယ်လို့ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ကိုယ်ပိုင်အရောင်းအဖွဲ့နဲ့ ရောင်းချမယ်ဆိုပါက အရောင်း၀န်ထမ်း ဘယ်လောက်လိုအပ်မလဲ၊ လိုအပ်တဲ့ ၀န်ထမ်းတွေကို ဘယ်လိုရှာဖွေခန့်ထားမလဲ၊ ၀န်ထမ်းတွေကို ဘယ်လိုလေ့ကျင့်ပေးမလဲ၊ သူတို့ကို ဘယ်လိုပုံစံနဲ့ လစာပေးမလဲ (ဥပမာ လခစားလား၊ ကော်မရှင်စားလား) စတဲ့ အချက်တွေကို ကြိုတင်စဉ်းစားထားရပါမယ်။ 
  •  အရောင်းစီမံခန့်ခွဲမှု။       ။အရောင်းဗျူဟာ ရေးဆွဲတဲ့နေရာမှာ ကိုယ်လုပ်ငန်းရဲ့ရှေ့အလားအလာကို  ကြိုတင်ပြီး သုံးသပ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ နိုင်ငံခြားငွေလဲနှုံး အတက်အကျက ကိုယ့်ကုန်ပစ္စည်းရဲ့ ၀ယ်လိုအား အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မလဲ ဆိုတာမျိုးပေါ့။ ဒါအပြင် ကုန်ပစ္စည်း တခါမှာဖို့အတွက် ၀ယ်ယူသူကို ဘယ်လိုဆက်သွယ်ရသလဲ၊ တလ (သို့မဟုတ်) တပါတ် အတွင်းမှာဘယ်နှစ်ကြိမ်ဆက်သွယ်ရသလဲ၊ တခါမှာရင် ဘယ်လောက်ဖိုးမှာသလဲ၊ ဖေါက်သည် တယောက်ချင်းရဲ့ ဖြုန်းအား စတာတွေကို သုံးသပ်ထားဖို့ လိုအပ်ပါတယ်။ 


လုပ်ငန်းဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှု (Organisation and Management)

 ဒီအခန်းမှာတော့ လုပ်ငန်းရဲ့ပိုင်ဆိုင်မှုပုံစံ (ဥပမာ တစ်ဦးတည်းပိုင် သို့မဟုတ် အစုစပ်)၊ လုပ်ငန်းရဲ့ ဖွဲ့စည်းပုံဇယား စတာတွေပါ၀င်သင့်ပါတယ်။ ဖွဲ့စည်းပုံဇယားမှာ ဘယ်သူက ကိုယ့်လုပ်ငန်းမှာ ဘယ်အလုပ်ကို လုပ်တယ်၊ သူတို့ရဲ့ နောက်ကြောင်းအကျဉ်းနဲ့ ကိုယ်ဘာကြောင့် သူတို့ကို ခန့်ထားတယ်၊ ဘယ်သူက ဘယ်သူကို တာ၀န်ခံရမယ်၊ စတာတွေကို ဖေါ်ပြသင့်ပါတယ်။  လူ သုံးလေးယောက်လောက်နဲ့ လည်ပါတ်နေတဲ့ လုပ်ငန်းလေးတွေအတွက်တော့ ဒီအချက်တွေဟာ အပိုတွေလို ထင်စရာရှိပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းစီမံချက်ကို ဖတ်ရှုသူအနေနဲ့ ဒီအချက်တွေကို သိရှိလိုမှာဖြစ်ပါတယ်။ ဒါအပြင် တာ၀န် ၀တ္တရားတွေကို စာနဲ့သေသေချာချာ မှတ်တမ်းတင်ထားခြင်းဖြင့် လူသစ်ခေါ်တဲ့အခါ၊ လစာ ခံစားခွင့်တွေ ညှိနှိုင်းတဲ့အခါ တွေမှာ အထောက်အကူဖြစ်မှာပါ။

ရင်းနှီးမြုပ်နှံမှု လိုအပ်ချက် (Funding Request)

လုပ်ငန်းသစ် တခုစတတင်ရန် (သို့) လက်ရှိလုပ်ငန်းကို ချဲ့ထွင်ရန် လိုအပ်မည့် ရင်းနှီးမြုပ်နှံမှု ပမာဏကို ဤခေါင်းစဉ်အောက်တွင် ဖေါ်ပြသင့်ပါသည်။ လိုအပ်ပါက ပြောင်းလဲလာနိုင်သည့် အခြေအနေနှင့် အချိန်အခါကို လိုက်၍ လိုအပ်လာနိုင်သည့် ရင်းနှီးငွေပမာဏကို ခွဲခြားပြီး ဖေါ်ပြနိုင်ပါသည်။ ဥပမာအားဖြင့် ပြည်ပမှ စက်ကိရိယာတင်သွင်းရန်လိုအပ်ပါက ငွေဈေးမည်မျှတက်သွားပါက  ရင်းနှီးငွေပမာဏ မည်မျှ လိုအပ်မည်ကို ငွေဈေးနှုံး ဖြစ်နိုင်ချေ သုံးလေးမျိုးခွဲ၍ တင်ပြသင့်ပါသည်။ ထို့အပြင် ရင်းနှီးငွေလိုအပ်ချက်တွင် လက်ငင်းလိုအပ်ငွေ၊ နောင်လာမည့် နှစ်ကာလ အပိုင်းအခြားတခုအတွင်း လိုအပ်မည့်ငွေ၊ ရရှိလာမည့် ရင်းနှီးငွေကို မည်ကဲ့သို့ အသုံးပြုမည် စသည့်အချက်များကို တိတိကျကျ ဖေါ်ပြသင့်ပါသည်။  လိုအပ်မည့် ရင်းနှီးငွေကို မည်သည့်နေရာမှ ရရှိနိုင်သည် (ဥပမာ ဘဏ်ချေးငွေ၊ မိမိစုဆောင်းငွေ)၊ ချေးငွေကို မည်သည့်အချိန်တွင် မည်သိုပြန်လည်ပေးဆပ်မည် စသည့်အချက်များကိုလဲ ဖေါ်ပြရပါမည်။

ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ (Financials)

လုပ်ငန်းအတွက် တိကျသောဦးတည်ချက်များ ချမှတ်ပြီး  ဈေးကွက်အခြေအနေကို လေ့လာစမ်းစစ်ပြီးပါက လုပ်ငန်းအတွက် ရင်းနှီးငွေကို မည်ကဲ့သို့ ခွဲဝေအသုံးပြုမည်ကို အသေးစိတ်ဖေါ်ပြထားသော ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို စီးပွားရေးလမ်းညွှန်တွင် ထည့်သွင်းဖေါ်ပြရပါမည်။ လက်ရှိလည်ပါတ်နေသော လုပ်ငန်းဖြစ်ပါက ပြီးခဲ့သည့်နှစ်များမှ ဘဏ္ဍာရေးဆိုင်ရာ စာရင်းရှင်းတမ်းများထည့်သွင်းဖေါ်ပြရန် လိုအပ်ပါသည်။ ထို့အပြင် ရှေ့လာမည့်ကာလများအတွက် ခန့်မှန်းခြေ ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲရပါမည်။ ဤနေရာတွင် သတိပြုရန်အချက်တခုမှာ ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်တွင် ဖေါ်ပြခဲ့သည့် ငွေပမာဏနှင့် သင်၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ လိုက်လျှောညီထွေ ရှိရပါမည်။ ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်တွင် သိန်း ၁၀၀၀ ဘဏ်မှချေးမည်ဟု ဖေါ်ပြထားပြီး ဘဏ္ဍာရေးရှင်းတမ်းများတွင် တနှစ်ဝင်ငွေ ၁၀ သိန်းခန့်သာ ဖေါ်ပြထားပါက သင်၏ချေးငွေ ပြန်လည်ပေးဆပ်နှိုင်စွမ်းကို ယုံကြည်ကြမည် မဟုတ်ပါ။

အထက်ဖေါ်ပြပါ အချက်များမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ငန်းလမ်းညွှန် စီမံချက်ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များဖြစ်ပါသည်။ နောက်လာမည့် ဆောင်းပါးတွင် လုပ်ငန်းစီမံချက်လမ်းညွှန်တခုကို မည်ကဲ့သို့ရေးဆွဲရမည်ကို ဥပမာ တခုဖြင့် တင်ပြသွားပါမည်။

မှီငြမ်းကိုးကား။   ။ US Small Business Administration မှ  Writing a Business Plan

Creative Commons License
စီးပွားရေးလုပ်ငန်းစီမံကိန်းတခု ရေးဆွဲခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment