Sunday, 9 September 2012

With My PhD Supervisors


Left to right: Dr Chunxia Jiang, Dr Zhongwei Han, Professor Shujie Yao, me, Dr Kailei Wei
We all were PhD students working under supervision of Professor Yao. Professor Shujie Yao was one of my PhD supervisors while he was working as the Chair of Economic Group at Middlesex University. He is now working as Head of School and Professor of Economics and Chinese Sustainable Development at University of Nottingham (ranked amongst Britain's top 10 leading universities). Professor Shujie Yao was ranked eighth among the world's China scholars specialising in the study of the Chinese economy in a recent article published in the Journal of Asian Economic Literature.

Left to right: Dr Kailei Wei, me, Dr Dirk Willenbockel, Dr Chunxia Jiang
Dr Dirk Willenbockel was one of my PhD supervisors while he was working as a Senior Lecturer and Research Leader at Middlesex University. He is now working as a Research Fellow at Institute of Development Studies, University of Sussex, UK. Dirk is also a co-author of one of my research publications.
 


2009 Campus for Finance Research Conference, Vallader; Germany (January 14-15)
Left to right: Dr André Gygax (Uniersity of Melbourne), me, Prof. Robert J. Aumann (winner of Nobel Memorial Prize for Economics 2005, The Hebrew University of Jerusalem), Prof. Aumann's wife, Dr Amrit Judge (Nottingham University Business School, UK), Dr Cesario Mateus (University of Greenwich). Dr Amrit Judge (Principal Lecturer) was one of my PhD supervisors and a co-author of one of my research publications.

 
With Dr Marian Rizov (Professor of Economics, Middlesex University) in front of my office at Middlesex University on my graduation day. Dr Marian Rizov was also one of my PhD supervisors and a co-author of one of my research publications. 

Dirk and Marian were also my pub mates. We used to go to the Chequers (a local pub) for a pint (sometimes two or three pints, of course) of Kronenbourg (Dirk's favourite German beer).

Tuesday, 4 September 2012

သယံဇာတကျိမ်စာကို ထိမ်းကြောင်းပေးမည့် စည်းမျဉ်းဥပဒေ

ဒီတပါတ် နိုင်ငံခြားရေးရာပေါ်လစီ (Foreign Policy) မဂ္ဂဇင်းမှာ ဖေါ်ပြထားတဲ့  ဆောင်းပါး တပုဒ်ကို စိတ်ဝင်စားစရာ မျက်မှောက်ရေးရာ အနေနဲ့ တင်ပြလိုက်ပါတယ်။ အဲဒီဆောင်းပါးအရ အမေရိကန်နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ စတော့ရှယ်ယာဈေးကွက်တွေမှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီတွေကို ကြီးကြပ်တဲ့ ငွေချေးစာချုပ်နှင့် ကုန်စည်ဒိုင်များ ကော်မရှင် (Security and Exchange Commission)က သြဂုတ်လ ၂၂ ရက်မှာ ပြဌါန်းလိုက်တဲ့ စည်းမျဉ်းတခုရဲ့ အကျိုးဆက်ကြောင့် သယံဇာတနဲ့ ပါတ်သက်ပြီး ဖြစ်ပွားရတဲ့ စစ်ပွဲတွေ၊ အကျင့်ပျက်ချစားမှုတွေကို တားဆီးပေးနိုင်တော့ မယ်လို့ ဆိုပါတယ်။  အဆိုပါ ဥပဒေအရ အမေရိကန် စတော့ဈေးကွက်တွေမှာ အများပိုင်ကော်ပိုရေးရှင်း အဖြစ် စာရင်းသွင်းထားတဲ့ ရေနံသယံဇာတတူးဖေါ်ရေးကုမ္ပဏီတိုင်း ၎င်းတို့ လုပ်ငန်းဆောင်ရွက်ရာ နိုင်ငံ များရှိ အစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို ရေနံ၊ ဓါတ်ငွေ့အစရှိတဲ့ သယံဇာတပစ္စည်းတွေ တူးဖေါ်ထုတ်လုပ်ခွင့်ရရှိရေးအတွက် ပေးရတဲ့ အခွန်ငွေ၊ ခိုင်ကြေးနှင့် အခြားပေးရငွေအားလုံးကို ကုမ္ပဏီနှစ်စဉ်အစီရင်ခံစာမှာ အသေးစိတ် ထည့်သွင်းဖေါ်ပြရတော့မှာ ဖြစ်ပါတယ်။ (စည်းမျဉ်းအသေးစိတ်ကို  http://www.sec.gov/rules/final/2012/34-67717.pdf မှာကြည့်ရှုနိုင်ပါတယ်။) အဆိုပါ စည်းမျဉ်းအရ ရေနံကုမ္ပဏီကြီးများသာမက ၎င်းတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီများနှင့်  အဆိုပါကုမ္ပဏီကြီးများ၏ ထိမ်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းများက နိုင်ငံခြားအစိုးရများကို ပေးရငွေများကိုလည်း အစီရင်ခံရမှာ ဖြစ်ပါတယ်။ ထိုသို့ အစီရင်ခံရာမှာလည်း သယံဇာတရှာဖွေ တူးဖေါ်ထုတ်လုပ်တဲ့ စီမံကိန်းတခုချင်းအတွက် ပေးချေရငွေ အမျိုးအစားနှင့် စုစုပေါင်းပမာဏကို ဖေါ်ပြရမယ့်အပြင်၊ နိုင်ငံခြားအစိုးရတွေကို ပေးရတဲ့ အကြောင်းရင်းတခုချင်းနဲ့ ပေးငွေစုစုပေါင်းကိုလည်း ဖေါ်ပြရမှာ ဖြစ်ပါတယ်။

ယခုစည်းမျဉ်းမထုတ်ပြန်မှီက ရေနံကုမ္ပဏီကြီးများအနေနဲ့ နိုင်ငံခြားအစိုးရများထံသို့ ပေးရငွေများကို ဖုံးကွယ် ထိမ်ချန်ထားနိုင်တဲ့အတွက် ရေနံ၊ ဓါတ်ငွေ့တွေ တူးဖေါ်ခွင့်ရဖို့  အစိုးရ အာဏာရှိသူတွေကို လာဘ်ပေးရတဲ့ ထုံးတမ်းစဉ်လာကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ ယခုလို ငွေပေးငွေယူ ရှင်းတမ်းတွေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်စေခြင်းဟာ အကျင့်ပျက်ချစားမှု လျှော့ချရေးနဲ့  ရေနံ၊သဘာဝဓါတ်ငွေ့ ထွက်ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အစိုးရအဖွဲ့များ၏ နိုင်ငံရေးအရ တာဝန်ရှိမှု၊ ပွင့်လင်းမြင်သာမှုတွေ တိုးတက်လာစေဖို့ အတွက် အရေးပါတယ့် ခြေလှမ်းတရပ်လို့ ဆိုပါတယ်။ ဤတိုးတက်မှုမှတဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ ပေါ်ထွန်းလာစေပြီး၊ အာဏာရှင်စံနစ်တွေ တာရှည်စေမယ့် (သို့မဟုတ်) ဖြစ်ထွန်းလာမယ့်  အလားအလာကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်တဲ့အပြင် နိုင်ငံတွင်း၊ နိုင်ငံအချင်းချင်း ပဋိပက္ခဖြစ်မယ့် အရေးတွေကိုလည်း လျှော့ကျစေမယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် ရေနံထွက်ရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ အင်ဂိုလာ၊ နိုင်ဂျီးရီးယား အစရှိတဲ့နိုင်ငံတွေမှာ အကျင့်ပျက်ချစားမှုတွေများပြားမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပြီး၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်တွေအတွက် ရေနံကုမ္ပဏီကြီးအချို့မှာ တိုက်ရိုက်တာဝန်ရှိတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ အင်ဂိုလာနိုင်ငံမှာ ၁၉၇၅ မှ ၂၀၀၂ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ အစိုးရနဲ့ သူပုန် နှစ်ဖက်စလုံးဟာ သဘာဝသယံဇာတမှ တဆင့်ရရှိတဲ့ ငွေကြေးဥစ္စာဓနတွေကို အသုံးပြုခဲ့ကြလို့ စစ်ပွဲတာရှည်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။ မိမိတို့နိုင်ငံမှ ရေနံကုမ္ပဏီများ အခွင့်အရေးရဖို ့အတွက် တောင်အာဖရိက၊ ကျူးဘား၊ ဆိုဗီယက်ယူနီယံ နိုင်ငံများကလည်း ပဋိပက္ခမှာ ဝင်ရောက်စွက်ဖက် ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆောင်းပါးရှင်က ဆက်လက်ဖေါ်ပြထားတာကတော့ ဒီစည်းမျဉ်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများကို အကျိုးရှိစေတာသာမက၊ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွား အတွက်လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။ အကယ်၍ သယံဇာတ ပေါကြွယ်ဝတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ သယံဇာတမှ ဝင်ငွေများကို ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုနိုင်ပါက အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ချိန်းခြောက်လာနိုင်တဲ့ ပြည်တွင်း၊ ဒေသတွင်း ပဋိပက္ခတွေ ဖြစ်ပွားစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ သုတေသနပြုလုပ်ထားချက်တွေ အရဆိုရင်လည်း ပြုတ်ကျသွားပြီဖြစ်တဲ့ လစ်ဗျားက ကဒါဖီလို ပုဂ္ဂိုလ်မျိုး ဦးဆောင်သည့်  ရေနံထွက်တဲ့နိုင်ငံတွေက တော်လှန်ရေးအစိုးရတွေဟာ ပုံမှန်သမရိုးကျ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက စစ်ရေးအရ ကျူးကျော်ရန်စမှုတွေ ပြုလုပ်မယ့် အခွင့်အလမ်း သုံးဆ ပိုများတယ်လို့ ဆိုပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း အမေရိကန် ရေနံကုမ္ပဏီကြီးများက ဒီစည်းမျဉ်းအတည်ဖြစ်တာကို ဆန့်ကျင်ခဲ့ကြပါတယ်။ အက်ဇွန် (Exxon) နဲ့ ရှဲလ် (Shell) ရေနံကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိများက ယခု စည်းမျဉ်းဟာ အင်ဂိုလာ၊ ကင်မရွန်း၊ ကာတာ၊ တရုတ် စတဲ့ ရေနံထွက်တဲ့နိုင်ငံများမှာ ပြဌါန်းထားတဲ့ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ တုန့်ပြန်ခဲ့ကြပါတယ်။ ရေနံကုမ္ပဏီကြီးတွေ စိုးရိမ်နေတာ ကတော့ ရေနံထွက်တဲ့နိုင်ငံတွေကို ပေးရတဲ့ ပေးငွေအမျိုးအစား တခုချင်းအလိုက် အသေးစိတ် စာရင်းတင်ပြရမယ့် ဆိုတဲ့အချက်ကိုဖြစ်ပါတယ်။ အမေရိကန် ရေနံကုမ္ပဏီကြီးတွေကတော့ သူတို့အနေနဲ့ ဒေသဆိုင်ရာ ဥပဒေတွေကို လိုက်နာရန် လိုအပ်တဲ့အပြင် အရေးပါတဲ့ စီးပွားရေးသတင်းအချက်အလက်တွေကို ထိမ်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လို့ ဆိုနေကြပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင်ကတော့ အဆိုပါနိုင်ငံတွေမှာ ဒီလို စာရင်းဇယားတွေ အစီရင်ခံတာကို တားဆီးပိတ်ပင်ထားတဲ့ ဥပဒေမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဆောင်းပါးရှင် ဂျက်(ဖ)ကိုလ်ဂန် (Jeff Colgan) ကတော့ ယခုစည်းမျဉ်းသစ်ကြောင့် ရေနံကုမ္ပဏီကြီးတွေ လိုက်နာရမယ့် ဝန်ထုတ်ဝန်ပိုးနဲ့ နှိုင်းစာရင် ရေနံထွက်တဲ့နိုင်ငံတွေမှာ အကျင့်ပျက်ချစားမှုတွေ လျှော့ကျ သွားပြီး၊ ဒေသဆိုင်ရာ စစ်ပွဲ၊ ပဋိပက္ခတွေ နည်းပါးသွားခြင်းက ရရှိလာမယ့် အကျိုးအမြတ်တွေက အများကြီး ပိုသာတယ်လို့ ဆိုကြောင်းပါ။

စာရေးသူတို့လို သယံဇာတကို မှီခိုအားထားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက နို်င်ငံသားတွေ အဖို့ကတော့ ဒီစည်းမျဉ်းကြောင့်  အမေရိကန် စတော့ဈေးကွက်မှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီကြီးတွေအစား ပွင့်လင်းမြင်သာမှုမရှိတဲ့ နိုင်ငံတွေက ကျင့်ဝတ်လိုက်နာမှုမရှိတဲ့ ကုမ္ပဏီတွေ ဝင်ရောက်လာပြီး ထင်သာမြင်သာမရှိတဲ့ သဘောတူညီချက်တွေကြောင့် အကျင့်ပျက်ချစားမှု၊  လာဘ်ပေးလာဘ်ယူမှုတွေ ပိုမိုများပြားမလာစေဖို့ဘဲ မျှော်လင့်ရမှာပါ။

ဇစ်မြစ်။
Jeff Colgan (2012) Regulating the Resource Curse, Foreign Policy (August 27, 2012): Available at:
http://www.foreignpolicy.com/articles/2012/08/27/regulating_the_resource_curse?page=0,1

Creative Commons License
သယံဇာတကျိမ်စာကို ထိမ်းကြောင်းပေးမည့် စည်းမျဉ်းဥပဒေ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Sunday, 2 September 2012

နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြုပ်နှံမှုဥပဒေ

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို၏ ရည်မှန်းချက်မှာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူ အများစု၏ လူနေမှု အဆင့်အတန်းမြင့်မားလာရေး ဟုဆိုပါက မှားမည်မထင်ပါ။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော အဓိကအချက်တချက်မှာ အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုဖြစ်သည်ဟု အများလက်ခံထားကြပါသည်။ သို့သော် ယနေ့ နာမည်ကြီးနေသည့် အက်ပဲလ် (Apple)၊ ဂူးဂယ်လ် (Google)၊ ကိုကာကိုလာ အစရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုမှာ မြင်သာသော်လည်း နိ်ုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို အဓိပ္ပါယ်ဖွင့်ဆိုရန်မှာ ခက်ခဲပါသည်။

အများစု အနေဖြင့်  နိ်ုင်ငံတစ်နိုင်ငံယှဉ်ပြိုင်နှိုင်စွမ်းရှိမှုသည် အဆိုပါနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုံး၊ အတိုးနှုံး၊အစိုးရဘတ်ဂျက်လိုငွေပြမှု၊ အစရှိသည့် နိုင်ငံလုံးဆိုင်ရာ မက်ကရိုစီးပွားရေး အခြေခံ အကြောင်းအချက်များပေါ်တွင် မူတည်နေသည် မြင်ကြပါသည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း  နိုင်ငံသား အများစု၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့သော ဂျပန်၊ ကိုရီးယား အစရှိသည့် အရှေ့အာရှနိုင်ငံများကို ကြည့်ပါက အစိုးရဘတ်ဂျက်လိုငွေပြမှုကြားမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

အချို့က တရုတ်နိုင်ငံကို ဥပမာပေးပြီး  နိုင်ငံခြားငွေလဲလှယ်နှုံး တန်ဖိုးချခြင်းဖြင့် မိမိ နိုင်ငံထုတ် ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နှိုင်စွမ်းတက်လာမည်ဟု ယူဆကြပါသည်။ ဤယူဆချက်မှာ စာရေးသူ ယခင် ဆောင်းပါးတခု (ကားတင်သွင်းခွင့်မူ၀ါဒအသစ်နှင့် မြန်မာ့စီးပွားရေး အလားအလာ) တွင် ဖေါ်ပြခဲ့သကဲ့သို့  မိမိနိုင်ငံ၏ ငွေကြေးတန်ဖိုးကျဆင်းသွားပြီး ပြည်တွင်းထွက်ကုန် ပစ္စည်းများကို ပြည်ပမှ၀ယ်လိုအား တက်လာပါက၊ ပြည်တွင်းရှိကုန်ထုတ် လုပ်ငန်းများက လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်ဆိုသော အချက်အပေါ်တွင် အခြေခံပါသည်။ ထိုမှတဆင့် အလုပ်အကိုင်များ ပိုမိုဖန်တည်းပေးနိုင်ပြီး တိုင်းပြည်၀င်ငွေ တိုးတက်လာမည် ဆိုသည့်အချက်ဖြစ်ပါသည်။ အကယ်၍   ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းများ၏ ကုန်ထုတ်လုပ်နိုင်မှုကို မတိုးမြှင့်နိုင်ပါက မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ပစ္စည်းများ ဈေးတက်မှု၊ ငွေဖေါင်းပွမှု အစရှိသည့် ပြဿနာများနှင့် ရင်ဆိုင်ရနှိုင်ပါသည်။

အချို့ကလည်း နိ်ုင်ငံတစ်နိုင်ငံယှဉ်ပြိုင်နှိုင်စွမ်းရှိမှုသည် ဈေးချိုသော အလုပ်သမား ပေါပေါများများ ရှိခြင်းပေါ်တွင် မူတည်သည်ဟု ဆိုကြပါသည်။ သို့သော် ဂျာမဏီ၊ ဆွစ်ဇာလန် အစရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး လူနေမှု အဆင့်အတန်းမြင့်မားသော နိုင်ငံများဖြစ်သည် လုပ်အားခမြင့်မားသောနိုင်ငံများဖြစ်ကြပါသည်။ ထို့အပြင် နိ်ုင်ငံတစ်နိုင်ငံအတွင်းရှိ အလုပ်သမားများ လုပ်ခလစာ မြင့်မားမလာပါက နိုင်ငံ၏ယှဉ်ပြိုင်နှိုင်စွမ်း တိုးတက်လာပြီး လူနေမှု အဆင့်အတန်းမြင့်မားလာရေးဆိုသည့် အဓိကရည်ရွယ်ချက် မပြည့်ဝနိုင်ပါ။

အခြားအမြင်တခုမှာ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုသည် သဘာဝသယံဇာတပေါကြွယ်ဝမှုနှင့် ဆက်စပ်နေသည်ဟု ယူဆထားခြင်းဖြစ်ပါသည်။ ဤအမြင်အရဆိုပါက ဂျာမဏီ၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား အစရှိသည့် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလာမှုကို ရှင်းပြရန်ခက်ခဲပါသည်။ အချို့ကလည်း ဂျပန်၊ ကိုရီးယား၊ တရုတ် အစရှိသည့် နိုင်ငံများ စီးပွားရေး တိုးတက်လာမှုကို ဥပမာပေးပြီး အစိုးရ၏ မူဝါဒများက နိ်ုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို မောင်းနှင်နေသည် ဆိုသည့် အချက်ကို လက်ခံလာကြပါသည်။ အဆိုပါနိုင်ငံများရှိ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှု၊ ကားလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၊ သံမဏိလုပ်ငန်းများ ကမ္ဘာအလယ်တွင် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာခဲ့ မှုမှာ အစိုးရ၏ အထောက်အပံ့ပေးမှု၊ အကာအကွယ်ပေးမှု စသည့် မှုဝါဒများကြောင့်ဖြစ်ပါသည်။ သို့သော် အခြား ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ဂျာမဏီ၊ အမေရိကန် အစရှိသည့် နိုင်ငံများကိုကြည့်ပါက ပို့ကုန်ကဏ္ဍတွင် အစိုးရက ပံ့ပိုးပေးမှုမှာ မရှိသလောက် ဖြစ်ပါသည်။

အများလက်ခံလာကြသည့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု၏ အကြောင်းတရား တခုကတော့ နိုင်ငံများအကြား စီမံခန့်ခွဲမှုနည်းစံနစ်များ (management practices) ကွာခြားမှုဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံများ အကြား စီမံခန့်ခွဲမှုနည်းစံနစ်များ ကွာခြားမှုမှာ ၎င်းနိုင်ငံများ၏ ဖွံဖြိုးမှုအခြေခံ စီးပွားရေး လုပ်ငန်းများ ကွာခြားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ဥပမာ အမေရိကန်နိုင်ငံတွင် အောင်မြင်နေသော စက်မှုလုပ်ငန်းကြီး တခုဖြစ်သည့် ဘိုရိန်း (Boeing) လေယာဉ်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုစံနစ်နှင့် ဆွစ်ဇာလန်နိုင်ငံမှ ရိုးလက်(စ) နာရီကုမ္ပဏီ၏ စီမံခန့်ခွဲမှုစံနစ်မှာ မတူညီနိုင်ပါ။

တခုပြောနိုင်သည်ကတော့ အထက်တွင်ဖေါ်ပြထားသော အကြောင်းရင်းတိုင်း အတိုင်းအတာတခုအထိ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း မည်သည့်အချက်ကမှ  နိ်ုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှု နှင့် အဆိုပါနိုင်ငံ အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်မှု အဆင့်ကို ပြည့်စုံအောင် ရှင်းလင်းမပြနိုင်ပါ။ ဤသို့ ရှင်းမပြနိုင်ခြင်းက  နိ်ုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုမည် ဆိုသည့် မေးခွန်းနှင့်  ကမ္ဘာ့အလယ်တွင် ယှဉ်ပြိုင်နှိုင်စွမ်းရှိသည့်နိုင်ငံဆိုသည်မှာ နိ်ုင်ငံအတွင်းရှိ ကုမ္ပဏီတိုင်း စီးပွားရေးလုပ်ငန်းတိုင်း ယှဉ်ပြိုင်နှိုင်စွမ်းရှိခြင်းကို ဆိုလိုသလား စသည့်မေးခွန်းများ ရှိလာပါသည်။ သို့သော် မည်သည့်နိုင်ငံမှ ဤအချက်များနှင့် ပြည့်စုံမည်မဟုတ်ပါ။ စီးပွားရေး ဖွံ့ဖြိုးမှု နှစ်စဉ် ၁၀ ရာခိုင်နှုံးကျော်တိုးတက်ခဲ့၍ ကမ္ဘာတဝှမ်းလုံး အားကျခဲ့ရသော တရုတ်နိုင်ငံကိုကြည့်ပါက ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၎င်း၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့သော မှီခိုသူ (ကလေးမွေးဖွားနှုံးကျဆင်းပြီး သက်ကြီးရွယ်အို နည်းပါးခြင်း) ထက် အလုပ်လုပ်နိုင်သူ ပေါများမှု (demographic divident)၊ သဘာဝပါတ်ဝန်းကျင်ကို အလေးမထားမှု၊ လုပ်အားခဈေးချိုမှု နှင့် အကန့်အသတ်မဲ့ ပြည်ပဈေးကွက် စသည့်အချက်များ လျော့ပါး ပျောက်ဆုံးလာပြီး  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုံး ကျဆင်းလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှုကို သုတေသနပြုရာတွင် နာမည်ကြီးသည့် မိုက်ကယ်ပေါ်တာ (Michael E. Porter, Harvard Business School) ၏ အဆိုအရ ကမ္ဘာ့အလယ်တွင်နိ်ုင်ငံတစ်နိုင်ငံ ယှဉ်ပြိုင်နှိုင်စွမ်းရှိမှု၏ အဓိကအကြောင်းတရားမှာ အဆိုပါ နိုင်ငံ၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအား (productivity) ဖြစ်ပါသည်။ နိုင်ငံတနိုင်ငံ၏ အဓိကရည်မှန်း ချက်ဖြစ်သည့်  နိုင်ငံသား တို့၏ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားလာရေးမှာ ၎င်းနိုင်ငံရှိ အသုံးပြုနေသော လုပ်အား (labour)နှင့် အရင်းအနှီး(capital) တို့၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားပေါ်တွင်  တည်မှီနေပါသည်။ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားဆိုသည်မှာ လုပ်အားတယူနစ် (ဥပမာ လုပ်သားတယောက်၏ တစ်ရက် အလုပ်လုပ်မှု)  သို့မဟုတ် အရင်းအနှီး တယူနစ် (ဥပမာ လယ်တဧကနှင့်ရင်းနှီးငွေ တစ်သိန်း) က ထုတ်လုပ်နိုင်သည့် ထုတ်ကုန်တန်ဘိုးဖြစ်ပါ သည်။ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားသည် ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း၏ အရည်အသွေးပေါ်တွင် လည်းမူတည်နေပါသည်။ ဥပမာ တရုတ်နိုင်ငံလုပ် ချယ်ရီမီနီကားနှင့် အင်္ဂလန်နိုင်ငံတွင်ထုတ်လုပ်သည့် မီနီကား (ကုမ္ပဏီမှာဂျာမန် BMW) တို့ကိုယှဉ်ကြည့်ပါက ထုတ်လုပ်ရာတွင် လိုအပ်သည့် လုပ်အားနှင့် အရင်းအနှီးပမာဏ ကွာခြားမှု သိပ်မရှိသော်လည်း အရည်အသွေးပေါ်တွင် မူတည်၍ ဈေးကွာခြားပါသည်။

တကယ်တမ်းဆိုပါက ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားက နိုင်ငံတနိုင်ငံ၏ ရေရှည်လူနေမှု အဆင့်အတန်းမြင့်မား လာရေးကို ပြဌါန်းပြီး တဦးကျဝင်ငွေတိုးတက်လာမှု၏ အခြေခံအကြောင်း တရားဖြစ်ပါသည်။ နိုင်ငံတနိုင်ငံ အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားက ၎င်းနိုင်ငံမှ လုပ်သားများ၏ လုပ်ခလစာ ကိုပြဌါန်းပါသည်။ လုပ်သားများ၏ လုပ်ခလစာ မြင့်မား လာမှသာ ရေရှည်တွင် လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်ပါသည်။  နိုင်ငံတနိုင်ငံ အနေဖြင့် နိုင်ငံအတွင်းရှိ ကုန်ထုတ်စွမ်းအားစုများ (အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်)၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားကို မမြှင့်တင်နိုင်ပါ နိုင်ငံခြားကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမှာ ရရှိလာမည့် အကျိုးကျေးဇူးများကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်မည်မဟုတ်ပါ။ ပြည်တွင်း လုပ်အားခ ဈေးချိုသောနိုင်ငံတနိုင်ငံအနေဖြင့် ကျွမ်းကျင်မှုနိမ့် လုပ်အားအင်အားများများလိုသော ကဏ္ဍများတွင်သာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာဖွယ်ရာ ရှိပါသည်။ သို့သော် အဆိုပါ ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှုများမှာ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားလာရေးအတွက် အထောက်အကူ မပြုနိုင်ပါ။  နိ်ုင်ငံတစ်နိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး စီးပွားရေးအရကြွယ်ဝချမ်းသာလာမှုသည်  အဆိုပါနိုင်ငံအတွင်းရှိ လုပ်သားများ လုပ်ကိုင်ရသည့် အလုပ်အကိုင် အမျိုးအစား ပေါ်တွင် အဓိက တည်မှီနေပြီး လုပ်သားများ လစာနိမ့် အလုပ်အကိုင် ရရှိမှုပေါ်တွင် မူတည်ခြင်းမရှိဟု မိုက်ကယ်ပေါ်တာက ဆိုပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နှင့် ပါတ်သက်၍ ကွဲပြားခြားနားသည့် အမြင်နှစ်မျိုးမှာ ပြည်တွင်းဈေးကွက်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုကို အကန့်အသတ်မရှိဖွင့်ပေးသင့်သည် ဆိုသည့်အမြင်နှင့် ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုအကန့်အသတ်ဖြင့် ဖွင့်ပေးသင့်သည် ဆိုသည့်အမြင်ဖြစ်ပါသည်။ ပြည်တွင်းဈေးကွက်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုကို အကန့်အသတ်မရှိဖွင့်ပေးသင့်သည် ဆိုသည့်အမြင်ရှိသူများက မြန်မာနိုင်ငံနေဖြင့် လတ်တလော အဓိက ဦးစားပေးသင့်သည်မှာ ဆင်းရဲမွဲတေမှု လျှော့ချရေးဖြစ်၍ နိုင်ငံခြားရင်းနှီးမြုပ်နှံများက ဖန်တီးပေးမည့် အလုပ်အကိုင်ရရှိမှုမှာ အရေးကြီးသည်ဟု ဆိုကြပါသည်။ အလားတူ မူဝါဒများအရ လုပ်အားခချိုသာမှုကို အသုံးပြု၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်ခဲ့ကြသည့် နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့် အစရှိသောနိုင်ငံများကို ကြည့်ပါက ဝင်ရောက်လာသော ရင်းနှီးမြုပ်နှံမှုများက ယခင်က ထိရောက်စွာ အသုံးမချခဲ့သော လုပ်သားအင်အားထုကို အလုပ်ရစေသဖြင့် ကာလတိုအနေဖြင့် အတိုင်းအတာတခုထိ တစ်ဦးကျဝင်ငွေ မြင့်တက်လာခဲ့သည်ကို တွေ့ရပါသည်။ သို့သော် အဆိုပါနိုင်ငံများအနေဖြင့် ယခုအခါ မလေးရှား၊ ထိုင်း၊ တရုတ် အစရှိသည့် နိုင်ငံများရင်ဆိုင်နေရသည့် ဝင်ငွေအလယ်အလတ်ထောင်ချောက် (middle income trap) ဟုခေါ်သော ဝင်ငွေ အလယ်အလတ်အဆင့်နိုင်ငံမှ ဝင်ငွေမြင့်နိုင်ငံအဆင့်သို့ မကူးပြောင်းနိုင်သော ပြဿနာနှင့် ရင်ဆိုင်နေရပြီဖြစ်ပါသည်။

အခြားတဖက်ကလည်း ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားကုမ္ပဏီကြီးများနှင့် အရင်းအနှီး၊ နည်းပညာ စသည်တို့တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိမည် မဟုတ်၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုအကန့်အသတ်ဖြင့် ဖွင့်ပေးသင့်သည် ဆိုပါသည်။ ယခု ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း (အမျိုးသားလွှတ်တော်နှင့် နိုင်ငံတော်သမ္မတမှ အတည်ပြုရန်ကျန်သေးသည်။) အရဆိုပါက ဤအမြင်က အားသာနေပုံရပါသည်။ ရင်းနှီးမြုပ်နှံမှုဥပဒေကို စတင်ဆွေးနွေးကာစက နိုင်ငံခြားပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုံးအထိ ခွင့်ပြုမည်ဟု ဆိုခဲ့သော်လည်း ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို ကာကွယ်ရန်အတွက်ဟုဆိုကာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် ပြင်ဆင်မှု ၉၄ ချက်အရ မွေးမြူရေး၊ စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍ ၁၃ ခုတွင် နိုင်ငံခြား ပိုင်ဆိုင်မှုကို အများဆုံး ၄၉ ရာခိုင်နှုံး (အချို့ကဏ္ဍများတွင် အများဆုံး ၃၅ ရာခိုင်နှုံး) အထိသာ ခွင့်ပြုမည်ဟု ပြင်ဆင်ခဲ့ပါသည်။

ဤနေရာတွင် စဉ်းစားစရာ ၂ ချက်ရှိပါသည်။ ပထမ အချက်မှာ နိုင်ငံခြားကုမ္ပဏီကြီးများအနေ ပြည်တွင်း လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ ထူထောင်လိုစိတ် ရှိမရှိ ဆိုသည့် အချက်ဖြစ်ပါသည်။ စီးပွားရေး လုပ်ငန်း ၂ ခု ဖက်စပ်လုပ်ကိုင်ရခြင်း၏ အဓိက အကြောင်းရင်းတခုမှာ ကုမ္ပဏီတခုတွင် မရှိသော နည်းပညာ၊ ဈေးကွက်ဗဟုသုတ စသည်တို့ကို အခြားဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီက ပံ့ပိုးပေးနိုင်သောကြောင့် (complementary assets and resources) ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ အနေဖြင့်  နိုင်ငံခြားကုမ္ပဏီကြီးများတွင် မရှိသည့် နည်းပညာ၊ စီမံခန့်ခွဲမှုအတတ်ပညာ စသည် တို့ကို ဖြည့်ဆည်းပေးနိ်ုင်မည် မဟုတ်ဘဲ၊ မြန်မာပြည်ဈေးကွက် အကြောင်း မြန်မာစားသုံးသူများ၏ သဘောသဘာဝ စသည့် ဈေးကွက်နှင့် ပါတ်သက်သည့် ဗဟုသုတကိုသာ ပံ့ပိုးပေးနိုင်သည့်  အခြေအနေ ရှိပါသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်တွင် ကုန်ပစ္စည်းဖြန့်ဖြူးရေးလုပ်လိုသည့် နိုင်ငံခြားကုမ္ပဏီများ၊ ဘဏ်လုပ်ငန်းစသည့် ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများ ကသာ မြန်မာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်လိုမည်ဖြစ် ပါသည်။ မြန်မာနိုင်ငံရေရှည် တိုးတက်ရေး အတွက် ကုန်ထုတ်လုပ်မှုနည်းပညာ၊ စီမံခန့်ခွဲမှု အတတ်ပညာများ ယူဆောင်လာနိုင်မည့် နည်းပညာသုံး ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများအနေဖြင့်မူ ယခု ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံတွင် လာရောက်မြုပ်နှံသင့်မသင့် ပြန်လည် ချိန်ဆနေကြပြီဖြစ်ပါသည်။

သြဂုတ်လ ၂၈ ရက်ထုတ် ဖိုင်နင်ရှယ်တိုင်း (Financial Times) သတင်းစာ၏ အဆိုအရ ယခု ကန့်သတ် ချက်များကြောင့် မြန်မာပြည်ကို ရင်းနှီးမြုပ်နှံမှု ရွှေကြောကြီး (Myanmar gold-rush) ဟု တင်စားပြီး နိုင်ငံတွင်းရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများကို စိတ်ဝင်စားနေကြသည့် နိ်ုင်ငံခြား စီးပွားရေးလုပ်ငန်းများထဲမှာ အနည်းငယ်ခန့်ကသာ အမှန်တကယ် လာရောက် မြုပ်နှံရန် စိတ်ဝင်စားတော့ သည်ဟု ဆိုပါသည်။  အဆိုပါ သတင်းစာတွင် ဖေါ်ပြချက်အရ ယခင်အတည်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေက ယခုရေးဆွဲနေသည့် ဥပဒေထက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင် လိမ့်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောသည်ဟု ဆိုပါသည်။ သြစတြေလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ် (Macquaire University)မှ မြန်မာ့စီးပွားရေးလေ့လာသူ ရှောင်တာနဲလ် (Sean Turnell)၏ အဆိုအရ အသစ်ရေးဆွဲနေ သည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေ၏ ဥပဒေကြမ်း ဆွေးနွေး အတည်ပြုမှုအဆင့်ဆင့်သည် ပို၍ပို၍ နောက်ပြန်ဆွဲလာပြီး၊ ပွင့်လင်းမြင်သာမှု လျော့နည်းလာသည့် အတွက် အတည်ပြုမည့် ဥပဒေအသစ်သည်  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတားဆီးရေးဥပဒေ (No Foreign Investment Law) အသွင်ဆောင် လာနေသည်ဟု ဝေဖန်ခဲ့ပါသည်။ (Financial Time Blog on Myanmar Foreign Investment Law) 

အခြား စဉ်းစားအရာအချက်တခုမှာ ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို ကာကွယ်ရန်အတွက်ဆိုကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ကန့်သတ်ခြင်း ဖြစ်ပါသည်။ ဤအကြောင်းပြချက် က နိုင်ငံခြားကုမ္ပဏီကြီးများသည် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ပြိုင်ဖက်ဖြစ်သည်ဟူသော ယူဆချက်အပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။  သို့သော် လက်ရှိ မြန်မာနိုင်ငံ အတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း အများစုသည် နိုင်ငံခြား ကုမ္ပဏီကြီးများ၏ ပြိုင်ဖက်မဟုတ်သည့် အပြင် ပြည်တွင်းလုပ်ငန်းများ လက်ရှိ အသုံးပြုနေသည့်  ခေတ်နောက်ကျနေသော နည်းပညာနှင့် စီမံခန့်ခွဲမှုနည်းစံနစ်များကို ကြည့်ပါက နိုင်ငံခြား ကုမ္ပဏီများ ဝင်လာသည်ဖြစ်စေ၊ မဝင်လာသည်ဖြစ်စေ ရေရှည်တွင် ကမ္ဘာ့အလယ် မဆိုထားနှင့် ၂၀၁၅ အာစီယံ လွတ်လပ်သောကုန်သွယ်ရေးဇုံ သဘောတူညီချက်အရ ဝင်ရောက်လာမည့် ဒေသတွင်းနိုင်ငံများမှ ထုတ်ကုန်များနှင့်ပင်  ယှဉ်ပြိုင်နှိုင်စွမ်းရှိမည် မဟုတ်ပါ။  အဓိက အချက်မှာ ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားကုမ္ပဏီကြီးများ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အတူတကွ အမှီသဟဲပြု တည်ရှိနိုင်မှုကို ဦးစားပေးသည့် ရင်းနှီးမြုပ်နှံမှုဥပဒေမျိုး ပြဌါန်းပေးရန် လိုအပ်ပါသည်။  ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နှိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည့် နည်းပညာ၊ အတတ်ပညာများ လွဲပြောင်းပေးမည့် နိုင်ငံခြားကုမ္ပဏီကြီးများကို အခွန်သက်သာခွင့်၊ ရာနှုံးပြည့်ရင်းနှီးမြုပ်နှံခွင့် များသာမက လိုအပ်ပါက ထောက်ပံ့ကြေးများ (subsidies) ပေး၍ ဆွဲဆောင်သင့်ပါသည်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်နေသည့် စာရေးသူတို့ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံ များ ပြုလုပ်ခဲ့ကြသည့်မူဝါဒအမှားများနှင့် ယခုလက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို သင်္ခန်းစာယူ၍ နိုင်ငံအတွက် ရေရှည်အကျိုးရှိမည့်၊ နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ၏ ကုန်ထုတ်လုပ်နှိုင်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်မည့် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဦးစားပေးသော ရင်းနှီးမြုပ်နှံမှု မူဝါဒများကို သေသေချာချာ စဉ်းစားချမှတ် အကောင်အထည်ဖေါ်သင့် ပါကြောင်း တင်ပြလိုက်ရပါသည်။

ရည်ညွှန်းကိုးကား။


Creative Commons License
နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နှိုင်စွမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြုပ်နှံမှုဥပဒေ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Sunday, 26 August 2012

နိုင်ငံတို့၏ ကြွယ်ဝချမ်းသာမှုအစစ်အမှန်ကို တိုင်းတာတွက်ချက်ခြင်း

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို၏ အဓိက ရည်မှန်းချက်တခုမှာ ချမ်းသာကြွယ်ဝသော နိုင်ငံတခုဖြစ်လာရန်ဟု ဆိုနိုင်ပါသည်။  မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများက သဘာဝသယံဇာတ ကြွယ်ဝမှုကို  နိုင်ငံ၏ဥစ္စာဓန အဖြစ်ဖေါ်ပြလေ့ရှိပါသည်။ အချို့နိုင်ငံများက ကျွမ်းကျင်လုပ်သားပေါများမှု (skilled workforce)၊ ကမ္ဘာ့အဆင့်မှီ အခြေခံအဆောက်အအုံများပိုင်ဆိုင်မှု (world-class infrastructure) စသည်တို့ကို နိုင်ငံ၏ဥစ္စာဓန အဖြစ် ကြွားလုံးထုတ်လေ့ ရှိပါသည်။  နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှု (wealth of nations) ကို တိတိကျကျ မည်ကဲ့သို့တိုင်းတာမည်လဲ ဆိုသည့်အချက်မှာမှု ယခုအချိန်အထိ အဖြေမရှိသေးသော မေးခွန်းတခု လိုုဖြစ်နေပါသည်။


စီးပွားရေးပညာရှင်များက နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို စုစုပေါင်းတိုင်းပြည်ထုတ်ကုန် (GDP - Gross Domestic Product) ကို အသုံးပြု၍ တိုင်းတာလေ့ရှိပါသည်။ ဥပမာ ကမ္ဘာ့ဘဏ်က တဦးကျဝင်ငွေ တနှစ် ၄၀၃၅ ဒေါ်လာထက်နည်းသော ဝင်ငွေနည်းနိုင်ငံ (Low and lower middle income) များကို ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သတ်မှတ်လေ့ရှိပါသည်။ သို့ရာတွင် စုစုပေါင်းတိုင်းပြည် ထုတ်ကုန်က နိုင်ငံတနိုင်ငံ၏ ဝင်ငွေ (income) ကိုသာ တိုင်းတာခြင်းဖြစ်ပြီး ချမ်းသာကြွယ်ဝမှုကို မတိုင်းတာနိုင်ပါ။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က တိုင်းပြည်တပြည်၏ ဝင်ငွေ၊ ကျန်းမာရေး၊ ပညာရေး အဆင့်အတန်းများပေါ် မူတည်၍ တွက်ချက်သော လူမှုဘဝတိုးတက်မှုအညွှန်းကိန်း (HDI - Human Development Index)ကို အသုံးပြုပါသည်။ ဤအညွှန်းကိန်းကလည်း နိုင်ငံတနိုင်ငံ၏ လူနေမှုအဆင့်အတန်းကို ဖေါ်ပြခြင်းဖြစ်ပြီး ကြွယ်ဝချမ်းသာမှုကို တိုင်းတာခြင်း မဟုတ်ပါ။


သယံဇာတပစ္စည်းများကိုသာ ထုတ်ယူရောင်းချနေရသော တိုင်းပြည်တပြည်၏ စီးပွားရေးအခြေအနေကို စုစုပေါင်းတိုင်းပြည်ထုတ်ကုန် သက်သက်ဖြင့် တိုင်းတာပါက သဘာဝပါတ်ဝန်းကျင် ဆုံးရှုံးပျက်သုဉ်းမှု များကို လျှစ်လျူရှုထားရာ ရောက်မည်ဖြစ်ပါသည်။ ဤကဲ့သို့သော မူဝါဒများသည် သဘာဝပါတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်ယွင်းစေနိုင်ပြီး  ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (sustainable economic growth)အတွက် အထောက်အကူပေးနိုင် မည် မဟုတ်ပါ။ နိုင်ငံတနိုင်ငံအနေဖြင့် မြေပေါ်မြေအောက်ရှိ သဘာဝသယံဇာတပစ္စည်းများကို ထုတ်ယူရောင်းချပြီး လိုအပ်သော အခြေခံအဆောက်အအုံများ၊ လူ့စွမ်းအားအရင်းအမြစ် များကို တည်ဆောက်နိုင်ရပါမည်။  ဤနေရာတွင် အရေးကြီးသည့် အချက်မှာ ထုတ်ယူသုံးစွဲလိုက်သည့် သဘာဝ သယံဇာတပစ္စည်းများ၏ တန်ဘိုးထက်၊ ၎င်းသယံဇာတပစ္စည်းရောင်းရငွေများဖြင့် တည်ဆောက်ထားသော အခြေခံအဆောက်အအုံများ၊ လူ့စွမ်းအားအရင်းအမြစ်များက ပြန်လည်ရရှိလာမည့် တန်ဘိုးက ပို၍များမှသာ နောင်လာမည့် မျိုးဆက်သစ်များအတွက် အကျိုးရှိမည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ဤအချက်က နိုင်ငံများအနေဖြင့် သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးသော အစိမ်းရောင်စီးပွားရေး (green economy) ကို အလေးထားရန်လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါသည်။


သို့ဖြစ်ပါ၍ နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုနှင့် ရေရှည်တည်တန့်သော ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ ကို သုံးသပ်ရန်အတွက် ၎င်းနိုင်ငံရှိ သဘာဝသယံဇာတ အရင်းအမြစ်၊ လူ့စွမ်းအား အရင်းအမြစ်၊ ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ အရင်းအမြစ် တို့၏ တန်ဘိုးစုစုပေါင်းကို ငွေကြေးဖြင့် တန်ဘိုးဖြတ်တိုင်းတာ တွက်ချက်နိုင်သည့် နည်းလမ်းတခု လိုအပ်နေပါသည်။ တနည်းအားဖြင့်ဆိုရလျှင် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် အသုံးပြုနိုင်သည့် နည်းလမ်းသစ်များ ရှာဖွေဖါ်ထုတ်နိုင်ရန်ဖြစ်ပါသည်။ ဤကွက်လပ်ကို ဖြည့်ဆည်းသည့်အနေဖြင့် ကုလသမဂ္ဂပါတ်ဝန်းကျင် ဆိုင်ရာအစီအစဉ် (UNEP) နှင့် ကုလသမဂ္ဂတက္ကသိုလ် လူသားရှု့ထောင့်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNU-IHDP) တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ကိန်းဘရစ် တက္ကသိုလ်မှ ပါမောက္ခ ပါသာ ဒက်(စ)ဂုပ္ပတ (Professor Partha Desgupta)  ဦးဆောင်သော အဖွဲ့က နိုင်ငံ ၂၀ ၏ စုစုပေါင်း ကြွယ်ဝချမ်းသာမှုကို လေ့လာသည့် သုတေသနစာတမ်း တစ်စောင် ပြုစုခဲ့ပါသည်။  ဤသုတေသနစာတမ်းက နိုင်ငံများ၏ ပိုင်ဆိုင်မှုကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားထားပါသည်။

  • စက်ကိရိယာ၊ အဆောက်အဦး၊ အခြေခံအဆောက်အအုံ စသည့် ထုတ်လုပ်မှုမှတဆင့်ရရှိသော ရုပ်ဝတ္ထု ဆိုင်ရာအရင်းအနှီး 
  • နိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်း၊ ကျွမ်းကျင်မှု တို့ပေါ်တွင်အခြေခံသော လူသားဆိုင်ရာ အရင်းအနှီး
  • စိုက်ပျိုးနိုင်သော မြေယာ၊ သစ်တော၊ ရုပ်ကြွင်းလောင်စာ၊ ဓါတ်သတ္ထုပစ္စည်းများ ပါဝင်သော  သဘာဝ သယံဇာတဆိုင်ရာအရင်းအနှီး

ဤတိုင်းတာမှုနည်းစံနစ်အရ အမေရိကန်နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုပမာဏမှာ ၂၀၀၈ ခုနှစ်တွင် ဒေါ်လာ ၁၁၈ ထရီလီယံ (၁၁၈၀၀၀ ဘီလီယံ) ရှိသည်ဟုဆိုပါသည်။ နိုင်ငံသားတဦးချင်း၏ ကြွယ်ဝချမ်းသာမှုတွင်မူ ဂျပန်နိုင်ငံသားများက ဒေါ်လာ ၄၀၀၀၀၀ ကျော်ဖြင့် ပထမနေရာတွင်ရှိပါသည်။ စုစုပေါင်းတိုင်းပြည် ထုတ်ကုန်ကို အသုံးပြု၍ တိုင်းတာပါက တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ဂျပန်နိုင်ငံထက် ကြီးမားသော်လည်း ယခု ကုလသမဂ္ဂ၏ တိုင်းတာမှု စံနစ်သစ်အရ ဂျပန်က တရုတ်ထက် ၂.၈ ဆခန့် ပိုမို ကြွယ်ဝသည် ကို တွေ့ရပါသည်။ အထူးသဖြင့် ဂျပန်နိုင်ငံသည် ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတ အရင်းအမြစ် ဆုံးရှုံးမှုမရှိသော နိုင်ငံတခုဖြစ်ပါသည်။


ဇယား(၁)။နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှု

 
   (Source: The Economist (30/06/2012): http://www.economist.com/node/21557732)

နိုင်ငံအတော်များများမှ တာဝန်ရှိသူများက သူ့တို့နိုင်ငံ၏ အရေးပါဆုံး ပိုင်ဆိုင်မှုမှာ နိုင်ငံတွင်းရှိ လူ့အရင်းအမြစ်များဟု ဆိုလေ့ရှိပါသည်။ ယခု ကုလသမဂ္ဂအစီအရင်ခံစာအရ လေ့လာထားသည့်နိုင်ငံ ၂၀ အနက် နိုင်ဂျီးရီးယား၊ ရုရှား နှင့် ဆော်ဒီအာရေဘီယား တို့မှလွဲ၍ ကျန်နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှုတွင် လူ့အရင်းအမြစ်က အဓိကဖြစ်သည်ကို တွေ့ရပါသည်။ ပျမ်းမျှကျောင်းနေသက်တမ်း (average year of schooling)၊ ရရှိသည့် လုပ်ခလစာ၊ အလုပ်လုပ်ကိုင်မှုသက်တမ်း စသည့်အချက်များပေါ်တွင် အခြေခံတွက်ချက်မှုအရ ဗြိတိန်နိုင်ငံ ကြွယ်ဝချမ်းသာမှု၏ ၈၈% နှင့် အမေရိကန်နိုင်ငံ ကြွယ်ဝချမ်းသာမှု၏ ၇၅% မှာ လူသားအရင်းအမြစ်ဖြစ်သည်ကို တွေ့ရပါသည်။ လေ့လာတွေ့ရှိချက်အရ ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း ရုရှားနိုင်ငံမှလွဲ၍ ကျန် ၁၉ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုမှာ တိုးတက်လာသည်ကိုတွေ့ရှိရ ပါသည်။ တနည်းအားဖြင့် လူ့စွမ်းအား အရင်းအမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ အရင်းအမြစ်များ တိုးတက်မှုက သဘာဝသယံဇာတ အရင်းအမြစ်ပြုန်းတီးမှုထက် သာလွန်သည် ကို တွေ့ရှိရပါသည်။

ယခုသုတေသနစာတမ်းက ကြေးနီ၊ ရေနံ အစရှိသည့် သဘာဝသယံဇာတများ မှ ဦးနှောက်စွမ်းအား အထိကို ငွေကြေးဖြင့် တန်ဘိုးဖြတ်ခြင်းအားဖြင့် နိုင်ငံများ၏ ပိုင်ဆိုင်မှုအမျိုးအစား သုံးမျိုးစလုံးကို တိုင်းတာ တွက်ချက် နှိုင်းယှဉ်ရ လွယ်ကူစေပါသည်။ ဥပမာအားဖြင့် နိုင်ငံတနိုင်ငံ အနေဖြင့် သစ်တောပမာဏ တန်ဘိုး ဒေါ်လာ ၁၀ ဘီလီယံဆုံးရှုံးသွားသော်လည်း လူ့စွမ်းအားအရင်းအမြစ် နှင့် ကျွမ်းကျင်မှု တွင် ဒေါ်လာ ၁၀ ဘီလီယံ တိုးလာပါက စုစုပေါင်း ကြွယ်ဝချမ်းသာမှုမှာ ပြောင်းလဲမသွားဟု ဆိုလိုပါသည်။
ယခုကဲ့သို့ နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်မှုအမျိုးအစား သုံးမျိုးပေါ်တွင် အခြေတည်၍ တွက်ချက်ခြင်းအားဖြင့် စုစုပေါင်းတိုင်းပြည်ထုတ်ကုန်တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားမထားသော သဘာဝပါတ်ဝန်းကျင်ယိုယွင်းမှု (depletion of natural resources) နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှု၏ အကျိုးသက်ရောက်မှုများကို ထင်သာမြင်သာရှိစေပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၏ ၁၉၉၀-၂၀၀၈ ပျမ်းမျှ တဦးကျတိုင်းပြည်ထုတ်ကုန်တိုးတက်မှုမှာ ၉.၆% ဖြစ်သော်လည်း တဦးကျ စုစုပေါင်း ကြွယ်ဝချမ်းသာမှု တိုးတက်မှုမှာ ၂.၁% သာဖြစ်သည်ကိုတွေ့ရပါသည်။


ဇယား (၂)၊  ပျမ်းမျှ တဦးကျတိုင်းပြည်ထုတ်ကုန်နှင့် စုစုပေါင်းကြွယ်ဝချမ်းသာမှု တိုးတက်နှုံး နှိုင်းယှဉ်ချက်
 Source: UNU-IHDP and UNEP (2012). Inclusive Wealth Report 2012. Measuring progress toward sustainability. Cambridge: Cambridge University Press.
     
စာတမ်းပြုစုသူများက ဤသုတေသနစာတမ်းမှာ လိုအပ်ချက်အချို့ရှိနေသေးသည်ကို အသိအမှတ်ပြုပြီး၊ စာတမ်းပါ ခန့်မှန်းတွက်ချက်မှုများကို လုံးဝပြည့်စုံသည်ဟု မယူဆရန် သတိပေးထားပါသည်။ အထူးသဖြင့် သဘာဝသယံဇာတများကို တန်ဘိုးတွက်ချက်ရာတွင် လိုအပ်ချက်များရှိနေသေးသည်ဟု ဆိုပါသည်။ အချို့ သဘာဝသယံဇာတများ၏ ဈေးကွက်တန်ဘိုး (market price) မှာ ကုန်စည်၏တန်ဘိုးအစစ်အမှန်(social value)ကို ကိုယ်စား မပြုသောကြောင့်ဖြစ်ပါသည်။ စီးပွားရေးပညာရှင်များပေးလေ့ရှိသည့် ဥပမာမှာ ပျားမွေးမြူရေးဖြစ်ပါသည်။ ပျားမွေးမြူရေးမှ ထွက်ရှိလာသော ပျားရည်ကို ဈေးကွက်တွင်ရောင်းချနိုင် ၍ ဈေးနှုံးသတ်မှတ်နိုင်သော် လည်း အခြား ဘေးထွက်သွယ်ဝိုက် အကျိုးသက်ရောက်မှုဖြစ်သည့် ပျားများဝတ်မှုံကူးခြင်းကြောင့် အနီးရှိစိုက်ခင်းများအောင်မြင်မှုကို ငွေကြေးဖြင့် တိုင်းတာရန် ခက်ခဲပါသည်။

မည်သို့ပင်ဆိုစေ ယခု အစီအရင်ခံစာက သဘာဝသဘာဝသယံဇာတပစ္စည်းများ ထုတ်လုပ်ရောင်းချမှုကို အားထားနေရဆဲဖြစ်သည့် မြန်မာနိုင်ငံလို နိုင်ငံများအတွက် သင်ခန်းစာယူစရာများ ပါရှိပါ သည်။ နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်မှုအမျိုးအစား သုံးမျိုးပေါ်တွင် အခြေတည်၍ တွက်ချက်ခြင်းအားဖြင့် စီးပွားရေးမူဝါဒချမှတ်ခြင်းသည် ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုပြဿနာ (asset-management problem) နှင့် အသွင်တူသည်ဟု  ပါမောက္ခ ဒက်(စ)ဂုပ္ပတက ဆိုပါသည်။ ထို့အပြင် သယံဇာတပစ္စည်းများ ထုတ်လုပ်ရောင်းချမှုပေါ်တွင် မှီခိုနေရသည့် နိုင်ငံတနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို  စုစုပေါင်း တိုင်းပြည်ထုတ်ကုန် တိုးတက်မှုဖြင့် တိုင်းတာခြင်းမှာ တိုးတက်မှု အစစ်အမှန်ကို ကိုယ်စား မပြုနိုင်ပါ။ ထုတ်လုပ်ရောင်းချလိုက်သည့် သဘာဝ သယံဇာတ ပစ္စည်းများ၏ တိုက်ရိုက်နှင့်သွယ်ဝိုက်တန်ဘိုးများထက် မကျော်လွန်တောင်မှ တန်ဘိုးတူညီသည့်  လူ့စွမ်းအား အရင်းအမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံအရင်းအမြစ် အသစ်များ ဖန်တီးနိုင်မှု မရှိပါက တိုင်းပြည် အမှန်တကယ် တိုးတက်လာသည်၊ ချမ်းသာကြွယ်ဝ လာသည်ဟုမဆိုလိုနိုင်ပါ။

မကြာသေးခင်က အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်လိုက်သော အစီအရင်ခံစာတခုအရ  မြန်မာ့စီးပွားရေး သည် လာမည့်ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၈ ရာခိုင်နှုန်းခန့် တိုးတက်လာဖွယ်ရှိပြီး နိုင်ငံသားတစ်ဦးချင်းစီ၏ ပျမ်းမျှနှစ်စဉ် ၀င်ငွေသည် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၀၀၀ ထိတိုးတက်လာနိုင်သည်ဟု ဆိုပါသည်။ စာရေးသူအနေဖြင့် မျှော်လင့်သည်မှာ ဤကဲ့သို့ ဝင်ငွေအနေနှင့် တိုးတက်လာခြင်းသာမက မြန်မာနိုင်ငံ သားတို့၏  လူ့စွမ်းအား အရင်းအမြစ်များ၊ မြန်မာနိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာအခြေခံ အဆောက်အအုံအရင်း အမြစ်များပါ တိုးတက်လာပြီး ထိုမှတဆင့် နိုင်ငံသားတစ်ဦးချင်းစီ၏ ချမ်းသာကြွယ်ဝမှုကို တိုးတက်မြင့်မား လာမည့် မှန်ကန်သည့် စီးပွားရေးမူဝါဒများ ချမှတ်နိုင်မှုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ရည်ညွှန်းကိုးကား။

Creative Commons License
နိုင်ငံတို့၏ ကြွယ်ဝချမ်းသာမှုအစစ်အမှန်ကို တိုင်းတာတွက်ချက်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.