Saturday 27 April 2013

ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုနှင့် အစိုးရ၏ အခန်းကဏ္ဍ (Property Rights and the Role of Government)

ပြီးခဲ့တဲ့ အပါတ်က ဂျွန်လော့(ခ) (John Locke)နဲ့ ဂျရမီဘင်သမ်(မ)တို့ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ ပါတ်သက်တဲ့ သီအိုရီ (၂)ရပ်ကို မိတ်ဆက် အနေနဲ့ တင်ပြခဲ့ပါတယ်။ ဒီသီအိုရီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က ရေးသားခဲ့တဲ့ အတွေးအခေါ်တွေဖြစ်ပေမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အာမခံနိုင်ဘို့အတွက် ပိုင်ဆိုင်ခွင့်ကို တရားမျှတစွာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲဆိုတဲ့ နေရာမှာ ယနေ့ထက်တိုင်ရည်ညွှန်းနေရဆဲဖြစ်ပြီး၊ ပုဂ္ဂလိကပိုင်ဆိုင်မှုရဲ့ အရင်းအမြစ်ကို ဖွင့်ဆိုရာမှာ ဒီသီအိုရီ (၂)ခုကြားခြားနားချက်တွေကို တရားမျှတမှုနှင့် နိုင်ငံရေး ဒဿနိကမှာ ယနေ့အချိန်အထိ အငြင်းပွားနေကြဆဲဖြစ်ပါတယ်။ ဒီတပါတ် ဆောင်းပါးမှာတော့ ဂျွန်လော့(ခ)ရဲ့ သီအိုရီကို အကျယ်ချဲ့ တင်ပြပါမယ်။

John Locke (1632-1704)
ဂျွန်လော့(ခ) (၁၆၃၂-၁၇၀၄) ရေးသားခဲ့တဲ့ ဒုတိယ အစိုးရဆိုင်ရာကျမ်း (Second Treatise of Government-1690) မှာ ဖေါ်ထုတ်တင်ပြထားတဲ့ သီအိုရီအရ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာ ဘုရားသခင်ဆီက ဆင်းသက်လာတာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအချိန်ကာလက အင်္ဂလန်နိုင်ငံကို အုပ်စိုးနေတဲ့ ဘုရင်တွေက သူတို့ရဲ့အာဏာဟာ ဘုရားသခင်ဆီက ဆင်းသက်လာတယ် (Divine rights of kings) ဘုရားသခင်က ဘုရင်ကိုသူ့ရဲ့ကိုယ်စား အင်္ဂလန်နိုင်ငံကို အုပ်ချုပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီအဆိုကို ခရစ်ယာန်ဘုရားကျောင်းကလည်း ထောက်ခံပါတယ်။ အဲဒီလို ဘုရင်နဲ့ ကက်သလစ် ဘုရားကျောင်းက အင်္ဂလန်နိုင်ငံ အုပ်ချုပ်ရေးမှာ ကြီးစိုးချယ်လှယ်လာတာကို မကျေနပ်တဲ့ ပါလီမန်အမတ်တွေနဲ့ သူကောင်းမျိုးတွေက အုံကြွရာမှ တော်လှန်ရေးတရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဂျွန်လော့(ခ)က အဆိုပါ ၁၆၄၀ မှ ၁၆၈၈ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလန်ပြည်တွင်းစစ် ကာလအတွင်း လက်ရှိဘုရင်ကို ဆန့်ကျင်ပုန်ကန်တဲ့ သူတွေကို အားပေးဖို့၊ စွဲဆောင်ဖို့အတွက် ဘုရားသခင်ကို သူ့ရဲ့သီအိုရီထဲဆွဲသွင်းခဲ့တာ ဖြစ်ပါတယ်။

ဂျွန်လော့(ခ)က ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုဆိုတာ ဘုရားသခင်ရဲ့ဖန်ဆင်းမှုနဲ့ အဆိုပါပစ္စည်းကို ပိုင်ဆိုင်သူရဲ့လုပ်အား ပေါင်းစပ်ထားတာဖြစ်တယ်။ ဒါကြောင့် အများသဘောတူညီမှုနဲ့တင်မြှောက်ထားတဲ့ အစိုးရတရပ် (Government) အနေနဲ့ ပြည်သူပြည်သားတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ရှင်သန်ခွင့် (natural right to life)၊ လွတ်လပ်ခွင့် (natural right to liberty)၊ ပစ္စည်းပိုင်ဆိုင်ခွင့် (natural right to property) တွေကို မချိုးဖေါက်နိုင်ဘူး မချိုးဖေါက်ရဘူး လို့ဆိုပါတယ်။ 

ဂျွန်လော့(ခ)ရဲ့ အဆိုအရ လူသားရယ်လို့ ဒီကမ္ဘာမြေပေါ်မှာ စတင်ဖြစ်တည်လာစ ကနဦး အချိန်က ဘယ်အစိုးရမှ မရှိသေးဘူးလို့ဆိုပါတယ်။ အဆိုပါ ကာလအပိုင်းအခြားကို ဂျွန်လော့(ခ)က လူသားတွေ သဘာဝကပေးတဲ့အခြေအနေ (State of Nature) အတိုင်း အနှောင်အဖွဲ့ကင်းစွာ နေထိုင်တဲ့ကာလလို့ ဆိုပါတယ်။ ဒီကာလအတွင်းမှာဘုရားသခင်က ကောင်းကင်ဘုံကဆင်းသက်လာပြီး လူတိုင်းလူတိုင်းကို (အုပ်စိုးသူမင်းအစိုးရကိုမဟုတ်) ရပိုင်ခွင့်ကြီး (၃)ရပ် ပေးခဲ့တယ်လို့ဆိုပါတယ်။  ပထမဆုံးရပိုင်ခွင့်ကတော့ အခုကျွန်တော်တို့ခေါ်တဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့် (right to personal liberty) ဖြစ်ပါတယ်။ ဂျွန်လော့(ခ)ရဲ့အမြင်အရတော့ လူတိုင်း မိမိရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့်လို့ဆိုပါတယ်။ အဲဒီအတွက် လူတယောက်ကို အခြားသူတဦးထံ ကျွန်အဖြစ် မရောင်းနိုင်ပါဘူး။ ဒီရပိုင်ခွင့်ကို ဂျွန်လော့(ခ)ရဲ့ ဂိုဏ်းဝင်တွေက ဘယ်သူမှပယ်ဖျက်လို့မရနိုင်တဲ့ ရပိုင်ခွင့် (inalienable right) လို့ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ လူတယောက်က မိမိရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ရောင်းချလိုရင်တောင်  ရောင်းလို့မရဘူးလို့ဆိုလိုတာပါ။ မိမိခန္ဓာကိုယ်ကို မိမိပိုင်တဲ့အတွက် ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ ဦးနှောက်က ဖန်တီးလိုက်တယ့် စကားလုံး၊ အတွေးအခေါ်စတာတွေကို ပိုင်ဆိုင်ခွင့်လည်း မိမိမှာသာရှိတယ်လို့  ဂျွန်လော့(ခ)ကဆိုပါတယ်။

ဘုရားသခင်က လူတိုင်းကို ပေးခဲ့တယ်ဆိုတဲ့ ဒုတိယရပိုင်ခွင့်ကတော့ ပုဂ္ဂလိကပစ္စည်း ပိုင်ဆိုင်ခွင့် (right to personal property)ပါ။ ဒီပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့် လူတဦးချင်းဆီကို ဘယ်လိုရောက်လာတယ် ဆိုတာကို ဂျွန်လော့(ခ)ကရှင်းပြခဲ့ပါတယ်။ လူသားတွေ သဘာဝကပေးတဲ့အခြေအနေ (State of Nature) အတိုင်း နေထိုင်တဲ့ကာလမှာ လူတိုင်းအတွက် သဘာဝ အရင်းအမြစ်တွေ အလျှံပါယ်ရှိပါတယ်။ ဒီသဘာဝအရင်းအမြစ် တွေကို ဘယ်သူမှ မပိုင်ပါဘူး။ ဂျွန်လော့(ခ)ရဲ့ အဆိုအရ လူတဦးက မိမိရဲ့ ကိုယ်ပိုင်ပိုင်လုပ်အားနဲ့ သဘာဝ အရင်းအမြစ်တွေကို ပေါင်းစပ်ပြီး အသုံးဝင်တဲ့၊ လူသားတွေအတွက် တန်ဘိုးရှိတဲ့ အရာတွေကို ဖန်တီးခြင်းဖြင့် ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့် ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့် ဘုရားသခင်က သစ်ပင်တွေကို ဖန်တီးပေးတယ်။ လူသားတွေက သူတို့ရဲ့လုပ်အားကိုသုံးပြီး ဒီသစ်ပင်တွေကို ဥယာဉ်ခြံမြေတွေ ဖြစ်လာအောင် ပြုလုပ်ခြင်းဖြင့် မိမိကိုယ်တိုင်စားသုံးဖို့၊ ရောင်းချဖို့ သစ်သီးဝလံတွေ စိုက်ပျိုးထုတ်လုပ်လာနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူတဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့် နဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်တွေကို ချိုးဖေါက်လိုတဲ့ သူတွေ ရှိနေရင်တော့ ဒီပိုင်ဆိုင်ခွင့် (၂)ရပ်ဟာ ဘာမှအဓိပ္ပါယ်မရှိဘူးဆိုတာကို  ဂျွန်လော့(ခ)က နားလည် ပါတယ်။ အဲဒီလို နားလည်တဲ့အတွက် သူတပါးရဲ့ ပိုင်ဆိုင်ခွင့်တွေကို ချိုးဖေါက်တဲ့သူတွေကို တားဆီးရမယ်လို့ ဆိုပါတယ်။ အဲဒီလိုတားဆီးဖို့အတွက် ဘုရားသခင်က လူတိုင်းကို တတိယ ရပိုင်ခွင့်အနေနဲ့ မိမိရဲ့ ပိုင်ဆိုင်ခွင့် (၂)ရပ်ကို ချိုးဖေါက်တဲ့သူတွေအား အပြစ်ပေးပိုင်ခွင့် (right to punish) ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။  

ဂျွန်လော့(ခ)ကဆက်ပြီးပြောတာကတော့ လူတဦးချင်းအနေနဲ့ဆိုရင်တော့ တတိယ အခွင့်အလမ်းဖြစ်တဲ့ အပြစ်ပေးပိုင်ခွင့်ကိုကျင့်သုံးဖို့ခက်ခဲပါတယ်။ ဒီနေရာမှာ တခုရှိတာက ဂျွန်လော့(ခ)ပြောတဲ့ အုပ်ချုပ်သူကင်းတဲ့ သဘာဝကပေးတဲ့အခြေအနေ (State of Nature)ဆိုတာ မင်းမဲ့စရိုက်လွမ်းမိုးတဲ့၊ မတည်မငြိမ် အခြေအနေမျိုး မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိမယ်ဆိုရင် ဘုရားသခင်ကပေးတဲ့ ဒီအခွင့်အလမ်း (၃)ရပ်ရဲ့ အကျိုးကျေးဇူးကို နားလည်ပြီး တစ်ဦးရဲ့ အခွင့်အရေးကို တစ်ဦးက လေးစားလိမ့်မယ်လို့  ဂျွန်လော့(ခ)က ဆိုပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့လောကမှာတော့ သူတပါးရဲ့ အခွင့်အရေးကို မလေးစားသူတွေရှိပါတယ်။ အဲဒီလိုလူတွေကို ဂျွန်လော့(ခ)က သူတင်ပြတဲ့ သဘာဝကပေးအပ်တဲ့ အခွင့်အရေးတွေ အကျိုးကျေးဇူးကို လက်ခံနိုင်စွမ်းမရှိတဲ့ ကျိုးကြောင်းဆင်ခြင်တုံတရားကင်းမဲ့သူတွေလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ အဆိုပါ ကျိုးကြောင်းဆင်ခြင်တုံတရားကင်းမဲ့သူ လူနည်းစုဟာ သူတို့ထက် အားနည်းတဲ့သူတွေရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ချိုးဖေါက်ဖို့ ဝန်လေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့ အားနည်းသူတွေရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အားကြီးသူတွေရဲ့ လက်ထဲမှာဆုံးရှုံးမဲ့ အန္တရာယ်နဲ့  အမြဲတမ်းရင်ဆိုင်နေရမှာ ဖြစ်သလို အားကြီးသူတွေရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာလည်း စုစည်းညီညွတ်တဲ့ အားနည်းသူအုပ်စုတွေ သနားမှ ချမ်းသာရာရမယ်လို့ ဂျွန်လော့(ခ)က ဆိုပါတယ်။ ဒါ့အပြင် လူတွေမှာ သူတို့ကို အန္တရာယ်ပေးတဲ့သူတွေကို အပြစ်ပေးပိုင်ခွင့်ရှိခဲ့ရင် ကိုယ်ခံရတာထက်ပိုပြီး လွန်လွန်ကျူးကျူး တုန့်ပြန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေအားလုံးဟာ တတိယ အခွင့်အလမ်းဖြစ်တဲ့ အပြစ်ပေးပိုင်ခွင့်ကို အုပ်ချုပ်သူမရှိသေးတဲ့ သဘာဝအခြေအနေမှာ ကျင့်သုံးဖို့ခက်ခဲတဲ့အတွက် ဖြစ်ပေါ်လာရတာလို့ ဆိုပါတယ်။

ဂျွန်လော့(ခ)ရဲ့ အဆိုအရ လူတွေအနေနဲ့ အထက်ပါ အန္တရာယ်တွေကို မြင်လာတဲ့အတွက် ဖြေရှင်းရမယ့် နည်းလမ်း အနေနဲ့ လူမှုရေးဆိုင်ရာ သဘောတူညီချက် (Social Contract) တခုကို ဖန်တီးခဲ့ကြပါတယ်။ ဘုရားသခင်က လူသားတွေကို ပုဂ္ဂလိကလွတ်လပ်ခွင့်၊ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့် နဲ့ ဒီပိုင်ဆိုင်ခွင့် (၂)ရပ်ကို ချိုးဖေါက်သူတွေအား အပြစ်ပေးပိုင်ခွင့် စတဲ့ ပိုင်ဆိုင်ခွင့် (၃)ရပ်ပေးအပ်ခဲ့ပေမယ့် တတိယပိုင်ဆိုင်ခွင့်ဖြစ်တဲ့ အပြစ်ပေးပိုင်ခွင့်ဟာ မိမိထက်အားကြီးထက်သူအပေါ်မှာ ကျင့်သုံးလို့မဖြစ်နိုင်တဲ့အတွက် ဒီတတိယပိုင်ဆိုင်ခွင့်ကို လူတစ်ဦးချင်းစီ အနေနဲ့ကိုင်စွဲထားလို့ တန်ဘိုးမရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဆင်ခြင်တုံတရားရှိသူတိုင်းက သူတို့ရဲ့ တတိယပိုင်ဆိုင်ခွင့်ကို သူတို့ကိုယ်စားကျင့်သုံးဖို့အတွက် သူတို့ထဲက လူတစုကို အစိုးရရဲ့ကိုယ်စားလှယ် (agents of government) အဖြစ် သဘောတူသတ်မှတ်ခဲ့ကြလိမ့်မယ်လို့ ဂျွန်လော့(ခ)ကဆိုပါတယ်။ ဒီလိုအစိုးရလို့ သတ်မှတ်ခံထားရတဲ့ လူတစုကသာ လူတစ်ဦးချင်းစီရဲ့ ပထမနဲ့ ဒုတိယပိုင်ဆိုင်ခွင့်တွေကို ချိုးဖေါက်သူများအား အပြစ်ပေး အရေးယူပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့်မို့ ဂျွန်လော့(ခ)အတွက်ကတော့ အစိုးရဆိုတာ ပြည်သူပြည်သားတွေက သူတို့ပိုင်တဲ့တတိယပိုင်ဆိုင်ခွင့်တွေကို စုစည်းပြီး၊ သူတို့အလိုကျ ကျင့်သုံးဖို့ တာဝန်ပေးအပ်ခံထားရတဲ့ လူတစ်စုထက် မပိုပါဘူး။ တနည်းအားဖြင့် လူမှုရေးဆိုင်ရာ သဘောတူညီချက် (Social contract) ကို တာဝန်ခံ အကောင်အထည်ဖေါ်ရတဲ့သူတွေ (contractors) ပါဘဲ။ အစိုးရရဲ့တာဝန်က ပထမနဲ့ ဒုတိယပိုင်ဆိုင်ခွင့်တွေကို ချိုးဖေါက်သူများအား တရားမျှတစွာအပြစ်ပေး အရေးယူဖို့ပါ။  ဂျွန်လော့(ခ)ရဲ့ သီအိုရီမှာ မှတ်သားစရာကောင်းတဲ့အချက်ကတော့  ပြည်သူပြည်သား တစ်ဦးချင်းစီက သူတို့ရဲ့ ပိုင်ဆိုင်ခွင့်(၃)ရပ်စလုံးကို အစိုးထံကို လွဲပြောင်းပေးအပ်လိုက်တာ မဟုတ်ဘူးဆိုတဲ့ အချက်ပါ။ ဂျွန်လော့(ခ)ရဲ့အဆိုအရ ပြည်သူလူထုက သူတို့ကို ဘုရားသခင်က ပေးအပ်ထားတာဖြစ်တဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်တွေကို သူတို့ကိုယ်တိုင် ကိုင်စွဲထားတာဖြစ်ပါတယ်။

ဂျွန်လော့(ခ)ရဲ့သီအိုရီဖြစ်တဲ့ ဘုရားသခင်က သဘာဝပိုင်ဆိုင်ခွင့်တွေကို ပေးအပ်ခဲ့တယ်ဆိုတဲ့အချက်ရယ်၊ ပြည်သူလူထုက ဖန်တီးလိုက်တဲ့ လူမှုရေးဆိုင်ရာ သဘောတူညီချက်အရ ပေါ်ပေါက်လာတဲ့ လူထုကို တာဝန်ခံရတဲ့ အစိုးရဆိုတဲ့အချက်ရယ်ဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ နိုင်ငံတော်အကြားဆက်နွယ်မှုတွေမှာ အရေးကြီးတဲ့ သက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။  ထို့အတွက် လူတစ်ဦးချင်းစီနဲ့ နိုင်ငံတော်အကြားဆက်နွယ်မှု အပေါ်မှာလည်း အလွန်အရေးကြီးတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ခြုံပြီးပြောရရင် အဓိက အကျိုးသက်ရောက်မှု (၃)ချက်ရှိပါတယ်။ ပထမအချက်ကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ အစိုးရနဲ့ နိုင်ငံတော်ရဲ့ဖြစ်တည်မှုထက် ပိုမိုရှေးကျတယ်ဆိုတာပါဘဲ။  ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ လူတစ်ဦးချင်းစီကို ဘုရားသခင်က ပေးခဲ့တာဖြစ်ပြီး၊ အစိုးရကပေးတာ မဟုတ်တဲ့အတွက် အစိုးရတရပ်အနေနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို ထိုသူရဲ့ သဘောတူခွင့်ပြုချက်မရှိဘဲ ဘယ်လိုအကြောင်းနဲ့မှ သိမ်းပိုက်ယူဆောင်လို့ မရဘူးလို့ဆိုပါတယ်။ နိုင်ငံတော်အနေနဲ့ သူ့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို ကာကွယ်ရန်မှတပါး အခြားတာဝန်မရှိပါဘူး။

ဒုတိယအချက်ကတော့ နိုင်ငံတော်ဆိုတာ လူတစ်ဦးချင်းစီက သူတို့ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ ဖန်တီးထားတဲ့ အကောင်အထည်မဲ့ ကိရိယာ တန်ဆာပလာ တခုသာဖြစ်တဲ့အတွက် နိုင်ငံတော်မှာ ဘာလိုအပ်ချက်မှမရှိ၊ ဘာကိုယ်ပိုင်ဦးတည်ချက်၊ ဘာအကျိုးစီးပွားမှ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်၊ ပြည်သူလူထု သက်သာချောင်ချိရေးအတွက်၊ လူ့ဘောင်ကောင်းကျိုးအတွက်ဆိုပြီး အစိုးရတရပ်က လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို ချိုးဖေါက်တဲ့ အပြုအမူတွေကို ဂျွန်လော့(ခ)က လက်မခံပါဘူး။ ဆိုလိုတာက မည်သူတစ်ဦးတစ်ယောက်ကိုမှ သူတို့ရဲ့ပိုင်ဆိုင်မှုကို တခြားသူတစ်ဦးကောင်းစားရေးအတွက်၊ ဒါမှမဟုတ် လူတိုင်းလူတိုင်း ကောင်းစားရေး အတွက်ဆိုပြီး သူတို့ရဲ့ သဘောတူခွင့်ပြုချက်မပါဘဲ အတင်းအကျပ် စွန့်လွတ်ခိုင်းလို့ မရပါဘူး။  လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုက နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ လူမှုအကျိုးစီးပွား၊ အများကောင်းကျိုး စတာတွေထက် ပိုပြီးအရေးပါတယ်လို့  ဂျွန်လော့(ခ)က ဆိုပါတယ်။

ဂျွန်လော့(ခ)ရဲ့ သီအိုရီရဲ့ နောက်ဆုံးအရေးပါတဲ့အချက်ကတော့ အုပ်စိုးသူတွေကို ဆန့်ကျင်တဲ့ တော်လှန်ရေးဟာ တရားမျှတတယ်ဆိုတဲ့ အချက်ပါဘဲ။ တကယ်တော့ ဒီအချက်ဟာ ဂျွန်လော့(ခ)ရဲ့ သီအိုရီဖြစ်တဲ့ ဒုတိယ အစိုးရဆိုင်ရာကျမ်း (Second Treatise of Government)ကို ရေးရတဲ့ အဓိက အကြောင်းရင်းပါ။  ဂျွန်လော့(ခ)က ၁၆၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလန်ပြည်တွင်းစစ်မှာ လက်ရှိဘုရင်ကို ဆန့်ကျင်ပုန်ကန်တဲ့သူတွေကို အားပေးဖို့၊ ဆွဲဆောင်ဖို့အတွက်ဒီကျမ်းကို ရေးခဲ့ခြင်းဖြစ်ပါတယ်။ ဒီအချက်ကိုဘဲ အင်္ဂလိပ်ကိုလိုနီအစိုးရကို တော်လှန်တဲ့ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း (Declaration of Independence) မှာ အမေရိကန်ခေါင်းဆောင် သောမတ်(စ)ဂျက်ဖာဆန် (Thomas Jefferson)က ရည်ညွှန်းခဲ့ပါတယ်။

ဂျွန်လော့(ခ)ရဲ့အဆိုအရ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပထမရပိုင်ခွင့် (၂)ရပ်ဖြစ်တဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အစိုးရကိုယ်တိုင်က ချိုးဖေါက်လိုက်တာနဲ့ ဒီအကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကိုယ်စားလှယ်အဖြစ် ဖန်တီးထားတဲ့အစိုးရတရပ်ဟာ လုယက်သူ၊ ဂျွန်လော့(ခ)ရဲ့အသုံးအနှုံးအရဆိုရင် သူခိုး၊ ဓါးပြ (robber) ဖြစ်သွားပါတယ်။ ဒီလို လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပထမရပိုင်ခွင့် (၂)ရပ်ဖြစ်တဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို သူတို့ရဲ့ သဘောတူခွင့်ပြုချက်မရှိဘဲ ကျူးကျော်သိမ်းပိုက်လိုက်တာနဲ့  အစိုးရက လူမှုရေးဆိုင်ရာ သဘောတူညီချက် (Social Contract)ကို ချိုးဖေါက်လိုက်တာဖြစ်ပါတယ်။ တခြား အရောင်းအဝယ်ဆိုင်ရာ နှစ်ဦးနှစ်ဖက်သဘောတူညီချက်တွေလိုဘဲ တစ်ဖက်ကစပြီး သဘောတူညီချက်ကိုချိုးဖေါက်ရင် တခြားတစ်ဖက်ကလဲ လိုက်နာစရာ မလိုတော့တဲ့အတွက် အစိုးရက သဘောတူညီချက် (Social Contract)ကို စတင်ချိုးဖေါက်တဲ့အတွက် ပြည်သူပြည်သားတွေမှာလည်း ဒီသဘောတူညီချက်ကို ပယ်ဖျက်ပိုင်ခွင့်ရှိတယ်လို့ ဂျွန်လော့(ခ)ကဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူပြည်သားတွေအနေနဲ့ လက်ရှိအစိုးရထံကို သူတို့လွဲအပ်ထားတဲ့ တတိယပိုင်ဆိုင်ခွင့်ဖြစ်တဲ့ အပြစ်ပေးပိုင်ခွင့်ကို ပြန်ယူပြီး၊ သူတို့ယုံကြည်မှုပိုရှိတဲ့ နောက်အစိုးရတရပ် ပြန်လည်ဖွဲ့စည်းခွင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂျွန်လော့(ခ)ရဲ့သီအိုရီဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းကို အစိုးရနဲ့ခွဲခြားမြင်တဲ့ တော်လှန်ရေးဆိုင်ရာ သီအိုရီတရပ်ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

စာဖတ်သူ အနေနဲ့ရော ဘယ်လို ယူဆပါသလဲ။ ဂျွန်လော့(ခ)ရဲ့ အဆိုအတိုင်း အစိုးရတရပ်ဟာ ဘယ်လို အကြောင်းနဲ့မှ လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို မချိုးဖေါက်ရဘူး၊ မချိုးဖေါက်နိုင်ဘူးလို့ ယုံကြည်ပါသလား။  ဒါမှမဟုတ် တကယ်လို့ အများပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အစိုးရကချိုးဖေါက်နိုင်တယ်၊ ချိုးဖေါက်သင့်တယ်လို့ယုံကြည်ပါသလား။ 

နောက်ဆောင်းပါးမှာတွေမှာ ဂျွန်လော့(ခ)ရဲ့သီအိုရီကို လုံးလုံးဆန့်ကျင်တဲ့ ဂျရမီဘင်သမ်(မ) (Jeremy Bentham)ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဟာ လွတ်လပ်တဲ့ ဈေးကွက်ကတဆင့် ဖြစ်တည်လာတာဆိုတဲ့ သီအိုရီကို ဖေါ်ထုတ်ခဲ့တဲ့ အမေရိကန် နိုင်ငံရေးဒဿန ပညာရှင် ရောဘတ်နိုဇစ်(က)(Robert Nozick; 1938-2002)ရဲ့ အမြင်တွေကို တင်ပြပါမယ်။ 

Image Credit:
by Sir Godfrey Kneller [Public domain], via Wikimedia Commons

ရည်ညွှန်းကိုးကား


Creative Commons License
ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုနှင့် အစိုးရ၏ အခန်းကဏ္ဍ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License

1 comment: