Saturday, 11 August 2012

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု

FDI and Economic Growth in Developing Countries

ယခင်အပါတ်ဆောင်းပါး (နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ) ရဲ့အဆက်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်မဖြစ်ဆိုတာ ဆက်လက်တင်ပြပါမယ်။

အခြေခံအကြောင်းအချက်တွေပြည့်စုံပြီး မှန်ကန်တဲ့ မူဝါဒတွေချမှတ်နိုင်ရင်တော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အပေါင်းလက္ခဏာဆောင်တဲ့ အကျိုုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေဝင်ရောက်လာခြင်းက အလုပ်အကိုင်အသစ်တွေ ဖန်တည်းပေးနိုင်တဲ့အပြင် ပြည်တွင်းရှိလုပ်ငန်းများကိုလည်း ၎င်းတို့ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူခြင်း၊ နည်းပညာနှင့် စီမံခန့်ခွဲမှုပညာရပ်များ လွဲပြောင်းပေးခြင်းတို့ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေနိုင် ပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက ဖွံ့ဖြိုး ဆဲနိုင်ငံတွေလိုအပ်တဲ့ အရေးပါတဲ့ သွင်းအားစုတွေစီးဝင်လာအောင်ဖန်တည်းပေးနိုင်တဲ့အပြင်၊ တိုင်းပြည်အတွက် အရေးပါတဲ့ သွင်းကုန်တွေတင်သွင်းရန်အတွက် လိုအပ်သော နိုင်ငံခြားငွေရရှိနိုင်တဲ့ အရင်းအမြစ်တခု လည်း ဖြစ်ပါတယ်။ ဒီအကျိုးကျေးဇူးတွေနဲ့ ပထမဆောင်းပါး အစပိုင်းမှာ ဖေါ်ပြခဲ့တဲ့ အကျိုုးအမြတ်တွေဟာ  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကနေ ရရှိနိုင်ဖို့ အလားအလာရှိတဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ ဒါပေမယ့် မူဝါဒချမှတ်သူတော်တော်များများကတော့  နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာတာနဲ့  ဒီအကျိုးကျေးဇူးတွေအားလုံး အလိုအလျှောက်ပါလာမယ်လို တွေး ထင်နေကြပါတယ်။

တကယ်တမ်း တွေ့မြင်ရတဲ့ အထောက်အထားတွေအရတော့  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ဖို့ဆိုတာ ဝင်လာတဲ့  ရင်းနှီးမြုပ်နှံမှုရဲ့ ပုံသဏ္ဍန် နဲ့ စာချုပ်ပါအချက်အလက်၊ ရင်းနှီးမြုပ်နှံတဲ့ကဏ္ဍ၊ လက်ခံတဲ့နိုင်ငံရဲ့ အခြေအနေနဲ့ ချမှတ်ထားတဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အဓိကမူတည်နေပါတယ်။ ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ (UNCTAD) ကထုတ်ပြန်ခဲ့တဲ့ သုတေသနအစီရင်ခံစာတခု (Hanson, 2001) အရ  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတယ် ဆိုတဲ့အဆိုဟာ သံသယရှိစရာဖြစ်ပြီး တကယ်တမ်းလေ့လာတွေ့ရှိရတာကတော့  အခွန်အကောက် မရရှိခြင်း၊ အမြတ်အစွန်းများ တိုင်းပြည်တွင်းမှ ပြန်လည်စီးထွက် သွားခြင်း၊ ပြည်တွင်း ရှိလုပ်ငန်းများကို ထိခိုက်ခြင်းစတဲ့အချက်တွေလို့ ဆိုပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှတဆင့်ရရှိလာနိုင်တဲ့ အခြားအကျိုးကျေးဇူးတွေဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာလွှဲပြောင်းရယူမှု၊ ပြည်တွင်း လုပ်သားထု၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်မှု စတာတွေကလည်း မှန်းချက်နဲ့ မကိုက်ညီဘူးလို့ဆိုပါတယ်။ အများထင်မြင်နေကြတာက နိုင်ငံစုံကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာရင် နိုင်ငံတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာမယ် ဆိုတဲ့အချက်ပါ။ ဒါပေမယ့် သုတေသနတွေ့ရှိချက်တွေအရ ဂျာမဏီလို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် နိုင်ငံစုံကုမ္ပဏီကြီးတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားအရေအတွက်ထက် အသေးစားနဲ့အလတ်စားလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေက ပိုများပါတယ်။ ကမ္ဘာ့ဘဏ်က ၂၀၁၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သုတေသန အစီရင်ခံစာ (Ayyagari, Demirguc-Kunt, & Maksimovic, 2011) တခုမှာ ဖေါ်ပြထားတာက နိုင်ငံပေါင်း ၉၉ နိုင်ငံရှိ အလုပ်အကိုင်စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံခန့် (၆၆.၃၈%) ဟာ အသေးစားနဲ့အလတ်စား လုပ်ငန်းတွေက ဖန်တီးပေးထားတယ်လို့ဆိုပါတယ်။

တကယ်လို့ စီးဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဟာ သဘာဝသယံဇာတ တူးဖေါ်ရေးကဏ္ဍကိုဘဲ ဦးတည်နေရင်တော့ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်မှု အလားအလာ ပိုပြီးနည်းမှာဖြစ်ပါတယ်။ သဘာ ဝသယံဇာတ တူးဖေါ်ရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေဟာ နေရာဒေသ ကွက်ကွက်လေး တခုမှာဘဲ စုပြုံနေလေ့ရှိပြီး နိုင်ငံတွင်းရှိ တခြားစီးပွားရေးကဏ္ဍတွေနဲ့ ပူးပေါင်းဆက်စပ်မှု အလွန်နည်းလေ့ရှိတဲ့ အတွက်ကြောင့် နည်းပညာလွှဲပြောင်းမှု အကန့်အသတ်ရှိခြင်း၊ လိုအပ်သော နည်းပညာ အများစုကို ပြည်ပမှတင်သွင်းရခြင်း၊ စသည့်အချက်တွေကို တွေ့ရှိရပါတယ်။  အာဖရိကနိုင်ငံတချို့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့ သတ္ထုတူးဖေါ်ရေးနှင့် ရေနံထုတ်လုပ်ရေးကဏ္ဍတွေ အတွက် ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုတွေက အလုပ်အကိုင် အနည်းငယ်ဘဲ ဖန်တီးပေးနိုင် တဲ့အပြင် ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ ပေါင်းစည်းနိုင်မှု အနည်းငယ်သာရှိတာ၊ ဒေသခံတွေ အနေနဲ့ ရင်းနှီးမြုပ်နှံမှုပေါ်ကနေ ထိုက်သင့် သလောက် အကျိုးခံစားခွင့်မရရှိတာတွေကို တွေ့ရပါတယ်။ ထို့အပြင် ဒီသဘာဝသယံဇာတ တူးဖေါ်ရေးကဏ္ဍကို စီးဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် တခြားကဏ္ဍတွေကို စီးဝင်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကို လျော့ကျသွားစေခဲ့တယ်လို့ ဆိုပါတယ်။  ဟားဗတ်တက္ကသိုလ် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုဌာန (Harvard Institute for International Development)က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားတာ ကတော့ အဆိုပါ သဘာဝသယံဇာတ တူးဖေါ်ရေးကဏ္ဍကို စီးဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက အဆိုပါ အာဖရိကနိုင်ငံတွေ က ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုကို မလျှော့ချနိုင်တဲ့အပြင် သယံဇာတရဲ့ကျိမ်စာလို့လူသိများတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလျော့ ကျခြင်းကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ် (Sachs & Warner, 2003)။ ဒီလိုဖြစ်ရတာကလည်း ၎င်းနိုင်ငံများရှိ အာဏာရှိသူများနှင့် နိုင်ငံစုံကုမ္ပဏီကြီးတွေရဲ့ အကျင့်ပျက်ချစားမှု၊ ရရှိလာတဲ့ အကျိုးအမြတ်ထဲက အနည်းငယ်သာ ပြည်တွင်းကိုစီးဝင်လာမှု စတဲ့အချက်တွေနဲ့လည်း တစိတ်တပိုင်း သက်ဆိုင်တယ်လို့ ဆိုပါတယ်။  

ဒီအချက်တွေအပြင် ပထမဆောင်းပါးမှာတင်ပြခဲ့တဲ့ အချက်တွေကြောင့်  ဖွံ့ဖြိုးဆဲနိုင်ငံတွေ အနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဆွဲဆောင်နိုင်ရေးကို ဦးစားပေးတဲ့ မူဝါဒတွေ အပေါ်မှာ အလွန်အမင်း အလေးထားနေကြခြင်းကို ပြန်လည်သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။ ဒီလိုသုံးသပ်တဲ့နေရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ပထမဦးစားပေးလုပ်သင့်တာကတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေဝင်လာတာနဲ့ မလွဲမသွေစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့အချက်ဟာ မမှန်ကန်ဘူးဆိုတာကို အသိအမှတ်ပြုဖို့ပါဘဲ။ အချက်အလက် အထောက်အထားတွေအရလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စပြုနေတဲ့ နိုင်ငံတွေ ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေစီးဝင်တာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်လာလို့ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာတာ မဟုတ်ဘူးဆိုတာ တွေ့ရပါတယ်။

ဝင်ငွေနိမ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၁၀၂၅ ထက်နိမ့်သောနိုင်ငံများ) အတွက် ကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက ယူဆောင်လာမယ့်ကောင်းကျိုးတချို့ရှိသလို အခြားအရေးပါတဲ့ ဆိုးပြစ်တွေလည်း အများကြီးရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှတဆင့် တိုင်းပြည်တွင်းကို ဝင်လာတဲ့ ရံပုံငွေတွေအားလုံးကို ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုနိုင်မယ်လို့ ယူဆပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဆွဲဆောင်ရေးကို ဦးစားပေးတဲ့ မူဝါဒတွေချမှတ်မယ်ဆိုရင်တော့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရဖို့များတယ် လို့ဆိုပါတယ်။ အဓိကကတော့ အရေအတွက်ထက် ဝင်ရောက်လာတဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေရဲ့ အရည်အသွေးကို ဦးစားပေးရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အနေနဲ့  နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏများများ ဝင်လာရေးကို ဦးစားပေးမယ့် အစား ရေရှည်တည်တန့်မယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် အများဆုံးထောက် ကူပေးနိုင်မယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမျိုးကိုဘဲ ဦးစားပေးသင့်ပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်မှုအထောက် အကူပြု နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာရေးအတွက် အလေးပေး သင့်တာတွေကတော့

  •  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အရည်အသွေး (အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှု နဲ့ တခြားထုတ်လုပ်မှု မဟုတ်တဲ့ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံမှု)
  •  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏများများဝင်ရောက်လာရေးထက် နိုင်ငံအတွင်းရှိ အခြားကဏ္ဍများကို အကျိုးပြုနိုင်မယ့် ရင်းနှီးမြုပ်နှံမှုများကို ဦးစားပေးသော မူဝါဒများ
  • မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ နိုင်ငံအတွင်းရှိ ကုန်ထုတ်စွမ်းအား အရင်းအမြစ်များ၊ လုပ်သားထုရဲ့ကျွမ်းကျင်မှုအဆင့်၊ နိုင်ငံ၏ အရွယ်အစား၊ နည်းပညာနှင့်အတတ်ပညာတွေ လွှဲပြောင်းရယူနိုင်မှု တွေကို မူတည်ပြီး သင့်တော်သော မူဝါဒများ ချမှတ်ခြင်း စသည်တို့ ဖြစ်ပါတယ်။ 

ဒီလိုမူဝါဒတွေချမှတ်ရာမှာ အဓိကဦးတည်သင့်တဲ့ အချက်တချို့ကတော့

  • တိုင်းပြည်ရဲ့ စက်မှုလက်မှုမူဝါဒတွေနဲ့ ကိုက်ညီပြီး ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မည့် ကဏ္ဍတွေကို ဦးစားပေး အထောက်အကူပြုသောနိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပုံသဏ္ဍန်ကို ရရှိရန်
  • အလုပ်အကိုင်သစ်များဖန်တီးနိုင်ရန်နှင့် နည်းပညာ၊ အတတ်ပညာများ လွှဲပြောင်းရယူနိုင်ရန် အတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့်  ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ချိတ်ဆက်နိုင် မှုကို အစွမ်းကုန် မြှင့်တင်နိုင်ရန်
  •  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် အတွက်  နိုင်ငံသားပိုင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေး ရန်  
  •  နည်းပညာနှင့်အတတ်ပညာ လွှဲပြောင်းရယူနိုင်မှုစွမ်းအား မြင့်မားလာစေရန်အတွက် အဆင့်မြင့်နှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရေး၏ အရည်အသွေးကို မြှင့်တင်ပေးရန် 
  • တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ရံပုံငွေရရှိရန်အတွက် ရသင့်ရထိုက်သည့် အခွန်အကောက်များကို မချွင်းမချန်ရရှိရန် 
  • နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအရ ဝင်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေက တိုင်းပြည်၏ သဘာဝပါတ်ဝန်းကျင်နဲ့ လူမှုဘဝပါတ်ဝန်းကျင်တွေကို မထိခိုက်စရန် စတဲ့အချက်တွေဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


ရည်ညွှန်းကိုးကား။

  • Ayyagari, M., Demirguc-Kunt, A. and Maksimovic, V. (2011) Small vs. Young Firms across the World Contribution to Employment, Job Creation, and Growth, Policy Research Working Paper 5631, The World Bank.
  • Foreign Direct Investment: A Critical Perspective (Re-Define Working Paper): http://www.re-define.org/
  • Hanson, G. (2001) Should Countries Promote Foreign Direct Investment? G-24 Discussion Paper, UNCTAD http://archive.unctad.org/en/docs/pogdsmdpbg24d9.en.pdf
  • Sachs, J and Warner, A (2003) J. Natural Resource Abundance and Economic Growth www.cid.harvard.edu/hiid/517.pdf


Creative Commons License
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Wednesday, 8 August 2012

မြန်မာနိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍ

Myanmar Economic Reform and the Role of SMEs

မကြာသေးမှီကာလမှစတင်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များ၏ အကျိုးရလဒ် အဖြစ်  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာမှ အထူး စိတ်၀င်စားနေကြကြောင်း သတင်းများတွင် နေ့စဉ်နှင့် အမျှ ကြားမြင်နေရပါသည်။ အချို့သောသတင်းဌာန များနှင့် လေ့လာစမ်းစစ်သူများဆိုလျှင် မြန်မာနိုင်ငံရှိ ရင်းနှီးမြုပ်နှံမှု (အထူးသဖြင့် သဘာ၀သယံဇာတတူးဖေါ်ထုတ်လုပ်ခြင်း) အခွင့်အလမ်းများကို၂၁ ရာစု၏ ရတနာသိုက်ကြီး (Myanmar Goldrush) အလား တင်စားနေကြပါသည်။ ဤစီးပွားရေးနှင့်ငွေရေးကြေးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများ၊ တိုးတက်လာမည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများက အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) များအတွက် အခွင့်အလန်းများသာမက စိန်ခေါ်မှုအသစ်များ ကို ဆောင်ကျဉ်းလာမည်ဖြစ်၍ ယခုလက်ရှိ အချိန်အခါသည် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါသည်။ စီးပွာရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု များက မြန်မာနိုင်ငံရှိ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းအတွက် နည်းပညာအသစ်များ၊ ကျွမ်းကျင်မှု၊ အရင်းအနှီး နှင့် ဈေးကွက်အသစ်များဆောင်ကျဉ်းလာနိုင်ပါသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု အဖြစ် ၀င်ရောက် လာမည့် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများ လိုအပ်မည့်ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများထုတ်လုပ် ပံ့ပိုးပေးနိုင်ပါက ပြည်တွင်းဈေးကွက်ကျဉ်းမြောင်းမှု အကန့်အသတ်များနှင့် အရင်းအမြစ် မလုံလောက်မှု ပြသနာများ ကိုလျှော့နည်းစေမည်ဖြစ်ပါသည်။ တချိန်တည်းမှာပင် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းအနေဖြင့် ပြည်ပမှရင်းနှီးမြှုပ်နှံသူများ၊ သွင်းကုန်များနှင့် ကုန်ချော ဈေးကွက် တွင်ယှဉ်ပြိုင်ရမှုပြင်းထန်လာမည်ဖြစ်ပါသည်။ ဤသို့ စီးပွာရေး ပြုပြင်ပြောင်းလဲမှုများမှဆာင်ကျဉ်းလာမည့် အခွင့်အလမ်းများကိုအရယူ ပြီး ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness) ကို မြှင့်တင်နိုင်ရန်အတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာတိုးတက်ဖြစ်ထွန်းမှုများကို မျက်ခြေ မပြတ်ရန်လိုအပ်ပြီး ခေတ်နှင့်လျှော်ညီသော စီမံခန့်ခွဲမှုများကို ကျင့်သုံးရန်လိုအပ်ပါသည်။ စာရေး သူအနေဖြင့် မြန်မာနိုင်ငံရှိ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း စွမ်းဆောင်ရည် တိုးမြှင့်ရာတွင် လိုအပ်မည်ဖြစ်သည့် သတင်းအချက်အလက် နှင့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာရပ်များကို ရှာဖွေ စုဆောင်းပြီး ဤအင်တာနက်စာမျက်နှာတွင် တင်ပြ သွားရန်ရည်ရွယ်ပါသည်။

ဆွေးနွေးတင်ပြချက်များနှင့် ပါတ်သက်၍ ေ၀ဖန်ဆွေးနွေးစရာ၊ မရှင်းလင်း၍ မေးမြန်းလိုသည်များရှိပါက administrator@myanmar-smallbusiness.org  သို့ email ပို့၍ ဆက်သွယ်နိုင်ပါသည်။

Friday, 3 August 2012

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ (FDI and Developing Countries)

စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးရလဒ်အဖြစ် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ကုမ္ပဏီများမျက်စိကျနေတဲ့နိုင်ငံတခုဖြစ်လာပါတယ်။ မကြာသေးခင်ကဘဲ The Economist စီးပွားရေးစာစောင်က မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေဝင်ရောက်လာဖို့ အလား အလာကောင်းတဲ့နိုင်ငံတခုအဖြစ်သုံးသပ် တင်ပြထားပါ တယ်။ မြန်မာပြည်သူအများစု အနေနဲ့လည်း ဒီနိုင်ငံခြားရင်းနှိးမြုပ်နှံ မှုတွေအတူပါလာမည့် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ နည်းပညာတွေ ကို မျှော်လင့်နေကြ တယ်လို့သိရပါတယ်။ ဒီလိုမျှော်လင့်ကြတာလည်း မြန်မာတနိုင်ငံထဲ မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် အရေးပါတဲ့ အရင်းအမြစ်တခုလို့ မှတ်ယူထားကြပါတယ်။ ယခုအချိန်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အဓိကအရေးအပါဆုံး ဘဏ္ဍာအရင်းအမြစ် ဖြစ်နေပါပြီ။ ဒီအတွက်ကြောင့်ပဲ မူဝါဒချမှတ်သူတွေက နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ပမာဏတိုးတက်ဖို့ကို ဦးစားပေးနေကြပြီး၊ အရည်အသွေးကို လျှစ်လျှူရှုလာကြ တာဖြစ်နိုင်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဖွံ့ဖြိုးတိုးတက်မှုမှုဝါဒတွေအစား နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များများဝင်လာရေးကို ဦးစားပေးလာကြပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်လာရင် အရာအားလုံးပြီးပြည့်စုံသွားမယ် (maximise FDI and everything else will follow) လို့ယူဆ လာကြတဲ့အထိ ဖြစ်နေပါတယ်။  ဒီလိုဖြစ်လာရတာကလဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်လာတာနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးဆက်တွေ မလွဲမသွေရရှိမှာဘဲလို့ အကောင်းမြင်မျှော်လင့်နေကြလို့ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ဆောင်ကျဉ်းလာမယ်လို့ မျှော်လင့်ထားတာတွေကတော့၊

  • ရင်းနှီးမြုပ်နှံမှုရံပုံငွေအသစ်တွေ
  • ခိုင်မာတဲ့ ပြည်ပငွေပေးငွေယူရှင်းတမ်း
  • ကုန်ထုတ်စွမ်းအားတိုးတက်မှုအတွက်အခြေခံ
  • အလုပ်အကိုင်အသစ်ဖန်တီးမှု
  • လုပ်ငန်းတွေကြားမှာ ပိုမိုပြီးထိရောက်တဲ့ ယှဉ်ပြိုင်မှု
  • နိုင်ငံပိုင်လုပ်ငန်းတွေကထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေနဲ့ယှဉ်ရင် ပိုမိုပြီးအသုံးဝင်တဲ့ကုန်ပစ္စည်းတွေ ထုတ်လုပ်မှု
  • အရေးပါတဲ့ နည်းပညာလွှဲပြောင်းမှု 
  • မရှိမဖြစ်လိုအပ်တဲ့ စီမံခန့်ခွဲမှုနည်းစံနစ်
  •  အစိုးရအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ အခွန်အကောက်များ
  • နိုင်ငံစုံကုမ္ပဏီကြီးများနှင့်ပါလာမည့် ပွင့်လင်းမြင်သာမှု နှင့် 
  • အိမ်ရှင်နိုင်ငံ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံစုံကုမ္ပဏီကြီးများမှ လှုဒါန်းထောက်ပံံ့မှုများ စသည်တို့ဖြစ်ပါတယ်။

မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ သုတေသနအဖွဲ့အစည်းတခုရဲ့ အစီရင်ခံစာမှာတော့ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးပညာရှင် သုတေသီတွေ၊ ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းတွေဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေနဲ့ပါတ်သက်လို့ အကောင်းမြင်လွန်းပြီး ကြုံတွေ့ရမယ့် ဆုံးရှုံးမှုတွေ၊ ကျော်လွှားရမယ့် အတားအဆီးတွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့ သတိပေးထားပါတယ်။ အဓိကအချက်ကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် ၉၆ ပါးရောဂါပျောက်ဆေး မဟုတ်ဘူးဆိုတာပါဘဲ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာရုံသက်သက်နဲ့ တိုင်းပြည်တပြည်ဟာ နတ်ရေကန်ထဲချလိုက်သလို တမဟုတ်ချင်းတိုးတက်လာမှာမဟုတ်ဘဲ အဲဒီရင်းနှီးမြုပ်နှံမှုက တဆင့် နိုင်ငံအတွက်အကျိုးရှိမယ့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအခြေခံတွေကိုဖန်တည်းနိုင်မှသာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အကျိုုးရှိနိုင်မှာဖြစ်ပါတယ်။

အဲဒီအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေကို လေ့လာ တဲ့အခါမှာ မျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေနဲ့ ကြုံတွေ့ရနိုင်မယ့်ဆိုးပြစ်တွေကို ဘက်စုံဒေါင့်စုံကနေ မျှမျှတတလေ့လာစမ်းစစ်ဖို့လိုအပ်ပါတယ်။ မကြာသေးခင်နှစ်များအတွင်းကစပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စီးဝင်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ တရှိန်ထိုးတိုးတက်လာပါတယ်။ ဒါပေမယ့် ဒီနိုင်ငံခြားရင်းနှီးမြုပ်နှံမှုရဲ့လေးပုံတပုံလောက်ဟာ တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံမှုကတော့ တဖြေးဖြေးကျဆင်းလာတာ ကိုတွေ့ရပါတယ်။

 စာရင်းဇယားအချက်အလက်တွေ ကို သေသေချာချာ ကြည့်လိုက်ရင်တော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံငွေတွေ ဖွံ့ဖြိုးဆဲနိုင်ငံတွေထံ စီးဝင်မှု(အပြာရောင်လိုင်း) တိုးတက်လာနေသလို ဒီရင်းနှီးမြုပ်နှံမှုတွေပေါ်ကရတဲ့ အမြတ်ငွေတွေ ဖွံဖြိုးဆဲနိုင်ငံတွေမှ စီးထွက်မှု(အနီရောင်လိုင်း) ကလည်း သိသိသာသာကိုတိုးတက် လာတာတွေ့ရပါတယ်။ ဒါအပြင်ဖွံဖြိုးဆဲနိုင်ငံတွေဆီကို စီးဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံငွေတွေရဲ့ ထက်ဝက်လောက်ဟာလည်း  ရင်းနှီးမြုပ်နှံမှုတွေပေါ်ကရတဲ့ အမြတ်ငွေတွေကို ပြန်လည် ရင်းနှီးမြုပ်နှံခြင်းဖြစ်ပါတယ်။


ဇစ်မြစ်။ Foreign Direct Investment – A Critical Perspective (A Re-Define Working Paper)

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် သတင်းမီဒီယာတွေမှာ အလေးထားဖေါ်ပြနေတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံငွေစီးဝင်မှု စာရင်းဇယားတွေကိုဘဲကြည့်ပြီး  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အဓိကအရေးအပါဆုံး ဘဏ္ဍာအရင်းအမြစ် ဖြစ်တယ်ဆိုတဲ့အချက်ဟာ မမှန်ကန်ပါဘူး၊ တကယ်တမ်းတော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဘဏ္ဍာအရင်းအမြစ်တွေ ပြင်ပကို စီးထွက်စေတဲ့ အကြောင်းရင်းတခုဖြစ်လာနေတယ်လို့ဆိုပါတယ်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုကနေ နိုင်ငံတခုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဘယ်လိုဖြစ်စေသလဲဆိုတာကို လေ့လာဖို့ ရင်းနှီးမြုပ်နှံမှုရဲ့ အကျိုးသက်ရောက်မှုတွေကို ဘဏ္ဍာရေးဆိုင်ရာ နဲ့ တခြားကဏ္ဍတွေကိုသွယ်ဝိုက်အကျိုးသက်ရောက်မှုတွေ ဆိုပြီး နှစ်ပိုင်းခွဲဆန်းစစ်နိုင် ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေဆိုတာကတော
   ၁။ ပြည်ပငွေပေးငွေယူရှင်းတမ်းအပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှု
  ၂။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမှတဆင့် ဖြစ်ပေါ်လာတဲ့ ပြည်ပပို့ကုန်၊
      သွင်းကုန်များကြောင့် ပြည်ပငွေပေးငွေယူရှင်းတမ်းအပေါ်သွယ်ဝိုက်အကျိုးသက်ရောက်မှု
  ၃။ နိုင်ငံအတွက် အခွန်အကောက်ရငွေနှင့် ရင်းနှီးမြုပ်နှံမှုများကိုဆွဲဆောင်ရန်
      သုံးစွဲရသည့်ကုန်ကျစားရိတ်များ စသည်တို့ဖြစ်ပါတယ်။

တခြားကဏ္ဍတွေကိုသွယ်ဝိုက်အကျိုးသက်ရောက်မှုတွေအနေနဲ့ကတော့
  ၁။ အလုပ်အကိုင်ဖန်တီးမှုနဲ့ ဆုံးရှုံးမှု
  ၂။ နည်းပညာ လွှဲပြောင်းရယူမှု
  ၃။ ကျွမ်းကျင်မှု လွှဲပြောင်းရယူမှု
  ၄။ ဖွံ့ဖြိုးတိုးတက်မှု
  ၅။ ပြည်တွင်းရှိဒေသခံစီးပွားရေးလုပ်ငန်းများနှင့်ဆက်စပ်ပေါင်းစည်းလုပ်ကိုင်နိုင်မှု စတာတွေဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုကနေ ပြည်ပငွေပေးငွေယူရှင်းတမ်းအပေါ် မျှော်လင့် ထားတဲ့အတိုင်း တိုက်ရိုက် အကျိုးသက်ရောက်မှုရှိမရှိ လေ့လာဆန်းစစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ဒေါ်လာ သန်း ၁၀၀ ကုန်ကျမယ့်လုပ်ငန်းတခုအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု  နိုင်ငံတခုထဲကို ဝင်လာတယ်ဆိုပါစို့။ သမရိုးကျအတိုင်းဆိုရင်တော့  ဒေါ်လာ သန်း ၁၀၀ နဲ့ညီမျှတဲ့ နိုင်ငံခြားငွေတွေ နိုင်ငံ ထဲကို ဝင်လာတယ်လို့ဘဲ ယူဆပြီး ပြည်ပငွေပေးငွေယူရှင်းတမ်းမှာ ဝင်ငွေ  ဒေါ်လာ သန်း ၁၀၀ ပိုလာတယ်လို့ထင်ကြမှာပါ။ ဖြစ်ရပ်မှန်မှာတော့ စာရွက်ပေါ်က ရင်းနှီးမြုပ်နှံမှုပမာဏ နဲ့ ပြည်ပငွေပေးငွေ ယူရှင်းတမ်းကို တကယ်တမ်းဝင်လာတဲ့ ဝင်ငွေဟာ အများကြီးကွာခြားနိုင်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတော်တော်များများ ဟာ ရင်းနှီးငွေပမာဏလိုအပ်ချက် ကြီးမားတဲ့ သဘာဝသယံဇာတတူးဖေါ်မှုလုပ်ငန်းနဲ့ တန်ဘိုးမြင့်ကုန်ချောထုတ်လုပ်မှုလုပ်ငန်းတွေလုပ်ကိုင်ဖို့ အတွက်ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ လိုအပ်တဲ့ အဆင့်မြင့် စက်ကိရိယာတွေကို ပြည်ပကနေတင်သွင်းရတဲ့အတွက် ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုထဲက ပမာဏတော်တော်များများဟာ ပို့ကုန်အတွက်ပေးရငွေ အဖြစ်နိုင်ငံထဲမှ ပြန်လည်ထွက်သွားလေ့ရှိပါတယ်။ ၎င်းအပြင် နိုင်ငံခြားကုမ္ပဏီအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတခုအတွင်းမှာ ရင်းနှီးမြုပ်နှံထားတဲ့လုပ်ငန်းတခုကရတဲ့ အမြတ်ငွေကို အဲဒီနိုင်ငံအတွင်းမှာဘဲ နောက်လုပ်ငန်းတခုအတွက် ရင်းနှီးမြုပ်နှံတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမြုပ်နှံမှုမျိုးဆိုရင်တော့ ရင်းနှီးမြုပ်နှံမှုပမာဏဟာ စာရွက်ပေါ်မှာဘဲရှိနေမှာဖြစ်ပြီး  ပြည်ပငွေပေးငွေ ယူရှင်းတမ်းမှာ ဘာမှဝင်လာမှာ မဟုတ်ပါဘူး။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပြည်ပငွေပေးငွေယူရှင်းတမ်းအပေါ် သွယ်ဝိုက်အကျိုးသက်ရောက် မှုတွေကို ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းဈေးကွက်မှာ ကုန်စည်နဲ့ဆောင်ရွက်မှုတွေ ဖြန့်ဖြူးရောင်းချဖို့ ဝင်လာတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေဟာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း တော်တော်များများ ကို ပြည်ပကတင်သွင်းလာကြတာများပါတယ်။ ၎င်းအပြင် လိုအပ်တဲ့ ကျွမ်းကျင်သူတွေကိုလည်း ပြည်ပနိုင်ငံတွေက ခေါ်ယူလာတတ်ကြပါတယ်။ ဒီလိုနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေက ပြည်တွင်းက နိုင်ငံခြားငွေတွေကို စီးထွက်စေမှာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပြည်ပငွေပေးငွေယူရှင်းတမ်းကို အနှုတ်လက္ခဏာပြစေမှာ ဖြစ်ပါတယ်။ တကယ်လို့ ပြည်ပဈေးကွက်ကို ပြန်လည်တင်ပို့ဖို့ ဝင်လာတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေ ဆိုရင်တောင်မှ ကုန်ပစ္စည်းထုတ်လုပ်ဖို့ ပြည်ပကတင်သွင်းလာကုန်ကြမ်းပစ္စည်း သိပ်မသုံးရပါမှ  ပြည်ပငွေပေးငွေယူ ရှင်းတမ်းမှာ အပေါင်းလက္ခဏာဆောင်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အကျိုးရှိစေတယ်လို့ ပြောကြတဲ့အထဲမှာ အဓိကတိုက်ရိုက်အကျိုးသက်ရောက်မှုအဖြစ် ဖေါ်ပြလေ့ရှိတာကတော့ ရင်းနှီးမြုပ်နှံမှုပေါ်က ရရှိတဲ့ အခွန်အကောက်တွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ပညာရေး၊ ကျန်းမာရေး၊ အများပြည်သူနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ လမ်းပန်းဆက်သွယ်ရေးစတဲ့ အခြေခံဆောက်အအုံတည်ဆောက်ရေးတွေမှာ အသုံးပြုနိုင်မှုဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာရှိတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေပေါ်ကနေ အခွန်အကောက်တွေ တကယ်တမ်းရရဲ့လား ဆိုတာပါဘဲ။ ပထမအချက်အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတော်များများဟာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေကို သူ့ထက်ငါအပြိုင် အခွန်သက်သာခွင့် (Tax Break) တွေပေးပြီး ဆွဲဆောင်နေကြခြင်းပါ။ ဥပမာတခုပြရရင် အမေရိကန် ကားကုမ္ပဏီ ဂျင်နရယ်မော်တာ (General Motor)ကမြုပ်နှံမယ့် ဒေါ်လာသန်း ၆၀၀ တန်ကြေးရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်ဖို့အတွက် ဘရာဇီးအစိုးရက ကုမ္ပဏီကို ဒါ်လာသန်း ၂၅၀ ထောက်ပံ့ကြေး (subsidies) နဲ့ ချေးငွေ ဒေါ်လာသန်း ၁၅၀ အပြင် ၁၅ နှစ်အတွက် ဒေါ်လာ ၁.၅ ဘီလီယံ အခွန်သက်သာခွင့်ပေးခဲ့ပါတယ်။

ဒုတိယအချက်ကတော့ နိုင်ငံခြားကုမ္ပဏီကြီးတော်တော်များများဟာ နည်းလမ်းအမျိုးမျိုးသုံးပြီး အခွန်ရှောင်နေကြခြင်းပါဘဲ။ အဓိကအားဖြင့် နိုင်ငံခြားကုမ္ပဏီကြီးတွေဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကရရှိတဲ့ အကျိုးအမြတ်ထဲက အချိုးတော်တော်များများကို အကျိုးဆောင်ခ၊ အာမခံကြေး စတဲ့စာရင်းတွေပြပြီး အခွန်မပေးဆောင်ရတဲ့ နိုင်ငံငယ်လေးတွေ (tax havens) ဖြစ်တဲ့ လူဇင်ဘာဂ် (Luxembourg)၊ ဂျာစီ (Jersey)၊ ဘာမျူဒါ (Bermuda) စတဲ့နိုင်ငံတွေမှာ သူတို့ဟန်ပြထူထောင်တဲ့ ကုမ္ပဏီတွေထံ လွဲပြောင်းစာရင်းသွင်းပြလေ့ရှိကြပါတယ်။  ဗြိတိန်နိုင်ငံ ဂါဒီယန် (The Guardian) သတင်းစာက လက်တင်အမေရိကနိုင်ငံတွေမှာ ငှက်ပျောသီး စိုက်ပျိုးထုတ်လုပ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေကို တင်ပို့နေတဲ့ နိုင်ငံစုံကုမ္ပဏီကြီး ၃ ခုရဲ့ အခွန်ရှောင်မှုကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖေါ်ထုတ်ခဲ့ပါတယ်။ စုံစမ်းတွေ့ရှိချက်အရ  ဗြိတိန်နိုင်ငံမှာ ငှက်ပျောသီး ၁ ဒေါ်လာဘိုးရောင်းရတိုင်း စိုက်ပျိုးထုတ်လုပ် တဲ့နိုင်ငံက ၁၃ ဆင့်ပဲ ရရှိပါတယ်။ အဲဒီ ၁၃ ဆင့်ထဲကမှ ၁.၅ ဆင့်က လုပ်အားခ၊ ၁၀.၅ ဆင့်က စိုက်ပျိုးစားရိတ်ဖြစ်ပြီး လက်တင်အမေရိကနိုင်ငံတွေမှာကြေငြာတဲ့ အမြတ်အနေနဲ့က ၁ ဆင့်ပဲဖြစ်ပါတယ်။ ကျန်တဲ့ ၈၇ ဆင့်ထဲမှာ ၄၇ ဆင့်က အခွန်မပေးဆောင်ရတဲ့ နိုင်ငံငယ်လေးတွေမှာရှိတဲ့ ဟန်ပြကုမ္ပဏီတွေထံ အကျိုးဆောင်ခအမျိုးမျိုးပြပြီးရောက်သွားပါတယ်။ ကုန်ပစ္စည်းရောင်းစားရိတ် (cost of sales)အနေနဲဲ့ပြတာကက ၃၉ ဆင့်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာကြေငြာတဲ့ အမြတ်ကလည်း ၁ ဆင့်ပဲဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံစုံကုမ္ပဏီကြီးတွေဟာ  ကုန်ပစ္စည်းထုတ်လုပ်တဲ့နိုင်ငံနဲ့ စားသုံးတဲ့နိုင်ငံတွေက အစိုးရတွေကို တတ်နိုင်သမျှ အခွန်မပေးရအောင် နည်းလမ်းမျိုးစုံသုံး အခွန်ရှောင်နေကြတာကို တွေ့ရပါတယ်။  

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက နိုင်ငံတွင်းက တခြားကဏ္ဍတွေကိုသွယ်ဝိုက်အကျိုးသက်ရောက်မှုတွေဖြစ်တဲ့ အလုပ်အကိုင်ဖန်တီးမှု၊ နည်းပညာနဲ့ ကျွမ်းကျင်မှု လွှဲပြောင်းရယူမှုတွေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ အကျိုးအမြတ်အများဆုံးရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုကတော့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ လုပ်ငန်းအသစ်ထူထောင်ဖို့ ဝင်ရောက်လာတဲ့ ရင်းနှီးမြုပ်နှံမှုပဲဖြစ်ပါတယ်။ ဒီလိုရင်းနှီးမြုပ်နှံမှုတွေကမှ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်မယ့် အလားအလာရှိပြီး ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေဟာ ပြည်ပဈေးကွက်အတွက်ဖြစ်ပါက လက်ရှိပြည်တွင်းလုပ်ငန်းတွေကို ထိခိုက်မယ့် အလားအလာလည်း သိပ်မရှိပါဘူး။ ၎င်းအပြင် ပြည်တွင်း အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့ ကုန်ကြမ်းပစ္စည်းနဲ့ တခြားဝန်ဆောင်မှုတွေ ထုတ်လုပ်ပေးသွင်းနိုင်မယ့် အခွင့်အလမ်းတွေကတဆင့် နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို လွှဲပြောင်းရယူနိုင်မှာဖြစ်ပါတယ်။

 မြန်မာနိုင်ငံလို သဘာဝသယံဇာတကြွယ်ဝပေမယ့် ပြည်တွင်းဈေးကွက်ကျဉ်းမြောင်းပြီး ကျွမ်းကျင်လုပ်သား မပေါများသေးတဲ့ နိုင်ငံတခုအနေနဲ့ လောလောဆယ် ဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဟာ  သဘာဝသယံဇာတတွေတူးဖေါ်ထုတ်လုပ်မယ့် လုပ်ငန်းတွေဘဲ ဖြစ်ဖို့များပါတယ်။ ဒီလိုလုပ်ငန်းတွေဟာ ရင်းနှီးငွေပမာဏလိုအပ်ချက်ကြီးမားတဲ့ စက်ကိရိယာတွေကို အဓိကအသုံးပြုရတာဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍမှာ လုပ်ငန်းအသစ်ထူထောင်ဖို့ ဝင်ရောက်လာတဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့စာရင်  အလုပ်အကိုင်သစ်တွေ သိသိသာသာဖန်တီးနိုင်တဲ့ အလားအလာ သိပ်ရှိမှာမဟုတ်ပါဘူး။  ပြည်တွင်းရှိ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက်လည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဆက်စပ်ပေါင်းစည်းလုပ်ကိုင်နိုင်မှု အခွင့်အလမ်း၊ နည်းပညာလွှဲပြောင်းရယူမှု အခွင့်အလမ်းတွေလည်း နည်းပါတယ်။ ၎င်းအပြင် သဘာဝသယံဇာတတွေတူးဖေါ်တဲ့လုပ်ငန်းတွေမှာသုံးတဲ့ နည်းပညာတွေဟာ လိုအပ်ပါက တူးဖေါ်ရေးလုပ်ငန်းသီးသန့်လုပ်ကိုင်နေတဲ့ကုမ္ပဏီတွေကို ငှားရမ်းအသုံးချနိုင်တဲ့အတွက် ကုန်ပစ္စည်းထုတ်လုပ်တဲ့နည်းပညာတွေလို သိပ်အရေးမပါလှပါဘူး။  

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်ရောက်လာဖို့ အလားအလာကောင်းတဲ့ မြန်မာနိုင်ငံရှိ တခြားကဏ္ဍတခု ကတော့ ဝန်ဆောင်မှုကဏ္ဍ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ ဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကို ပြည်တွင်းဈေးကွက်ကို ဦးတည်တဲ့ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး စတဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံ မှုတွေနဲ့ နိုင်ငံခြားခရီးသွားတွေကို ဦးတည်တဲ့ ဟော်တယ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုဆိုပြီး နှစ်မျိုးခွဲခြားနိုင် ပါတယ်။ ပထမ အမျိုးအစားအတွက် ဝင်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေက ပြည်တွင်းလုပ်ငန်းတွေနဲ့ဖက်စပ် (ဥပမာ ပြည်တွင်းကဘဏ်နဲ့ နိုင်ငံခြားဘဏ် ဖက်စပ်လုပ်ကိုင်ခြင်း၊ အစိုးရပိုင် ဆက်သွယ်ရေး လုပ်ငန်းနှင့် နိုင်ငံခြားကုမ္ပဏီဖက်စပ်လုပ်ကိုင်ခြင်း)၊ ဒါမှမဟုတ် လက်ရှိပြည်တွင်းကလုပ်ငန်းတွေကို ဝယ်ယူလုပ်ကိုင်တဲ့ ပုံစံမျိုးဖြစ်ဖို့များပါတယ်။ လက်ရှိပြည်တွင်းကလုပ်ငန်းတွေ ဝန်ဆောင်မှုပေးနေ တဲ့ ပြည်တွင်းဈေးကွက်ကိုဦးတည်တာဖြစ်တဲ့အတွက် အလုပ်အကိုင်သစ်တွေ သိသိသာသာဖန်တီးနိုင်မှု သိပ်ရှိမှာမဟုတ်ပါဘူး။ ၎င်းအပြင် နိုင်ငံခြားငွေ ရပေါက်ရလမ်း မရှိတဲ့အတွက် ပြည်ပငွေပေးငွေယူ ရှင်းတမ်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက် မှုလည်းရှိမှာမဟုတ်ပါ။  ဒါပေမယ့် နိုင်ငံခြားခရီးသွားတွေကို ဦးတည်တဲ့ ဟော်တယ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုတွေကတော့ နိုင်ငံခြားငွေရှာဖွေပေးနိုင်မယ့် အလား အလာရှိပါတယ်။ ဝန်ဆောင်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကတဆင့် နည်းပညာလွှဲပြောင်းရယူနိုင် တဲ့ အခွင့်အလမ်းရှိတဲ့အပြင်၊ ဒီနိုင်ငံခြား ဖက်စပ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ပြည်တွင်းက အလုပ်သမားတွေအနေနဲ့ ဝင်ငွေတိုးတက်လာနိုင်မယ့် အလားအလာလည်းရှိကြောင်းတင်ပြလိုက်ရ ပါတယ်။

(နောက်ဆောင်းပါးမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်မဖြစ်ဆိုတာ ဆက်လက်တင်ပြပါမယ်။)

ကိုးကား၊  
The Economist, 
Foreign Direct Investment:A Critical Perspective (Re-Define Working Paper) 
     
Creative Commons License
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.